Author's Profile Photo

Kavi

11/09/2024

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ

3 mins read
Novel
Fiction
Creative

ကျွန်မရဲ့လက်က နောက်၂ပတ်လာကြာတော့ တဖြည်းဖြည်း သက်သာလာပါပြီ။ မေမေအဝတ်ချုပ်တာတွေကို ကူပေးရင်း ဘာလိုလိုနဲ့ ကျွန်မရဲ့ မွေးနေ့တောင် ရောက်တော့မယ်။ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးတွေကြောင့်လည်း အထက်လူမျိုးတွေက ကျွန်မတို့အပေါ်မှာ ပိုပြီး တင်းကျပ်လာကြတယ်။ မေမေက အဝတ်ချုပ်၊ ဖေဖေက ပစ္စည်း အတိုအစလေးတွေ ပြင်ပေးရင်း ရတဲ့ငွေလေးတွေနဲ့ ကျွန်မတို့ မိသားစုသုံးယောက်တောင် စားဖို့အနိုင်နိုင် ဖြစ်လာပြီ။ အခြေလူမျိုးတွေအတွက်တော့ သိပ်ပြီး မထူးမခြားနားပါဘူးလေ။

ပုစွန်ဆီရောင် သန်းနေတဲ့ ကောင်းကင်ကြီးက သိပ်ကိုလှတာပဲ။ အိမ်လေးတွေ ကျပ်ညှပ်နေတဲ့ ရပ်ကွက်ကနေ ထွက်လာပြီး နည်းနည်းလောက် လမ်းပိုလျှောက်လိုက်ရင် မြင်ရတာ သိပ်ပြီးမဆိုးလှတဲ့ နေရာတစ်နေရာ ရောက်ပြီလေ။ အရင်က ဒီနေရာမှာ အဓိကအိမ်တော်တစ်ခုရဲ့ သခင်က အပန်းဖြေဖို့ စီမံခဲ့တာဆိုပဲ။ စီမံကိန်းကို တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတယ် တူပါတယ်။ ခဏလောက် အတွေးနယ်ချဲ့ချင်ပေမယ့် နေမဝင်ခင် အိမ်ကိုပြန်ရမယ်။

လမ်းလေးထဲမှာတော့ အလုပ်ဆင်းလာတဲ့ လူတွေအပြည့်ပဲ။ ထုံးစံအတိုင်း လမ်းထိန်းရဲတွေလည်း လမ်းဆုံလေးခွတွေမှာ စောင့်လို့။ အရင်ကတော့ သူတို့ ဒီလောက်ကြီးထိ အချိန်အကြာကြီး အခြေတွေရဲ့ နေရာမှာ နေလေ့မရှိပါဘူး။ တော်လှန်ရေးကြောင့်သာ ပိုပြီး ကျပ်လာတာ။

အစွမ်းမရှိတဲ့ အခြေလူမျိုးတွေက အစွမ်းရှိတဲ့ အထက်လူမျိုးတွေကို တော်လှန်မယ်တဲ့။ ဒါကို ရူးသွပ်ခြင်းလို့ ပြောရင်လည်း မမှားဘူး။ ဒီလောက် နှစ်ပေါင်းများစွာ အဖိနှိပ်ခံလာရတာ။ မရူးဘူးပြောတာကမှ ရူးရာကျအုံးမယ်။ ဒါတွေက ကျွန်မနဲ့တော့ သိပ်ပြီး မသက်ဆိုင်ပါဘူးလေ။

ဆေးတွေကွာကျနေတဲ့ ကျွန်မတို့ရဲ့ အိမ်လေး။ မိသားစု ညစာစားရင် ထွန်းတဲ့ အိမ်ဦးခန်းထဲက မီးတောင်မှိန်နေပြီ။ ဘတ်ထရီအသစ် လဲရတော့မယ်ထင်ပါတယ်။ ကျွန်မသာ အလုပ်ရခဲ့ရင် ဒီ့ထက်တော့ ပိုချောင်လည်မယ် ထင်ပါရဲ့။

