Author's Profile Photo

ရွှေကူမေနှင်း

16/09/2024

ကျောက်ဆည်ပွဲ...

1 min read
Art
ကျောက်ဆည်ပွဲ...
's photo

ခုနှစ်သက္ကရာဇ် မမှတ်မိတာကိုတော့၊ ဒိုင်ယာရီမှတ်တမ်းရေးခြင်း အားနည်းသူမို့ ဝန်ခံပါမယ်။

တစ်ခုသေသေချာချာ ပြောချင်တာကတော့၊ ကျွန်မရဲ့ “လွမ်းသမျှ စာတင်” တဲ့ ပုဂ္ဂိုလ်တွေ၊ မြို့တွေကို ဖတ်ရသူ အချို့က “ဘယ်သူ့တော့ ရေးသင့်ကြောင်း” "ဘယ်မြို့တော့ ဘာဖြစ်လို့ မရေးသလဲ" လို့ မေးးကြပြောကြပါတယ်။ စေတနာသန့်သန့်နဲ အားပေးပြောကြားတာဖြစ်ကြောင်းသိပါတယ်။ ဒါပေမဲ့ ကျွန်မဟာ စာရေးသူတစ်ဦး မှတ်တမ်းရေးသူတစ်ဦး အနေနဲ့ “ထူးခြား” တာကိုပဲ ရေးရမယ်လို့ ခံယူထားပါတယ်။ ဘယ်မြို့ကို သွားတယ်။ ဘယ်သူတွေပါတယ်။ ပြောကြဟောကြတယ်။ ပြီးတော့ပြန်ခဲ့တယ်.. ဆိုတာလောက်က၊ ဘယ်မှာစိတ်ဝင်စားစရာ ရှိပါ့မလဲ။ စိတ်ဝင်စားစရာ မဟုတ်တဲ့အတွက် ဘာအကျိုးမှဘည်း ရှိမှာ မဟုတ်ပါဘူး။ ကိုယ်ရေးတဲ့စာဟာ တစ်စုံတရာ ထူးခြားမှုရှိမှသာ အကျိုးဖြစ်မယ်လို့ ကျွန်မ ယူဆပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း တွေ့ခဲ့ ကြုံခဲ့ တာတွေ အားလုံးကို ရေးဖို့မလိုပါ။ မရေးပါ။ ထူးခြားတဲ့ ဖြစ်ရပ်ရှိမှသာ ရေးဖို့ဖြစ်ပါတယ်။ တစ်ခုကြိုတင်ပြောချင်တာက ရေးသမျှထဲမှာ မမှန်ကန်တာ၊ လုပ်ကြံဖန်တီးတာ တစ်ခုမှ မပါပါဘူး ဆိုတာပါပဲ။ ဒါဟာ ကျွန်မရဲ့ စာပေသစ္စာပါ။ကျောက်ဆည်က ထူးခြားသလား။

ဟုတ်ကဲ့။ ထူးခြားခဲ့ပါတယ်။

ကျောက်ဆည်ပွဲကို အတူသွားခဲ့တဲ့ ဆရာကျော်မြသန်း၊ ဆရာ အီကြာကွေးတို့ မရှိတော့ပေမဲ့၊ ဆရာလယ်တွင်းသားစောချစ် သက်ရှိထင်ရှား ရှိနေဆဲမို့၊ သူ့ကို မေးကြည့်
နိုင်ပါတယ်။ကျောက်ဆည်.. ဆိုတာ၊ မန္တလေးနားမှာရှိတဲ့ မြို့လေးပါ။ မီးရထားနဲ့ ရန်ကုန်မှ မန္တလေး သွားရင်း ကျောက်ဆည်ဘူတာကို ဖြတ်တာနဲ့ (ရထားမရပ်) ဆင်းရမယ့်ဘူတာ နီးပြီဆိုပြီး ပစ္စည်းစသိမ်းလေ့ ရှိကြပါတယ်။ အပေါ်ထပ်စင်တွေပေါ်မှာ တင်ထားတဲ့ အထုပ်တွေ၊ ထိုင်ခုန်အောက်ထိုးထည့် ထားတဲ့ဟာတွေ၊ မေ့ကျန်ခြင်း မရှိအောင် စစ်ကြရမြဲပါ။ မကြာခင် ခရီးဆုံး မန္တလေးဘူတာကို ဝင်တော့မှာမို့ပါ။ ကားနဲ့ဆိုရင်တေ့ ကျောက်ဆည်နဲ့မန္တလေးကို မိနစ် (၃၀)ကျော် မောင်းရတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ကျောက်ဆည်ဆိုတာ အဲ့သလို အမြန်ရထားမရပ်တဲ့ မြို့သေးသေးလေးပါပဲ။ မြန်မာစာပေလောကမှာတော့ ကျောက်ဆည် နယ်သား စာရေးဆရာတွေ အထင်အရှား ရှိခဲ့တယ်။ အထင်ရှားဆုံးကတော့ "လယ်တွင်းသားစောချစ်” ဖြစ်ပါတယ်။

