Author's Profile Photo

Swal Nyoe

10/09/2024

အစာအိမ်သွေးကြောပေါက်ခြင်း

1 min read
Life Style
Health
General Knowledge
အစာအိမ်သွေးကြောပေါက်ခြင်း's photo

အစာအိမ်သွေးကြောပေါက်တာကို သတိမထားမိဘူး။ စောစောစီးစီးကုသမှု မခံယူဘူးဆိုရင် သွေးအားနည်းတာ Shock ရတာတွေအပြင် အသက်ဆုံးရှုံးတဲ့ အထိပါဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာအိမ်သွေးကြောပေါက်ရင် တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့ အစာအိမ်သွေးကြောပေါက်တာမျိုးမဖြစ်အောင် ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာတွေကို သိထားဖို့ကအရမ်းအရေးကြီးပါတယ်။ဒါတွေကိုတော့ အခုဆောင်းပါးလေးမှာ ပြောပြသွားပေးမှာဖြစ်ပါတယ်။

အစာအိမ်သွေးကြောပေါက်ရင် တွေ့ရတတ်တဲ့လက္ခဏာတွေကတော့

↪️ ကော်ဖီရောင်တွေအန်တာ
↪️သွေးအနီရဲရဲတွေအန်တာ
↪️ဝမ်းသွားပြီးလို့ အိမ်သာခွက်မှာကြည့်လိုက်ရင် ဝမ်းမည်းမည်းတွေ ကပ်ပြီးတော့ကျန်နေတာ
↪️ဝမ်းမည်းမည်းသွားတာ
↪️မခံမရပ်နိုင်အောင် ဗိုက်အောင့်တာ စတဲ့လက္ခဏာတွေတွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခုခံစားရပြီဆိုတာနဲ့ ဆေးရုံအမြန်သွားဖို့က အရေးကြီးပါတယ်။ ဒီလို အစာအိမ်သွေးကြောပေါက်တာမျိုး မဖြစ်ရလေအောင် ဘာတွေလုပ်ရမလဲဆိုတော့

(1) အစားအသောက်


အစားကိုအချိန်မှန်အောင် စားရပါမယ်။ အချိန်လွန်ပြီးတော့ အဆာခံတာမျိုးမလုပ်ပါနဲ့။
စားတဲ့အခါ ဟင်းသီးဟင်းရွက်များများပါအောင် စားပေးပါ။ အစာအိမ်ကိုဒုက္ခပေး‌နိုင်တဲ့ အပူအစပ်တွေ၊ ဆီကြော်တွေ၊ အစာမာမာတွေ၊ Gas ပါတဲ့အချိုရည်တွေ ဒါတွေကိုတော့တတ်နိုင်သလောက်လျှော့ပါ။

(2) အယ်လ်ကိုဟော


အယ်လ်ကိုဟောက အစာအိမ်နံရံကို ထိခိုက်စေနိုင်ပြီး ကြာလာရင် အစာအိမ်ရောင်တာ၊ အဲ့ကနေတစ်ဆင့် အစာအိမ်သွေးကြောပေါက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကို ကိုယ်နဲ့ကိုက်ညီတဲ့ Limit  တစ်ခုထားပြီးတော့တတ်နိုင်သလောက်လျှော့ပြီးတော့ သောက်ပါ။

(3) အကိုက်အခဲပျောက်ဆေး


အကိုက်အခဲပျောက်ဆေးတွေကို လိုအပ်မှသောက်ပါ။ သောက်တဲ့အခါလည်း အစာနဲ့တွဲပြီးမှ သောက်ပါ။ လိုအပ်ရင် အစာအိမ်ဆေးနဲ့တွဲပြီးသောက်ရပါမယ်။ မလိုအပ်ပဲနဲ့ ခဏခဏသောက်နေမယ်ဆိုရင် ဒီအကိုက်အခဲပျောက်ဆေးတွေကလည်း အစာအိမ်နံရံကို ထိခိုက်စေနိုင်ပါတယ်။

(4) ဆေးလိပ်


ဆေးလိပ်က အစာအိမ်နံရံကိုအားနည်းစေတဲ့အတွက် မသောက်မိအောင်ရှောင်ကြဉ် ရပါမယ်။

(5) စိတ်ဖိစီးမှု


စိတ်ဖိစီးမှုများတဲ့အချိန်မှာ ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ်ပါတယ်။အဲ့ဒီပြဿနာတွေထဲမှာမှ အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေပါဝင်ပါတယ်။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေကို စိတ်ဖိစီးမှုကြောင့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ကျစေဖို့အတွက် ကိုယ်စိတ်ချမ်းသာမယ့် အရာလေးတွေကိုလုပ်ပေးပါ။ ဝါသနာပါတာလေးတွေလုပ်ပေးပါ။ စိတ်ကိုတည်ငြိမ်စေနိုင်မယ့် တရားထိုင်တာ၊ ယောဂကျင့်တာတွေကိုလည်း ပုံမှန်လုပ်ပေးပါ။

(6) စားချဉ့်ပြန်ရောဂါ


ကိုယ့်မှာ စားချဉ့်ပြန်ရောဂါ ဒါမှမဟုတ် အစာမကြေတာ၊ အစာအိမ်ရောင်တာ စတဲ့အစာအိမ်ပြဿနာ တစ်ခုခုရှိနေတယ်ဆိုရင် လျစ်လျူရှုမထားပဲနဲ့ ဆရာဝန်နဲ့ပြပြီးတော့ ကုသမှုခံယူပါ။

ဒီနေ့ကတော့ အစာအိမ်သွေးကြောပေါက်တာမျိုးမဖြစ်ရအောင် လုပ်ရမယ့် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိသွားပြီလို့ထင်ပါတယ်။တခြားသူတွေလည်း သိသွားအောင် မျှဝေပေးကြပါဦးနော်။ လေ့လာထားသလောက်လေး မျှဝေပေးခြင်းဖြစ်တဲ့အတွက် အမှားများရှိရင်လည်း ထောက်ပြပေးနိုင်ပါတယ် ခင်ဗျာ။

စာဖတ်သူများကို အစဉ်အမြဲလေးစားလျက်
#စွဲညို့


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်