Author's Profile Photo

KhatSit

10/09/2024

မိတ်ကောင်း ဆွေမွန်

2 mins read
Life Style
မိတ်ကောင်း ဆွေမွန်'s photo


လောကဇာတ်ခုံတွင် အရေးကြုံပါက အားထားရသည့် မိတ်ဆွေကောင်းတွေ ရှိဖို့လိုအပ်ပါသည်။ လောကကြီးမှာ နေထိုင်သူတိုင်းက ကြွယ်ဝချမ်းသာလိုကြပါသည်။ တိုးတက်ကြီးပွားကြောင်း သမ္ပဒါတရားလေးပါးရှိပါသည် ။ ယင်းတို့အနက် ကလျာဏမိတ္တသမ္ပဒါ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။ သိင်္ဂါလောဝါဒသုတ်တွင် မိတ်ဆွေကျင့်ဝတ် (၅ ) ပါးကို “ ပေးကမ်းချီးမြှင့် ၊ ကိုယ်နှင့်ယှဉ်ထား ၊ စီးပွားဆောင်ရွက် ၊ နှုတ်မြွတ်ချိုသာ ၊ သစ္စာမှန်စေ ၊ ဝတ်ငါးထွေ ၊ ကျင့်လေမိတ်သဟာ” ဟုဖော်ပြထားပါသည် ။ မိမိရဲ့မိတ်ဆွေကို ထောက်ပံ့ပေးခြင်း ၊ မိမိနှင့်တန်းတူထားခြင်း ၊ အကျိုးစီးပွားကိုဆောင်ရွက်ခြင်း ၊ စကားကိုချိုချိုသာသာပြောခြင်း နှင့် မိမိပြောတဲ့ကတိစကားကို တည်ခြင်းတို့ဖြစ်ပါသည် ။ မိတ်ဆွေကောင်းများ ဝန်းရံနေပါက စီးပွားဥစ္စာဖြစ်ထွန်းမှုကိုအထောက်အကူပြုနိုင်ပေသည် ။

မန်လည်ဆရာတော်ကြီးက “ အဝတ်ပုဆိုး ၊ တန်ဆာမျိုးကား ၊ တိုး၍တိုး၍ ၊ တစ်နေ့တစ်ခါ ၊ လဲပါတုံရှောင်း ၊ သစ်တိုင်းကောင်း၏ ၊ အပေါင်းအဖော် ၊ ဟုတုံသော်မှု ၊ ငယ်ဖော်ငယ်ပေါင်း ၊ ဟောင်းတိုင်းကောင်း၏ ၊ အဝတ်ပုဆိုး ၊ တန်ဆာမျိုးကား ၊ သစ်တိုင်းကောင်း၏” ဟူ၍ဖွဲ့ဆိုထားသည် ။ အဝတ်အစားများမှာ သစ်တိုင်းကောင်းလှသော်လည်း မိတ်ဆွေမူကား မိတ်ဆွေဟောင်းက ပို၍ ကောင်းသည်ဟု အဓိပ္ပါယ်ရပါသည် ။

ဒါပေမဲ့ ယနေ့ခေတ်မှာတော့ မိတ်ဆွေဟောင်းတိုင်းမကောင်းသလို ၊ မိတ်ဆွေသစ်တိုင်းလည်း စိတ်မချရသည်ဟု ပြောလို့မရချေ ။ အဘယ်ကြောင့်ဆိုတော့ ကျွန်တော်ကိုယ်တိုင် ငယ်ပေါင်းကြီးဖော်တစ်ယောက်ကြောင့် ဒုက္ခဖြစ်ခဲ့ပြီး ခင်တာတစ်လမပြည့်သေးသည့် မိတ်ဆွေတစ်ဦးမှ ကူညီသောကြောင့်သာလျှင် ပြန်အဆင် ပြေခဲ့သော ကြောင့်ဖြစ်သည် ။ အရေးအကြီးဆုံးမှာ စိတ်ဓာတ်အခြေခံနှင့် လူကဲခတ် မှန်ကန်ဖို့သာလိုပါသည် ။ မိတ်ဆွေစစ်သည် မိမိ၏ ကောင်းကျိုးကိုလိုလားသည် ၊ အဆင့်အတန်းနှင့် အသက်အရွယ်များပြောင်းသောလည်း မိမိအပေါ်ထားရှိသည် စိတ်ထားမပြောင်းလဲသူများဖြစ်ပေသည်။

