ရိန်ဇော်
လူကြီးလား၊ လူငယ်လား၊ ငါတို့က ဘယ်သူတွေလဲ
သို့မဟုတ် မျိုးဆက်ကွာဟမှု
ကမ္ဘာပေါ်မှာ သက်ရှိနေထိုင်နေဆဲ လူသားတွေကို မျိုးဆက် ၇ခု ခွဲခြားနိုင်ပါတယ်။
၁၊ ၁၉၀၁ မှ ၁၉၂၇ထိ the Greatest Generation
၂၊ ၁၉၂၈ မှ ၁၉၄၅ထိ the Silent Generation
၃၊ ၁၉၄၆ မှ ၁၉၆၄ထိ Baby Boomers
၄၊ ၁၉၆၅ မှ ၁၉၈၀ထိ Generation X
၅၊ ၁၉၈၁ မှ ၁၉၉၅ထိ Millenials
၆၊ ၁၉၉၆ မှ ၂၀၁၀ထိ Generation Z
၇၊ ၂၀၁၁ မှ ၂၀၂၅ထိ Generation alpha
မျိုးဆက်မတူရင် အတွေးအခေါ်၊ အယူအဆ၊ အမြင်၊ ယုံကြည်မှု၊ တန်ဖိုးထားရာတွေလည်း ကွဲပြားနေတတ်ပါတယ်။ နံပတ်၁ နဲ့ ၂မျိုးဆက်များဟာ အသက်အရွယ်ကြောင့် နည်းလာသလို၊ နံပတ်၇ အယ်ဖာမျိုးဆက်ဟာလည်း ခုအချိန် ကလေးငယ်လေးများအရွယ်သာ ရှိပါဦးမယ်။ ၃၊ ၄၊ ၅၊ ၆ မျိုးဆက်တွေကတော့ လူဦးရေအားလုံးရဲ့ ၂၀ရာခိုင်နှုန်းစီနဲ့ ခုခေတ်ကာလကို စိုးမိုးနေသူများလို့ ဆိုရပါမယ်။
နံပတ် ၃ Baby Boomers များဟာ ဒုတိယကမ္ဘာစစ်အပြီး အများအပြားမွေးလာတဲ့ ကလေးငယ်များဖြစ်သလို စစ်အေးခေတ်ကို ဖြတ်သန်းလာရသူများဖြစ်တယ်လို့ ဆိုတယ်။ အိမ်ထောင်ကွဲနှုန်း မြင့်မားကြတယ်။
နံပတ် ၄ Generation X များကတော့ မိဘရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု သိပ်မရခဲ့တဲ့ မျိုးဆက်၊ ဂီတမျိုးခွဲများစွာနဲ့ အတူ ရှင်သန်ခဲ့တဲ့မျိုးဆက်လို့ ဆိုကြပြန်တယ်။ အလုပ်နဲ့ ဘဝမျှတလို့ ပျော်ရတဲ့ မျိုးဆက်လို့လဲ သတ်မှတ်ကြပြန်တယ်။
နံပတ် ၅ Millenials ကတော့ သူတို့ အရွယ်ရောက်ချိန်မှာ သက္ကရာဇ် ၂၀၀၀ ပြည့်နဲ့ တိုက်ဆိုင်တာမို့ Millenials လို့ ခေါ်ကြပါတယ်။ Generation Y လို့လည်း လူသိများတယ်။ ထူးခြားချက်ကတော့ နည်းပညာဖွံ့ဖြိုးတိုးတက်လာတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့တဲ့လူတွေဖြစ်သလို နည်းပညာကိုလည်း အသုံးချနိုင်ကြပါတယ်။
နံပတ်၆ ဂျန်ဇီတွေကတော့ မွေးစကတည်းက နည်းပညာနဲ့ ရင်နှီးခဲ့ကျသလို ကျွမ်းကျင်ကြပါတယ်။ ပူးပေါင်းလုပ်ဆောင်မှုစွမ်းရည် မြင့်မားသလို၊ မိမိစွမ်းဆောင်ရည်အပေါ် ယုံကြည်ကြတယ်။ ပုံမှန်သီအိုရီဘောင်အတွင်းမှ စဉ်းစားမှုများထက် လက်တွေ့ကျကျ စဉ်းစားလုပ်ဆောင်ကြလေ့ရှိတယ်။
မျိုးဆက်ကွာဟမှုများနဲ့အတူပါလာတတ်တာက တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်ခြင်းပဲ ဖြစ်ပါတယ်။
လူကြီးနဲ့ လူငယ်ကြားမှာ ပဋိပက္ခများ ရှိတတ်ကြပါတယ်။ လူကြီးတွေက လူငယ်တွေကို သူတို့ပြောစကား နာခံမည့် သက်ရှိလေးတွေလို့ မြင်တတ်ကြပါတယ်။ မကောင်းတာ မဖြစ်စေချင်လို့ တားတဲ့ သဘောမျိုး ရှိတတ်ကြပါတယ်။ ဒါပေမဲ့ လူငယ်ဆိုတာက ဒီအဘိုးအဘွား အဖေအမေက ပေါက်ဖွားလာတာ မှန်ပေမယ့် မတူတဲ့ သီးခြားယူနစ် တစ်ခု ဖြစ်ပါတယ်။ ဗီဇအားဖြင့် ဆင်တူနိုင်သော်လည်း ပတ်ဝန်းကျင်အရ ပြောင်းလဲမှုများစွာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။
