သိုက်စိုးထွန်း(နတ်ရွာ)
လူတစ်ယောက်အတွက် အောင်မြင်မှုရဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတဲ့အချက်တွေကို တွေးကြည့် လိုက်တော့ အောင်မြင်ဖို့ တော်တော်အရေးကြီးတာကိုတွေ့ရပါတယ်။
ပညာရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ အနုပညာမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်တစ်ခုခုမှာပဲဖြစ်ဖြစ် အောင်မြင်မှုရလာတဲ့အချိန်မှာ အောင်မြင်မှုတွေက ဆက်တိုက်ဆက်တိုက်၀င်လာတတ်ကြတယ်။ ဒီဟာလေး လုပ်လိုက်လည်း အဆင်ပြေ၊ ဟိုဟာလေးလုပ်လိုက်ပြန်တော့လည်း အောင်မြင်၊ ဟိုနယ်ဘက်စမ်းသပ်ကြည့်တော့လဲ သိပ်မဆိုးဘူး၊ ဒီကိစ္စတို့ကြည့်ပြန်တော့လည်း ဟုတ်နေတာပဲဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုတွေ ဘာကြောင့် ဖြစ်နေသလဲဆိုတာကို ဆန်းစစ်ဖို့ကောင်းပါတယ်။
ကဏ္ဍတစ်ခုခုမှာပဲဖြစ်ဖြစ်၊ ကဏ္ဍအားလုံးမှာပဲဖြစ်ဖြစ် အကျဘက်ကိုဦးတည်နေတဲ့သူမျိုးကျတော့ ဒီနေရာမှာ ကျရှုံးတာနဲ့ ဟိုနေရာမှာလည်းကျရှုံး၊ ဟိုကဏ္ဍမှာလည်းမအောင်မြင်၊ ဟိုအလုပ်လေးကလည်း သိပ်အဆင်မပြေ၊ ဒီဟာလေးကျပြန်တော့လည်း သိပ်မစွံသေးဆိုတာမျိုးဖြစ်နေတတ်ပြန်ပါတယ်။ သူ့ကျတော့ရော ဘာကြောင့် ဒီလိုတွေစဉ်တိုက်ဆက်တိုက်ကျရှုံးနေရပြန်သလဲ။
အောင်မြင်နေတဲ့သူကျတော့ သူ့စိတ်ကိုက တက်ကြွနေတယ်။ စိတ်ပျိုတော့ ကိုယ်နုဆိုသလို ကိုယ်ခန္ဓာ ကလည်း ပေါ့ပါးလန်းဆန်းနေတယ်။ ကြံစည်လိုက်သမျှလည်း စိတ်ကူးသစ် အကြံသစ်ဥာဏ်သစ်တွေ ထွက်နေတယ်။ ကိုယ်ရောစိတ်ရောလန်းဆန်းနေသူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကလည်း အပြည့်ရှိနေမှာပါပဲ။ ယုံကြည်မှုအပြည့်ရှိနေချိန်မှာဆောင်ရွက်လိုက်တဲ့လုပ်ရပ်တွေကလည်း တကယ့်ကို အင်တိုက်အားတိုက်ဆိုတဲ့အခြေအနေအထိရောက်သွားမှာပါပဲ။ သူ့မှာ စမ်းတဝါးဝါးဆိုတဲ့အခြေအနေတွေမပါဘူး။ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေရတဲ့အဖြစ်မျိုးမရှိတော့ဘူး။ သူလုပ်ရင်တော့ အောင်မြင်လိမ့်မယ်၊ သူကြံရင်တော့ ပေါက်မြောက်လိမ့်မယ်ဆိုတာမျိုးတွေပဲ သူ့ခေါင်းထဲမှာရှိနေတတ်ပါတယ်။