"သမီး ညစာစားတော့လေ။" အိပ်ခန်းထဲက ထွက်လာရင်း ပြောလိုက်တဲ့ မေမေ့အသံ။ တရွှီရွှီမြည်သံကို ကြားနေရပုံထောက်ရင် ဖေဖေတော့ အိပ်ပျော်နေပြီထင်တယ်။ ဖေဖေက အဆုတ်မကောင်းတာကြောင့် အသက်ရှုရတာ အခက်အခဲရှိတယ်လေ။ မေမေတော့ ဒီအသံတွေနဲ့ ညမှာ ဘယ်လိုများအိပ်လဲ မသိပါဘူး။

ကလီစာဟင်း? ကလီစာဆိုပေမယ့် အသားစားဖို့ မတက်နိုင်တဲ့ ကျွန်မတို့အတွက် ဒါက ဟင်းကောင်းပဲလေ။ ဒီနေ့ညရဲ့ ညစာက အရင်ကထပ်ပိုပြီး ထည်ဝါနေတယ် ပြောရမယ်။ "မေမေ အလုပ်က အပိုငွေလေးဘာလေးများ ရလာတာလား။"

"ဟုတ်တယ်။ အပိုငွေရတုန်းလေး ငါ့သမီးနဲ့ ငါ့လင် ကောင်းကောင်း စားရအောင်လို့လေ။" ဟုတ်ပါတယ်။ တစ်ခါတစ်လေလေး ကောင်းကောင်းစားရတာပဲ။ မေးခွန်းတွေထပ် မမေးတော့ဘူး။ စားလိုက်တာ သစ်သားခွက်ကိုတောင် ဆေးစရာမလိုဘူး။ ပြောင်ရှင်းသွားတာပဲ။ ပြီးရင် အိပ်ရတော့မယ်လေ။ အိမ်ဦးခန်းက မီးမှိန်မှိန်ကို ပိတ်ပြီး အပေါ်ထပ်က ကျွန်မရဲ့ အိပ်ခန်းကို တစ်ချိုးတည်း သွားတော့မယ်။

နောက်နှစ်ရက်လောက် နေတော့ အိမ်ကို သတိပေးစာ တစ်စောင်ရောက်လာတယ်။ ကျွန်မ စစ်ထဲဝင်ဖို့ ၃ ရက်ပဲ လိုတော့တဲ့ အကြောင်းလေ။ အသက် ၁၈နှစ်ပြည့် မွေးနေ့ရောက်ဖို့ ၃ ရက်ပဲ လိုတော့တာပဲ။ စာရောက်လာတာနဲ့ မေမေ့မျက်နှာက တော်တော်လေး ညှိုးငယ်သွားရှာတယ်။ ဖေဖေကတော့ စိတ်ကိုတင်းထားတယ်။

"ကဲ... မေမေတို့ရေ သမီး အဆင်ပြေပါတယ်။ အသက်ရှင်လျက် ပြန်လာခဲ့မယ်လို့ သမီးကတိပေးတယ်။" ဒါဟာ တည်နိုင်မလား မတည်နိုင်မလား မသေချာပါဘူး။ ဒါပေမယ့် အခုချိန်မှာ ကျွန်မပြောနိုင်တာ ဒါပဲရှိတယ်လေ။

"ဖေဖေတို့ သမီးက သန်မာတာ သိပါတယ်။ ဒါပေမယ့် သမီးရယ် စစ်မြေပြင် ဆိုတာကို ပေါ့ပေါ့လေး မတွေးစေချင်ဘူး။ သမီးသွားရမယ့် မြို့ကဘယ်မြို့ဆိုတာကိုလည်း မသိရသေးဘူး။ စံဒြပ်မြို့ကို ငါ့သမီးလေး မသွားရပါစေနဲ့။"

စံဒြပ်ဆိုတာ ဖေဖေ နောက်ဆုံး တာဝန်ကျခဲ့တဲ့ မြို့လေ။ ဖေဖေ့ရဲ့ လက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ မြို့ဆိုလည်း မမှားဘူး။ သုံးရက်ဆိုတဲ့ ခဏတာဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ ကျွန်မရဲ့ ၁၈နှစ်ပြည့် မွေးနေ့က ကျွန်မအတွက်တော့ သေရွာသွားရတဲ့ နေ့တစ်နေ့လိုပါပဲ။