သူ့ကလောင်နာမည်ကိုတောင် လယ်တွင်း ၉ ခရိုင်နယ်သားလို့ ဂုဏ်ပြုပြီး “လယ်တွင်းသား” လို့မှည့် ခဲ့တာပါ။ ဒါပေမဲ့ တချို့နယ်လေးတွေမှာ စာပေမကျွမ်းတဲ့ကလေးတွေ၊ သူ့ကိုယ်ရေးအကျဉ်းဖတ်တဲ့အခါ “တောတွင်းသား” လို့ ဖတ်ကြဖူးပါရဲ့။ သူကလဲ ရယ်ရယ်မောမောနဲ့ ရှင်းလင်းရှာပါတယ်။အဲ့ဒီနယ်ကို ဟောပြောပွဲသွားခဲ့ရတာကိုကပင်၊ လယ်တွင်းသားစောချစ်ရဲ့ ဖိတ်ကြားမှု အရပါ။ သူက ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းမှာ ဆရာလုပ်ခဲ့တာမို့၊ တစ်ပြည်လုံးမှာ တပည့်တွေရှိနေတယ်။ စာပေစိစစ်ရေးရုံးမှာလည်း ညွှန်မှူးဖြစ်ပြန်တော့၊ စာပေမိတ်ဆွေ ပိုများလာတယ်။ ဒီအခါ သူ့မြို့လေးကိုလာ်း နှစ်စဉ် စာပေပွဲ ဖြစ်အောင်ဦးဆောင်ခဲ့တယ်။ နယ်က လူတွေကလည်း သူ့ကို ဦးဆောင်ဖို့ အပ်နှင်းလေ့ရှိကြပြန်ပါတယ်။အဲ့ဒီကာလရဲ့ နှစ်တစ်နှစ်။

၈၈.. မတိုင်ခင်လို့ ပြောရပါမယ်။

ဆရာလယ်တွင်းသားစောချစ် ရယ်၊ ဆရာကျော်မြသန်း ရယ်၊ ဆရာ အီကြာကွေးရယ်၊ ကျွန်မရယ်.. ကျောက်ဆည်ပွဲသွဦးကြတယ်။ အဲဒီကာလ ထုံးစံပွဲတွေကို နှံ့ပျံ့အောင် လုပ်ကြတဲ့အတိုင်း၊ ကျောက်ဆည်ဆိုပေမဲ့.. မြစ်ငယ်ပါတယ်။ မြစိသားပါတယ်။ ပြီးတော့ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံပါ ပါတယ်။ အဲဒီကာလရဲ့ “ပါတီ၊ ကောင်စီ” ဟာ စာပေဟောပြောပွဲတွေကို အားပေးရုံမက၊ လမ်းညွှန်ခဲ့တာပါ။ကျောက်ဆည်မှာ ထုံးစံအတိုင်း မြို့နယ်ဧည့်ဂေဟာမှာ စာရေးဆရာတွေကို နေရာချပါတယ်။ အစိုးရဧည့်သယ် အဖြစ်ဆိုပါစို့။ ဒါ့အပြင် အဲဒီကာလရဲ့ တောင်းဆိုမှုက.. အလုပ်သမား အခြေခံလူတန်းစားများရဲ့ဘဝကို ရှုမြင်ခံစားပြီးရေးဖွဲ့နိုင်ဖို့ ဖြစ်တာမို့ "လေ့လာရေး" ကိုလည်း လုပ်ကြရပါတယ်။ မြို့ခံတွေက စီစဉ်ပို့ဆောင်ကြပါတယ်။

