Author's Profile Photo

Leo Nann

19/09/2024

ကိုယ့်ကိုကိုယ်မုန်းဖို့လိုတယ်

2 mins read
Life Style
Personal Development
General Knowledge
ကိုယ့်ကိုကိုယ်မုန်းဖို့လိုတယ်'s photo

"ကိုယ့်ကိုကိုယ်မုန်းဖို့လိုတယ်"ဆိုတော့
ခေါင်းစဥ်များမှားနေသလားလို့တွေးမိနိုင်ပါတယ်။

ကြောင်တောင်တောင်နိုင်တဲ့စကားလို့လည်း ထင်ကောင်းထင်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီစကားလေးရဲ့
ဆိုလိုရင်းကိုအကျယ်ချဲ့ပြီးပြောပြပေးသွားပါမယ်ရှင့်။

တစ်ခါတစ်ရံမှာ စာဖတ်သူလေးတို့ဟာ ကိုယ့်ကိုကိုယ်မုန်းဖို့လိုတယ်ဆိုတာသိပါသလား။

အမှန်က ကိုယ့်ကိုကိုယ်ချစ်ဖို့လိုတာမဟုတ်ဘူးလား။
ဒါဆိုဘာ့ကြောင့်မုန်းခိုင်းနေတာဖြစ်မလဲ။


လူတိုင်းမှာ စိတ်ကောင်းနဲ့ စိတ်ယုတ်ဆိုပြီး
နှစ်မျိုးကိန်းအောင်းနေပါတယ်။
ဒီစိတ်နှစ်မျိုးဟာ အမြဲဒွန်တွဲနေတတ်တယ်ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။
သဘာဝတရားကြီးက အရာရာတိုင်းကို
ရာနှုန်းပြည့် ပြည့်စုံမနေအောင် ဖန်တီးထားပြီးသားပါ။
စိတ်ယုတ်မရှိတဲ့လူဆိုတာ လောကမှာ
မရှိသလောက်ကိုရှားပါတယ်။
သို့‌‌ပေမဲ့ စိတ်ကိုထိန်းချုပ်နိုင်စွမ်းပေါ်မူတည်ပြီး
လူ့အရည်အသွေးတွေကွာသွားကြတာပါ။

စိတ်ယုတ်ကို ချိုးနှိမ်ထားနိုင်တဲ့သူကို လူကောင်းလို့ခေါ်ပြီး မချိုးနှိမ်ထားနိုင်တဲ့သူကိုတော့ လူယုတ်လူညံ့လို့ခေါ်ပါတယ်။


ဒီအချက်တွေက "ကိုယ့်ကိုကိုယ်မုန်းဖို့လိုတယ်"ဆိုတဲ့ အဆိုနဲ့ ဘာများပတ်သက်နေသလဲ။

လူတွေမှာအမှောင်ဘက်ခြမ်း(စိတ်ယုတ်)နဲ့ အလင်းဘက်ခြမ်း(စိတ်ကောင်း)ဆိုပြီး နှစ်ပိုင်းရှိနေတဲ့ထဲကမှ
"ကိုယ့်ကိုကိုယ့်မုန်းဖို့လိုတယ်"ဆိုတာက
ကိုယ့်စိတ်ရဲ့ အမှောင်ဘက်ခြမ်းကို မုန်းရမယ်လို့ ဆိုလိုတာပါ။

အဲ့ဒီအခြမ်းက သင့်ရဲ့ အကောင်းမြင်စိတ်မှန်သမျှကို ဖျက်စီးပစ်နေတာပါ။
၎င်းက အမှိုက်အိတ်တစ်အိတ်လိုပါပဲ။ ညစ်ပတ်တဲ့စိတ်အမှိုက်တွေ၊ ယုတ်မာစိတ်တွေ စုပြုံထည့်ထားတဲ့ လူ့စိတ်ရဲ့ မကောင်းတဲ့အခြမ်းလည်းဖြစ်ပါတယ်။

စိတ်ရဲ့အမှောင်ခြမ်းက အလင်းခြမ်းထက်များလာတဲ့အခါ
သင်ဟာ ဆုတ်ယုတ်စရာတွေကိုပဲ ချစ်မိလာပါလိမ့်မယ်။

စိတ်ယုတ်တွေကြီးစိုးလာတဲ့အခါ
ဘာတွေဖြစ်လာမလဲ။

မနာလိုတတ်လာမယ်။
စာနာစိတ်နည်းပါးလာမယ်။
ကိုယ်ချင်းစာတရားတွေပျောက်လာမယ်။
အနိုင်လိုချင်စိတ်များလာမယ်။
တန်ရာတန်ကြေးထက် မတရားရယူလိုစိတ်များလာမယ်။
လူဖျင်း၊လူညံ့၊လူယုတ်မာဖြစ်လာစေမယ်။