"ဖေဖေနဲ့ မေမေရေ သမီးသွားတော့မယ်နော်။ စိတ်ချပါ။ သမီးပြန်လာမှာပါ။ ပြန်လာမှ မေမေ့လက်ရာတွေ တစ်ဝကြီး စားရမယ်။ ပြီးတော့လေ သမီးမရှိတုန်း နှစ်ယောက်လုံး ကျန်းမာရေး ဂရုစိုက်ကြနော်။ အထူးသဖြင့်ဖေဖေ။ အစကတည်းက အဆုတ်သိပ်မကောင်းတာ အအေးမမိစေနဲ့။"

ဖေဖေကတော့ ခေါင်းညိမ့်ရှာတယ်။ မေမေကတော့ ဟန်တောင်မဆောင်နိုင်ဘဲ ညစ်စုတ်စုတ် အဝတ်စမှာ ခေါင်းအပ်ပြီး တရှုံ့ရှုံ့ ငိုနေရှာလေရဲ့။ ကျွန်မကိုလာခေါ်တာ တွေ့နေကြ လမ်းထိန်းရဲ တစ်ယောက်လေ။ ကျွန်မအိမ်ကထွက်လာတော့ နောက်ပြန်လှည့်မကြည့်ခဲ့ပါဘူး။ တကယ်လို့ လှည့်ကြည့်ခဲ့ရင်လည်း ကျွန်မစိတ်ထိန်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေကို ခွဲခွာပြီး ငရဲလို စစ်မြေပြင်ကို ဘယ်သူကများ သွားချင်မှာလဲ။

လမ်းပေါ်က လူတွေကို ရှောင်ရင်းတိမ်းရင်း လမ်းထိန်းရဲ နောက်ကိုပဲ ဆိတ်ဆိတ်လေး လိုက်သွားရုံကလွဲရင် လုပ်စရာအခြား မရှိခဲ့ပါဘူး။ တစ်ဖက်တစ်ချက်စီမှာ လေးထောင့်ပေါက် သုံးပေါက်နဲ့ မျက်လုံး နှစ်လုံးပါတဲ့ ဒီအရာက ကြားပဲကြာဖူးခဲ့တဲ့ ကားဆိုတဲ့ အရာများလား။ တံခါးပေါက် ဖြစ်နိုင်လောက်မယ့် တစ်ခုခုကို လမ်းထိန်းရဲက ဝုနခနဲ ဆွဲဖွင့်ပြီး အထဲဝင်ဖို့ ပြောတယ်။ အထဲက ထိုင်စရာတွေကလည်း ကျွန်မတို့ အိမ်က ထိုင်စရာခုံတွေထက် နည်းနည်းပဲ ပိုကြည့်ကောင်းရုံပဲ ရှိတာပါ။ ကားဆိုလို့ ထူးထူးဆန်းဆန်းမှတ်တယ်။ ဘာမှလည်း မဟုတ်ပါလား။ ဟုတ်တာပဲ။ ဒီမှာ ပါလာတဲ့ သူတွေက အခြေလူမျိုးတွေချည်းပဲ။ အထက်လူမျိုးတွေ အတွက်တော့ ကောင်းပေ့တွေပဲ ဖြစ်မှာပေါ့။

"ဒီနေ့ စစ်ထဲဝင်ရမှာလား။" ကျွန်မရဲ့ သိချင်စိတ်ကို ထိန်းမရတော့လို့ ဘေးနားမှာ ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကို မေးလိုက်တယ်။ တကယ်လို့ ဒီနေ့မှာသာ စစ်ထဲဝင်ရတာဆိုရင် ကျွန်မနဲ့ သူက မွေးနေ့တူတယ် ဆိုတဲ့ သဘောပေါ့။ သူက ခေါင်းခါပြတယ်လေ။ "စက်မှုဇုန်ကနေ ထွက်ပြေးလာလို့..."