ကျောက်ဆည်မှာ၊ အိမ်ရှင်စာရေးဆရာကိုယ်တိုင်ပါနေလေတော့၊ ဆရာလယ်တွင်းသား ပဲဦးဆောင် ပို့ပေးတာမှာ ပထမဆုံး “ကျောက်ဆည်တောင်” ကို ကားနဲ့တက်ပြီး ဘုရားဖူးကြရပါတယ်။ ပြန်ဆင်းတဲ့အခါ “နတ်ကွန်း” တစ်ခုရှေ့ဖြစ်ရတာဘား၊ ကြုံရတာလား မသိပါ။ အဲဒီနတ်ကွန်းနားမှာ ကားကိုရပ်တယ်။ ကိုစောချစ်ဆိုတာ အင်မတန်ယဉ်ကျေးသူမို့.. ဒါလုပ်၊ ဟိုဟာမလုပ်နဲ့ လို့ ပြောလေ့မရှိပါဘူး။ နတ်ကွန်းနား ကားပေါ်က ဆင်းရင်း “ဆင်းချင်ရင် ဆင်းနိုင်တယ်” လို့ ဆိုပါတယ်။ ဆင်းပြီးနတ်ကွန်းကို ရှိခိုးခိုင်းခြင်း မဟုတ်ပါ။ဆရာတွေက ဆင်းကြတယ်။ ယုံကြည်တာလား၊ စပ်စုတာလား၊ အားနာတာလား မသိ။ ဆင်းပြီး အရိုအသေပေးကြတာ ဖြစ်ပါလိမ့်မယ်။
ကျွန်မလား..။
ကျွန်မက.. ဂျစ်ကန်ကန်၊ ခေါင်းမာသူ။ (ငယ်လည်း ငယ်သေးတာကိုး)ကားပေါ်မှာနေရစ်ချင်ရင်၊ ငြိမ်ငြိမ်လေး ဘာမှ မပြောဘဲ နေလို့ ဖြစ်လျက်နဲ့.. “စိတ်မဝင်စားဘူး” လို့ ပြောချလိုက်ပါတယ်။

ဒါ..ကျွန်မသဘောထားအမှန်ပါပဲ။ ရှေးတုန်းက ကျောက်ဆည်ရဲ့ ဆည်တော်ကြီးကို တည်ဆောက်ရာမှာ၊ အောင်မြင်မှုမရဖြစ်နေတုန်း တနင်္ဂနွေသားသမီးကို “စတေး” ရမယ်ဖြစ်ရော။ ဖြစ်ချင်တော့ မအောင်ဖြူဆိုတဲ့ အမျိုးသမီးလေးက ဖျာလိပ်ရွက်ပြီး (ထင်တယ်၊ မှားရင်ခွင့်လွှတ်ပါ) ဖြတ်လျှောက်လာတော့၊ ဖမ်းပြီး “စတေး” လိုက်တယ်။ အဲဒီကနေ “မအောင်ဖြူနတ်” ဖြစ်သွားတယ်ဆိုတဲ့ သမိုင်းရုပ်ရှင်ကားကို လူတိုင်းသိကြသားပဲ။ကျွန်မက အဲ့တာကို ဒဏ္ဍာရီလို့ပဲ မှတ်ထားခဲ့ရာက၊ အခု ထိုတဲ တိုက်တိုက်ဆိုင်ဆိုင်.. မအောင်ဖြူနတ်နန်းရှေ့ရောက်တာကို၊ ဆင်းပြီး ဂါရဝမပြုနိုင်။ အသိအမှတ် မပြုနိင်ဘူးလေ။ စိတ်မဝင်စားဘူးလို့တောင် ပြောလိုက်သေးတယ်။ဒါကို ဆရာတွေကလည်း အမှတ်တမဲ့ပါပဲ။အဲ.. အမှတ်တမဲ့ မလုပ်နိုင်တာကတော့ ည “ပွဲ” ကျမှပါ။

တည်းခိုဆောင်က ဆင်းပြီး ပွဲလုပ်မယ့် ခန်းမကို သွားဖို့၊ ကားပေါ်အတက်မှာ၊ ကျွန်မ ကြက်သီးဖျန်းဖျန်း ထသွားတာကို၊ သတိထားမိပါရဲ့။ ဘာမှန်းမသိဘူး။ ထုံးစံအတိုင်း ခရီးစရင် သရဏံဂုဏ်ရွတ်တာတော့ ရွတ်လိုက်တယ်။ပွဲစပြီ..။

