Author's Profile Photo

တင်ညွန့်

11/09/2024

ခေတ်သစ်အပြေးပြိုင်ပွဲ ----------------------

1 min read
Life Style
ခေတ်သစ်အပြေးပြိုင်ပွဲ
----------------------'s photo


ယုန်နှင့်လိပ်ပုံပြင်ကို လူတိုင်းသိပြီးသားဖြစ်ကြပါလိမ့်မည်။

ကျွန်တော်တို့ ကလေးတွေကိုလည်း သင်ကြသည်။ လိပ်ကို သင်ခန်းစာယူရန်၊ ယုန်လို မိမိကိုယ်ကို အထင်ကြီးပြီး မပျင်းရန်ဖြစ်သည်။

ယုန်နှင့်လိပ် အမှန်တကယ် ပြေးလျှင် ယုန်ကနိုင်ပေလိမ့်မည်။ သို့သော် ယုန်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး တစ်ရေးအိပ်လိုက်သောကြောင့် ရှုံးသွားရသည်။

ကျွန်တော်က ကလေးတွေကို ထိုအကြောင်းပြောလျှင် သဘောကျကြသည်။ အဘယ်ကြောင့်ဆိုသော အားကြီးသူနှင့် အားနည်းသူယှဉ်လျှင် အားနည်းသူကို လူ့သဘောက ပိုပြီး သနားတတ်သောကြောင့် ဖြစ်သည်။

ယုန်အပြေးမြန်မှန်း သူတို့သိသည်။ လိပ်အလွန်နှေးမှန်းလည်း သူတို့သိသည်။ လိပ်ကို နိုင်စေချင်သော်လည်း အကယ်၍ ယုန်ကသာ လမ်းတစ်နေရာတွင် မအိပ်လိုက်လျှင် နိုင်စရာအကြောင်းမရှိ။

ယုန်အိပ်မှ လိပ်နိုင်မည့် အနေအထားတစ်ခုဖြစ်နေသည်။

ကျွန်တော်တို့ လိပ်အဘယ်ကြောင့် နိုင်ရသနည်းဆိုခြင်းကို အခြားနည်းလမ်းတစ်ခုဖြင့် အဖြေရှာကြည့်နိုင်ရန် ကြိုးစားသင့်သည်။

အကယ်၍ ယုန်သည် မအိပ်လျှင် ...

ကျွန်တော်တို့ ယုန်နှင့် လိပ်ကို နောက်တစ်ပွဲ ယှဉ်ပြိုင်ခိုင်းကြည့်မည်။

ယုန်ကပြောသည်

“ဟေ့ ... ပုံပြင်ထဲမှာမို့ မင်းနိုင်တာ။ အဲဒီပုံပြင်အကြောင်း ငါ့ဘိုးဘေးတွေ ပြောထားလို့ ကောင်းကောင်း သိတယ်။ ငါ့ဘိုးဘေးတစ်ယောက် လမ်းဘေးမှာ အိပ်လိုက်မိတာကြောင့် ငါတို့အမျိုးတွေ နာမည်ပျက်ခဲ့ရတယ်။ ဒါကြောင့် ငါတို့ယုန်မျိုးတွေရဲ့ ဂုဏ်ကို ပြန်အဖတ်ဆယ်နိုင်ဖို့ မင်းနဲ့ ထပ်ပြိုင်မယ်”

လိပ်ကလည်း ပြောသည်

“အေးလေ ဘာပဲဖြစ်ဖြစ် ပန်းတိုင်ကို ဦးစွာဝင်တဲ့သူက နိုင်မှာပဲ မဟုတ်လား”

“အေး သတိထား ငါဒီနေ့တော့ အိပ်မှာ မဟုတ်ဘူး”

သူတို့အပြေးပြိုင်ပွဲကို တောတွင်းသားတွေအားလုံး လာကြည့်နေကြသည်။

တာစထွက်သည့် နေရာက အချက်ပေးလိုက်သည်နှင့် ယုန်သည် ပြေးပါလေတော့သည်။ ယခုတစ်ကြိမ်တွင် ယုန်သည် လမ်း၌ မအိပ်ပါ။ သူက အတော်ကြာကြာပြေးပြီးနောက် နောက်လှည့်ကြည့်သည်။ လိပ်ကို အစအနပင် မတွေ့ရ။ ယုန်ကပျော်နေသည်။

သို့သော် ထိုပြေးပွဲတွင် လိပ်ပဲနိုင်ပါသည်။ အဘယ်ကြောင့်နည်း

ယုန်က ပြေးဟေ့ဆိုကတည်းက ပြေးလိုက်သည်မှာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းမဟုတ်။ သူပြေးချင်သည့်လမ်းအတိုင်း စွတ်ပြေးသည်။ နောက်ဆုံး တောထဲရောက်သွားသည်။ လမ်းပျောက်သည်။ သတ်မှတ်ထားသည့် နေရာကိုရောက်ရန် လမ်းပြန်ရှာနေပြီး တောထဲတွင် မျက်စိလည်နေသည်။

သူမျက်စိလည် လမ်းတွေမှားနေချိန်တွင် ပုံမှန်အတိုင်းသွားနေသော လိပ်သည် လမ်းမှန်သဖြင့် ပန်းတိုင်ကို ရောက်နေပြီ။

ပျင်းသောကြောင့်လည်း ပြိုင်ဖက်ကိုမနိုင်

ထိုနည်းတူစွာပင်

လမ်းမှားသွားသောကြောင့်လည်း ပြိုင်ဖက်ကိုမနိုင်ကြောင်း ကျွန်တော်တို့ အခြားပုံပြင်တစ်ပုဒ်ကို ကလေး တွေအား ထုတ်နုတ်ကာ သင်ကြားပြသင့်သည်။

တင်ညွန့်

၂၉.၈.၂၀၂၄

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)