စက်မှုဇုန်၊ စက်မှုဇုန်ဆိုတာ နဝရတနအတွက် ပစ္စည်းအဆန်းတွေ အများအပြား ထုတ်ပေးရာနေရာပေါ့။ နဝရတနရဲ့ လက်နက်တွေ၊ ကားတွေ၊ တိုက်လေယာဉ်ဆိုတာတွေ၊ လှုပ်လှုပ်ရွရွရုပ်ပုံတွေ ပေါ်တဲ့ ဘုတ်ပြား ဆိုတာတွေ အစုံထုတ်ပေးနေတဲ့ နေရာလေ။ အဲ့မှာ အလုပ်လုပ်နေတာလည်း ကျွန်မတို့လို အခြေလူမျိုးတွေပါပဲ။ တစ်ခုရှိတာက သူတို့က ကျွန်မတို့ထက်တော့ ဉာဏ်ရည်မြင့်ကြတယ်လေ။ စက်မှုလုပ်သားတွေက စစ်မှုထမ်းစရာလည်း မလိုဘူးလို့ ကြားဖူးတယ်။ စားစရာ၊ သောက်စရာ အတွက် ပူပင်စရာ သိပ်မရှိတဲ့ သူတို့လိုလူက ဘာကြောင့်များ ထွက်ပြေးရတာပါလိမ့်။ ဟုတ်တာပဲ။ သူတို့က ကျွန်မတို့လို အခြေလူမျိုးတွေပဲ။ သူတို့လည်း ဖိနှိပ်ခံရမှာပေါ့။

ဆူညံလှတဲ့ ပတ်ဝန်းကျင်ကို တရွေ့ရွေ့ ဖြတ်သွားရင်း ကားက အဆောက်အအုံ တစ်ခုရှေ့မှာ ထိုးရပ်လိုက်တယ်။ စောနက လမ်းထိန်းရဲက တံခါးကို စောင့်ဖွင့်ပြီး ကျွန်မတို့ အားလုံးကို အဆောက်အအုံထဲ ဝင်ဖို့ ပြောတယ်လေ။ အဆောက်အအုံတံခါးရဲ့ အပေါ်မှာ စာတွေတော့ ရေးထားတယ်။ စာမဖတ်တာ ကြာတဲ့ ကျွန်မအတွက်တော့ ဘာရေးထားလဲဆိုတာ နားလည်ဖို့ တော်တော်လေး အချိန်ယူလိုက်ရတယ်။ ရေးထားတာက 'အထွေထွေ စီမံရေးရာ' တဲ့။ ဒီမှာ ကျွန်မ ဘယ်မြို့မှာ တာဝန်ကျလဲ သိရမှာပေါ့။

အထဲမှာ တွေ့ရတာက .... အခြေလူမျိုးတွေ၊ အခြေလူမျိုးတွေက အရာရှိတွေ ဖြစ်နေတာလား။ အခြေလူမျိုးနဲ့ အထက်လူမျိုးကို ခွဲခြားဖို့က မခက်ပါဘူး။ သူတို့ ဝတ်ထားတဲ့ အဝတ်တွေကို ကြည့်ရုံနဲ့ သိနိုင်တယ်လေ။ ကျွန်မတို့တွေက အရောင်အဆင်းရှိတဲ့ အဝတ်တွေကို ဝတ်ခွင့် မရှိဘူး။ ဒီအဆောက်အအုံကလည်း ကျွန်မတို့လိုပါပဲ။ အရောင်အဆင်းမရှိဘူး။ အခြေလူမျိုးတစ်ယောက်က ကျွန်မကို တစ်နေရာကို သွားဖို့ပြောတယ်။ အဲ့နေရာမှာ ကျွန်မတာဝန်ကျတဲ့ မြို့ကို သိရမယ့် ပုံပဲ။

နံရံမှာ ကပ်ထားတဲ့ စာရွက်တွေထဲက ကျွန်မရဲ့ နာမည်ကို ရှာကြည့်လိုက်တော့ ... ကျွန်မက ဗိုလ်မှူး လင်းရောင်ဖြူဆိုတဲ့ သူရဲ့ တပ်ခွဲမှာ တာဝန်ကျတာပဲ။ မြို့က ... စံဒြပ်တဲ့။ လတ်ရှိမှာ အခြေအနေတွေ အပြင်းထန်ဆုံး ရှေ့တန်းမြို့တစ်မြို့။

ကျွန်မက တကယ်ကို ကံဆိုးသူပါပဲလား...

Kavi(ကဝိ)

Keep Reading

ပါရီကျဆုံးခန်းအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့ကာရာမာဇော့ညီအစ်ကိုများမာယာဘုံတောင်ပံမဲ့သင်းကွဲတေးဆိုငှက်တက်ဘုန်းကြီးပင်လယ်ဝံပုလွေ𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚မြန်မာပြည်မြောက်ပိုင်းအစောပိုင်းဝတ္ထုတိုများ