ကိုစောချစ် စဟောတယ်။ဆရာကျော်မြသန်း ဟောတယ်။အီကြာကွေးက နောက်ဆုံး။ ကျွန်မက တတိယ။စင်ပေါ်တက်ဖို့၊ ထိုင်ရာဆက်တီက ထလိုက်တဲ့အခါမှာ ကျွန်မလုံချည် လျော့ရဲရဲ ဖြစ်နေတာ သိလိုက်တယ်။ ဝတ်ထားတာက အမေ့ထဘီပါ။ ဇင်းမယ်ပိုး။ ပေါ့ပေါ့ပါးပါးလေး။ အဲ့ဒီထဘီက လျော့နေတာ သတိထားမိပေမဲ့၊ ပြင်ဝတ်ဖို့ စိတ်မကူးဘူး။ လူတောထဲဖြစ်နေတာ မို့လို့ပေါ့လေ။ဒါနဲ့ပဲ စင်ပေါ်ရောက်တယ်။စကားစပြောတယ်။ နိဒါန်းချီတယ်။လုံချည်က “စွန်တောင်ဆွဲ” နေတာ ကိုယ့်ဟာကိုယ် သိနေတယ်။ ပြင်ဖို့လည်းခက်။ စိတ်ထဲ စနိုးစနောင့်။တိုတိုပြောရရင်..လုံးဝ.. အစီအစဉ်အတိုင်းပြောလို့ မရတော့ဘူး။

တစ်ခုခုပြောဖို့ တွေးလိုက်တိုင်း၊ မေ့သွားတယ်။ ဘာဆက်ပြောရမှန်း မသိဘူး။ခါတိုင်းလို.. ဟောပြောခွင်တွေ ဆင်လို့မရတော့ဘူး။ဘာပြောရမှန်းမသိဖြစ်နေတာ၊ ကိုယ့်ဘာသာ သိလာရင်း ငိုချင်နေတယ်။ပရိတ်သတ်တွေကို ကြည့်တော့လည်း.. စိတ်မပါသလို။ အီကြာတွေးက ခေါင်းငုံ့နေတယ်။လူဟာ.. အားငယ်လာတယ်။ ငိုပဲငိုချင်နေတယ်။ဘာမှ ဆက်မပြောနိုင်ဘူး။နောက်ဆုံး စကားရပ်ပြီး ဆင်းခဲ့တော့တယ်။ဒါ.. ဘာလဲ..။ကျွန်မ နားမလည်ပါ။
ပွဲပြီးတော့ ထုံးစံအတိုင်း ဧည့်ဂေဟာမှာ စားကြသောက်ကြ စမြုံ့ပြန်ကြတော့၊ ကျွန်မက အခန်းထဲဝင်ပြီး အိပ်တယ်။အိပ်ရာထဲကနေ သူတို့ပြောတာတွေ ကြားနေရပုံက..

ဆရာကျော်မြသန်းအသံ = တို့ဆရာမကွာ၊ ဘာဖြစ်မှန်း မသိဘူး၊ သူပြောနေကျ တစ်ကျပ်မှာ၊ ဒီနေ့ တစ်မတ်ပဲ ရတယ်။

ဆရာစောချစ်အသံ = ကျွန်တော့်အစ်မ၊ ကျွန်တော့်မြို့မှာမှ ဖြစ်ရလေဆရာအီကြာကွေးအသံ = ငါလည်း စိတ်မကောင်းဘူး။ သူ့ကို လှမ်းကြည့်တော့ ထဘီ စွန်တောင်ဆွဲ နဲ့၊ သူ့မျက်နှာမှာလည်း သူမဟုတ်ဘဲ အဘွားကြီးအို တစယောက်မျက်နှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့၊ငါ ခေါင်းငုံ့ပြီးတော့ ပဲ နေနေရတယ်။အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ဘာကြောင့်လဲ။အဖြေတော့ မသိပါဘူး။

ဟောပြောပွဲတွေတိုင်း ဇယ်ဆက်သလို.. ဟောဟောဒိုင်းဒိုင်း ပြောခဲ့သမျှ.. အခုလို.. ဘာပြောရမှန်းမသိ။ ငိုချင်နေတာ၊ ဆင်းပြန်ခဲ့ရတာ၊ ဒီတစ်ခါတည်းပါ။ဒီတော့.. ကျောက်ဆည်ကို.. မမေ့နိုင်ဘူး။

အကြွေးဆပ်ချင်နေပါသေးတယ်။

၁/၆/၂၀၂၄


Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့