ဒီအချိန်မှာသူပြောနေတဲ့စကားတွေက မာန်ပါတယ်၊ ဟန်အပြည့်၊ ဌာန်အပြည့်နဲ့ရှိနေပါလိမ့်မယ်။ ကြားရသူ အပေါင်းတို့အတွက်လည်း တကယ့်ကို နှစ်ထောင်းအားရဖြစ်သွားပါလိမ့်မယ်။ အနည်းဆုံးတော့ သူပြောတာ ဟုတ်လောက်ပါတယ်ဆိုတဲ့အခြေအနေမျိုးအထိ ရောက်သွားပါလိမ့်မယ်။ တကယ်လည်း ဖြစ်တတ်ပါတယ်။ ယုံကြည်မှုအပြည့်၊ အားမာန်အပြည့်နဲ့ မျက်လုံးအရောင်တောက်တောက်နဲ့ ပြောလိုက်တဲ့သူတစ်ယောက်ရဲ့စကား၊ သူပြောနေတဲ့စကားအပေါ်မှာ သူကိုယ်တိုင်ယုံကြည်မှုအပြည့်ထားပြီး ပြောလိုက်တဲ့သူရဲ့စကားမျိုးကို မယုံသင်္ကာ ဖြစ်တဲ့သူနည်းပါလိမ့်မယ်။ ဒီတော့ သူပြောတာကို ပတ်၀န်းကျင်ကလည်း လက်ခံလေ့ရှိပါတယ်။ စကားကိုက အားပါနေတယ်။ သူ့ကိုကြည့်ရတာကိုက အားတက်စရာတစ်ခုဖြစ်နေတယ်။ ကြည့်ရမြင်ရတာနဲ့တင် စိတ်ချမ်းသာစရာကောင်းနေတော့တယ်။
တစ်ခုခုမှာအောင်မြင်တယ်။ နောက်တစ်ခုထပ်အောင်မြင်ဖို့အတွက် လမ်းစထပ်ရှာတယ်။ ပတ်၀န်းကျင်က လူတွေကလည်း သူ့ကိုဘာကူညီပေးရမလဲလို့ စဉ်းစားနေတတ်ပါတယ်။ သူပြောတာမဆိုးဘူး၊ သူလုပ်တာမှန်တယ်၊ သူ့ကိုအားပေးကူညီရမယ်ဆိုတဲ့အတွေးမျိုးလည်း ရှိလာတတ်ကြပါတယ်။ ကူညီမယ့်သူတွေဝိုင်းမနေဦးတောင်မှ အနည်းဆုံးတော့ သူ့မှာ လူချစ်လူခင်တွေပေါနေတတ်ပါတယ်။
ဟုတ်ပါတယ်။ လူဆိုတာ လောကဓံရှစ်ပါးအနက် အဆိုးလေးပါးကို ဘယ်သူမှမလိုချင်ကြဘူး။ အကောင်း လောကဓံလေးပါးကိုပဲ လိုချင်ကြတာ။ လာဘော၊ ယသော၊ သုခံ၊ ပသံသာ ဒီလေးဖြာကိုပဲလိုချင်ကြတာ။ ကိုယ်ကိုယ်တိုင်အတွက်တောင်မှမဟုတ်ဘူး။ ကိုယ့်ပတ်၀န်းကျင်ကလူတွေကိုလည်း ဒီလိုပဲ အဆင်ပြေစေချင်ကြ တာပါ။ ဒါဖြင့် ကိုယ်မနာလိုတဲ့သူအတွက်ကောလို့တော့ မပြောလိုက်ပါနဲ့၊ ယေဘုယျကိုဆိုလိုခြင်းပါ။ ခင်ချင်းခင်ရင် အောင်မြင်နေတဲ့သူတစ်ယောက်နဲ့ပဲ ခင်ချင်တယ်။ ကူချင်းကူရင် အောင်မြင်နေသူကိုပဲ ကူညီချင်တယ်။ ကိုယ့် ပတ်၀န်းကျင်ကလူတွေကိုလည်း အောင်မြင်စေချင်တဲ့အတွက်၊ အဆင်ပြေစေချင်တဲ့အတွက် ဘာကူညီပေးရမလဲ၊ ဘာဆောင်ရွက်ပေးရမလဲ၊ မင်းအတွက်ငါတို့တတ်နိုင်တာ ဘာများရှိဦးမလဲဆိုတဲ့စကားမျိုးကို အောင်မြင်မှုလက်စနဲ့ လန်းဆန်းတက်ကြွနေတဲ့သူဆီကိုပဲ သွားပြောချင်ကြတာပါ။ ဘုရားတောင် အမှီရှိမှပွင့်ရတယ် ဆိုတဲ့စကားရှိပါတယ်။ အောင်မြင်လာသူတစ်ယောက်အတွက်ကတော့ သူ့မှာမှီစရာရှိနေပါပြီဆိုတာတောင်မှ အမှီခံပါရစေဆိုတဲ့သူမျိုး တွေက ထပ်ထပ်လာလိုက်ကြသေးတာပါ။ အောင်မြင်သူမှာ ထပ်ပြီးအောင်မြင်ဖို့အတွက် ဘေးကပံ့ပိုးပေးမယ့် သူတွေ အများကြီးရှိလာတတ်ပါတယ်။
ဘေးကလူတွေအတွက်ကလည်း သူနဲ့သိကျွမ်းရတာကိုပဲ ဂုဏ်ယူစရာတစ်ခုဖြစ်နေတယ်။ သူ့အကြောင်း ပြောနေရတာလေးကကိုပဲ ပျော်ရွှင်စရာ၊ အားတက်စရာတစ်ခုဖြစ်နေတယ်။ ဘယ်သူတော့ဖြင့် ဘယ်တုန်းက ဘယ်လိုလုပ်ထည့်လိုက်တာ ဘာတွေအထိအောင်မြင်သွားသတဲ့ကွာဆိုတာမျိုးပြောရတာကိုက ကိုယ်ကိုယ်တိုင် အောင်မြင်တာမဟုတ်ပေမယ့် မစားရ၀ခမန်းဖြစ်နေတယ်။ သူ့အကြောင်းပြောနေရတာလေးနဲ့ကိုက ဘေးလူတွေ အတွက်ပါ စိတ်ချမ်းသာစရာဖြစ်နေပါတယ်။
မအောင်မြင်သူကျတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့ဘာသာသူကိုက စိတ်အားငယ်နေတယ်။ အကြောင်းအရာ တစ်ခုဆောင်ရွက်လိုက်တယ်၊ မအောင်မြင်ဘူး။ ဒါမှမဟုတ် ကဏ္ဍတော်တော်များများမှာ မအောင်မြင်ဘူး။ ဒီတော့ အားငယ်ချင်ငယ်နေမယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ကျရှုံးမှုနဲ့ပတ်သက်ပြီး ဟိုလူ့ကြောင့်လို့ ထင်သလိုလို၊ ဒီလူ့ကြောင့်ပဲ အခုလိုဖြစ်ရသလိုလိုတွေ လျှောက်တွေးပြီး ဒေါသအမျက် ချောင်းချောင်းထွက်နေတတ်ပါတယ်။ အများအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းသွားတတ်ပါတယ်။ ပြောသမျှစကားတွေမှာ အားမပါတော့ဘူး။ လုပ်သမျှ အလုပ်တွေမှာ အင်တိုက်အားတိုက်မဖြစ်တော့ဘူး။ မျက်လုံးအရောင်ကိုက ခပ်မွဲမွဲဖြစ်သွားတယ်။ ပြောမယ့်သာ ပြောနေရတယ်၊ စိတ်ပါလက်ပါမဟုတ်တော့ဘူး။ လုပ်မယ့်သာလုပ်နေရတယ်၊ စမ်းတဝါးဝါးပုံစံမျိုးဖြစ်နေတတ် ပါတယ်။ ပြောဆိုလုပ်ကိုင်သမျှဟာ သိပ်တော့ အားမပါတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာလည်း ကြာလေလေလျော့ပါးလေလေးဖြစ်လာတယ်။