၁၊ ဇီဝကမ္မဖြစ်စဉ်မတူညီမှုနဲ့
၂၊ ခေတ် သို့မဟုတ် မျိုးဆက်ကွာဟမှုဆိုတဲ့ ပတ်ဝန်းကျင်ကြောင့် လူငယ်တွေဟာ လူကြီးတွေနဲ့ ပုံစံတူ မဖြစ်နိုင်ပါဘူး။
ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ခန္ဓာဖွံ့ဖြိုးလာမှုနှင့်အတူ စိတ်ပြောင်းလဲလာမှုကိုလည်း လူကြီးတွေက လူငယ်တွေအပေါ် နားလည်ပေးဖို့ လိုပါတယ်။ သူငယ်ချင်းတွေနဲ့အတူ လည်ချင်ပတ်ချင်တာ၊ ယောက်ျားလေးဆိုရင် ဆေးလိပ်ကို လက်တည့်စမ်းသောက်ကြည့်ချင်တာ၊ ကလန်ကဆန်လုပ်တာ၊ မိဘရဲ့ စည်းကမ်းတွေကို ချိုးဖောက်ချင်တာ၊ ရည်းစားထားကြည့်ချင်တာ စတာတွေဟာ ပုံမှန်ဖြစ်နေကျ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်ချိန် ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်တဲ့ အကြောင်းချင်းရာတွေပါလားလို့ မိဘလုပ်တဲ့ သူတွေက နားလည်ပေးဖို့ လိုပါတယ်။ သူတို့ စကားကို မနာခံလို့ မိဘလုပ်သူတွေက ကလေးကို ရိုက်နှက်ဆုံးမ အပြစ်ပေးတဲ့အခါ ကောင်းတဲ့ဘက်ဆီ ဦးတည်ပြောင်းလဲသွားရင်တော့ ကောင်းပါရဲ့။ ထိုသို့ မဟုတ်ဘဲ ဆယ်ကျော်သက်တို့ရဲ့ သဘောအရ အရွဲ့တိုက်ချင်စိတ်ကြောင့် လမ်းမှားပိုရောက်သွားရင် မလွယ်ပါ။ လူကြီးမိဘများအနေဖြင့် သားသမီးများကို မဆိုမဆုံးမရတော့ဘူးလားလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝဖြစ်စဉ်ကိုလည်း နာလည်ပေးရင်း နွေးထွေးတဲ့ ဆွေးနွေးအဖြေရှာခြင်းကသာ ထိရောက်မှာပါ။
မျိုးဆက်မတူရင် အတွေးအခေါ်၊ အယူအဆ၊ အမြင်၊ ယုံကြည်မှု၊ တန်ဖိုးထားရာတွေလည်း ကွဲပြားနေတတ်ပါတယ်။ စမတ်ဖုန်းခေတ်မှာ ကြီးလာတဲ့ မျိုးဆက်ကို ရေဒီယိုခေတ်က မျိုးဆက်က ဆိုဆုံးမတဲ့အခါ ပြောဆိုရခက်ခဲတတ်ပါတယ်။ လူငယ်လေးတွေဆိုတိုင်းလည်း အရာရာမှာ အားနည်းနေတာ မဟုတ်ပါဘူး။ နည်းပညာပိုင်းဆိုင်ရာ အားသာချက်တွေ ရှိနေပါတယ်။ မျိုးဆက်ကွာဟမှုများနဲ့အတူပါလာတတ်တာက တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်က မျိုးဆက်တစ်ခုအတွင်း ရောက်နေပေမဲ့ ကိုယ့် Generation ရဲ့ သွင်ပြင်လက္ခဏာတွေ အားလုံးရှိချင်မှ ရှိနိုင်မှာပါ။ လူတိုင်းဟာ မတူညီတဲ့ သီးခြားယူနစ်တွေမို့ ကိုယ်ကိုယ်တိုင်သာ အဆိုင်ဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတစ်ခုရဖို့ မျိုးဆက်တစ်ခုနဲ့ တစ်ခု အပြန်အလှန် လေးစားဖို့လိုသလို၊ အားနည်းတဲ့ အပိုင်းကို အားသာတဲ့သူဆီက သင်ယူရင်း ပူပေါင်းလုပ်ဆောင်နိုင်ပါတယ်။ ဒီလို မျိုးဆက်ကွာဟမှုကို သိရှိခြင်းအားဖြင့် ယခုလက်ရှိကိုယ့်ရှင်သန်နေထိုင်မှုနဲ့ အခြားသူများရဲ့ မတူကွဲပြားမှုများကိုလည်း နားလည်ပေးနိုင်မယ်လို့ ထင်မိပါတယ်။။
ရိန်ဇော်
(Blue mark author အဖြစ် လျှောက်ထားနေဆဲဖြစ်တဲ့အတွက် အဆင်ပြေရင် follow ပေးစေလိုပါတယ်။ ကျေးဇူးပါ။)
Keep Reading