ဒါတွေဖြစ်လာပြီဆို သင်ကိုယ်တိုင်ကလည်း လူကောင်းမဖြစ်တော့သလို
သင့်ကို ဘယ်သူမှလည်း လေးစားကြတော့မှာမဟုတ်ပါဘူး။
"ဒီလူက လူ့ပေါက်ပန်းပါ"ဆိုတဲ့ အမြင်တွေနဲ့
ကြည့်လာကြပါလိမ့်မယ်။


ဒါကြောင့် စိတ်ယုတ်တွေ ကြီးစိုးနေတဲ့
သင့်ရဲ့အမှောင်ခြမ်းကိုမုန်းဖို့လိုတာပါ။

မုန်းနေရုံနဲ့ရော အရာအားလုံးက အဆင်ပြေသွားမှာလား။

ဖြေရှင်းမကြည့်ပဲ ဘယ်ပြဿနာကမှ
ပြေလည်သွားတာမျိုးမရှိပါဘူး။

ဒါဆိုရင်ရော ဘယ်လိုဖြေရှင်းကြမလဲ။

ကိုယ်မှာရှိနေတဲ့ စိတ်အဆိုးအညစ်တွေကို ဖျောက်ပစ်ဖို့လိုပါတယ်။
စိတ်ရဲ့မကောင်းတဲ့အပိုင်းကို ဖယ်ရှားရပါမယ်။အပြီးတိုင်မဖယ်ရှားနိုင်လျှင်တောင်
အတတ်နိုင်ဆုံးချိုးနှိမ်ထားရမှာပါ။မုန်းသင့်တဲ့အရာကိုမုန်းပြီး စွန့်လွှတ်သင့်တဲ့အရာကို စွန့်လွှတ်တတ်ရပါမယ်။


ဒါဆိုမကောင်းတဲ့စိတ်ကိုဘယ်လိုဖျောက်ပစ်ရမလဲ။

(1)အကောင်းမြင်စိတ်မွေးပါ။

အရာရာကို အပြုသဘောဆောင်တဲ့အကောင်းမြင်စိတ်နဲ့
ပြုမူနေထိုင်သင့်ပါတယ်။ဒါက သင့်စိတ်ကိုအေးချမ်းစေမှာပါ။

(2)ဝီရိယကို အလေ့အထတစ်ခုအနေနဲ့မွေးမြူပါ။

ဝီရိယရှိပြီး ကြိုးစားနေတဲ့အခါ ကိုယ့်ကိုကိုယ်ကျေနပ်မှုရှိနေပြီး အကြည်ဓာတ်တစ်မျိုးလေးရနေစေပါတယ်။
စိတ်ကလေးကြည်နေတဲ့အခါ မကောင်းတဲ့စိတ်တွေဝင်လာဖို့ ရာခိုင်နှုန်းနည်းပါတယ်။

(3)ရောင့်ရဲပါ။

စိတ်ရဲ့ မကောင်းတဲ့အခြမ်းကိုနှိုးဆွပေးနေတာက
လောဘပါပဲ။ဒါ့ကြောင့် လောဘမကြီးမိစေဖို့
ဂရုစိုက်ရပါမယ်။ကိုယ့်မှာရှိတာနဲ့ကျေနပ်တတ်အောင် သင်ယူရပါမယ်။

(4)သိမ်ငယ်မနေပါနဲ့။

သိမ်ငယ်မှုကြီးထွားလာတဲ့အခါ မနာလိုမှုက
ကပ်ပါလာတတ်ပါတယ်။မနာလိုမှုကြီးထွားလာတဲ့အခါမှာတော့
ယုတ်မာစိတ်က ကပ်ပါလာပါတော့တယ်။
"တစ်နွှယ်ငင် တစ်စင်ပါ"
ဆိုသလိုဖြစ်နေတာပါ။လူတိုင်းကပြည့်စုံနေတာမဟုတ်ပါဘူး။
သူများမှာရှိတဲ့ အရည်အချင်းက ကိုယ့်မှာမရှိလို့ ဝမ်းမနည်းပါနဲ့။ကိုယ့်မှာရှိတဲ့အရည်အသွေးက သူများတွေမှာ
မရှိနေတာလည်းဖြစ်နိုင်ပါတယ်။ဘာအတွက်ကြောင့်နဲ့မှ မသိမ်ငယ်ပါနဲ့။

ဒီအချက်တွေကို ဂရုစိုက်မယ်ဆိုရင်
သင့်စိတ်ရဲ့ အမှောင်ခြမ်းကို ဖြေဆေး ကျွေးပြီးသားဖြစ်သွားမှာပါ။

ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကိုချိုးနှိမ်ပြီး
စိတ်ရဲ့အမှောင်ဘက်ခြမ်းကို မုန်းကြပါလို့ အကြုံပြုလိုက်ပါရစေရှင့်။


စာဖတ်သူလေးတို့အတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
-------------------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်ရှင့်။

အားလုံးကိုအစဥ်လေးစားလျက်.....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း