မိတ်ဆွေစစ်သည် မိမိဒုက္ခရောက်နေသောအချိန်တွင်လည်း ရှောင်လွှဲမသွားပဲ သူအတက်နိုင်ဆုံး လက်တွဲ ၍ကူညီပေးသည်။ သာမာန်အချိန်ထက် မိမိဒုက္ခရောက်နေချိန်တွင် မိတ်ဆွေစစ်နှင့်မိတ်ဆွေတုကို ခွဲခြား နိုင်ပေသည်။ တချို့သောမိတ်ဆွေများမှာမူ နောက်ကျောကို ဓားဖြင့်ထိုးတတ်လေသည် ။ ဟန်ဆောင်သော မိတ်ဆွေသည် မိမိရဲ့ ရန်သူစစ်စစ်ထက်ပို၍ကြောက်ဖို့ကောင်းသည့် အနီးကပ်ရန်သူဖြစ်ပေသည်။

မိတ်ဆွေကောင်းဆိုတာ ရတနာတစ်ခုထက်ပိုပါသည် ။ မိတ်ဆွေကောင်းတွေကို ကျွန်တော်တို့က ရှာဖွေပေါင်းသင်းရမှာ မဟုတ်ပါ ။ မိတ်ဆွေကောင်းတွေက ကျွန်တော်တို့ကိုရှာဖွေပေါင်းသင်းရမှာဖြစ်ပေသည်။ အရင်ဆုံး ကျွန်တော်တို့က ကိုယ့်ရဲ့မိတ်ဆွေအတွက် မိတ်ဆွေကောင်းဖြစ်ရဲ့လားဆိုတာ မိမိကိုယ်ကို ပြန်မေးကြည့်သင့်ပါသည်။ မိမိရဲ့ သူငယ်ချင်း ဝမ်းနည်းသည်ဖြစ်စေ ၊ ဝမ်းသာသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ကျဆုံးသည်ဖြစ်စေ မည်သည့်အခြေအနေမျိုးမှာမဆို ကူညီဖို့အဆင်သင့်ရှိနေဖို့ လိုအပ်ပါသည်။ တခြားသူအတွက် ကိုယ်တိုင်က မိတ်ဆွေကောင်းမဖြစ်ပါက တခြားသူကလည်း ကိုယ့်အတွက် မိတ်ဆွေကောင်းဖြစ်လာမည်မဟုတ်ပါ ။ မိတ်ဆွေတုတွေပေါများနေခြင်းထက် မိတ်ဆွေကောင်းတစ်ယောက် ရှိဖို့အရေးကြီးပါသည်။

မိတ်ဆွေစစ်လေးမျိုးရှိလေသည်

(၁) ဥပကာရ - ကျေးဇူးပြုတတ်သော ၊ ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်

(၂) သမာနသုခဒုက္ခ _ ချမ်းသာအတူ ဆင်းရဲလည်းအတူ ဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်

(၃) အတ္တက္ခာယိ - အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်

(၄) အနုကမ္ပက - အကျိုးစီးပွားကို အစဉ်စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်းရှိသည့် မိတ်ဆွေစစ် ဟူ၍ဖြစ်သည်။

မိတ်ဆွေနှင့်ပတ်သက်သည့် အဆုံးအမများ ၊ အဆိုအမိန့်များမှာ များပြားလှပါသည်။ လူရယ်လို့ဖြစ်လာလျှင် မိတ်ဆွေသည် မဖြစ်မနေ လိုအပ်လှပါသည် ။ ကောင်းသောမိတ်ဆွေ ၊ မကောင်းသောမိတ်ဆွေဟူ၍ နှစ်မျိုးရှိရာ မိမိတို့အနေဖြင့် ကောင်းသောမိတ်ဆွေ၏ တန်ဖိုးကို သိရှိနားလည်ကြရမည်ဖြစ်သည်။ မိမိကိုယ်တိုင်ကလည်း မိတ်ဆွေကောင်းရဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့အညီ နေထိုင်ကျင့်ကြံရမည်ဖြစ်သည်။ သူ့ဘက်က မိတ်ဆွေကောင်း ပီသစွာ ကူညီစောင့်ရှောက်သလို မိမိဘက်ကလည်း ပြန်လည်စောင့်ရှောက်ပေးရန် လိုအပ်ပေသည်။ ထိုမှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အကျိုးစီးပွာ ဖြစ်ထွန်းမည်ဖြစ်သည်။ ထိုကြောင့် မိမိတို့၏ မိတ်ဆွေကောင်းများကိုတန်ဖိုးထားပြီး မိမိကိုယ်တိုင်ကလည်း မိတ်ကောင်းဆွေမွန်ဖြစ်အောင် နေထိုင်ကြပြီး ကောင်းသောဘဝများကို တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

#ခက်ဆစ်

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးချိုသာစွာပြောဆိုဆက်ဆံပါဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း