ဒီလိုလုပ်ရင်ကောင်းမလားဆိုတော့ ကောင်းမယ်ထင်တာပါပဲ။ ဟိုလိုလုပ်ရင်ကော မသင့်ဘူးလာဆိုတော့ ဒါလည်း ဖြစ်တော့ဖြစ်သင့်တာပါပဲ။ ဒါဖြင့် ဘယ်လိုလုပ်တာက ပိုကောင်းမလဲလို့ မေးပြန်တော့ ဒီအတိုင်းတော့ လုပ်သင့်တယ်လို့ ထင်တာပါပဲ။ ဒီလိုလေးလုပ်ရင် အောင်မြင်လိမ့်မယ်လို့တော့ ထင်တာပါပဲဆိုတာမျိုးလောက်သာ ပြောနိုင်တော့တယ်။ ပြောဆိုလုပ်ကိုင်သမျှမှာ ယုံကြည်စရာအကွက်ရယ်လို့ သိပ်မမြင်တော့ဘူး။ သူ့ကို ကြည့်ရမြင်ရတာကိုက စိတ်မချမ်းသာစရာလေးဖြစ်နေတယ်။ သူ့အတွက် အားမလိုအားမရတွေသာ ဖြစ်ကြတော့တယ်။
ဒီလိုဆိုတော့ သူ့ပတ်၀န်းကျင်ကလူတွေကလည်း သူ့အပေါ် ယုံကြည်မှုနည်းလာကြတယ်။ ကိုယ်ကိုယ်တိုင် တောင်မှ ကိုယ့်ကိုယ်ကိုယ်သိပ်မယုံဘူးဆိုတော့ တစ်ခြားသူကလည်း ဘယ်ယုံကြည်ပါတော့မလဲ။ ဒီတော့ သူ့ရဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာလည်း သိပ်တော့ မယုံကြည်တော့ဘူး။ မယုံကြည်တော့ မပူးပေါင်းတော့ဘူး။ အားမပေးတော့ဘူး။ ဘာကူညီရဦးမလဲဆိုတာမျိုးမေးဖို့ဝေးစွ၊ ကိုယ်ကဘာအကူအညီများတောင်းလာမလဲဆိုတာမျိုး ကို တွေးတွေးပြီး ဒီစကားမျိုးမပြောသာအောင် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေလိုက်ကြတော့တာ။ မရှောင်သာလို့ ထိပ်တိုက်တိုးရင်တောင်မှ ဟင့်အင်း၊ ဒါလေးတော့ မလုပ်ပါရစေနဲ့ဆိုတာမျိုးနဲ့ အပြတ်ငြင်းလွှတ်လိုက်ကြတော့တာ။ ကြာလာတော့ ကိုယ့်အနားကလူတွေလည်း ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပါလိမ့်မယ်။
အောင်မြင်မှုနဲ့ဝေးနေသူတစ်ယောက်အတွက် အခြွေအရံအသင်းအပင်းဆိုတာတွေကလည်း တစ်ဖြည်းဖြည်း ပါးလျားလာပါလိမ့်မယ်။ နောက်ဆုံးတော့ ကိုယ့်ရဲ့အနီးဆုံးလူတွေကတောင်မှ ခနဲ့တဲ့တဲ့စကားသံတွေ ထွက်လာပါ လိမ့်မယ်။ ပြောတဲ့ဆိုတဲ့လေသံတွေကအစ ပြောင်းသွားပါလိမ့်မယ်။ ဟိုအရင်တုန်းကကြားခဲ့ဖူးတဲ့ လက်ခုပ်သံတွေ နေရာမှာ ခနဲ့သံ၊ ရွဲ့သံတွေ၀င်လာပါလိမ့်မယ်။ သူ့အကြောင်းလည်း ဘယ်သူမှသိပ်မပြောချင်ကြတော့ဘူး။ စကားစပ်မိလို့ပြောဖြစ်ရင်တောင်မှ ဒီလူ့အကြောင်းတော့ မပြောစမ်းပါနဲ့ဆိုတာမျိုးက လာလိုက်သေးတယ်။ ကြားရတာ စိတ်ဆင်းရဲလွန်းလို့တဲ့။ သူ့ကို မအောင်မြင်စေချင်တဲ့သူကတော့ သူကျရှုံးနေချိန်မှာ သူ့အကြောင်းကို ၀မ်းသာအားရပြောချင်ပြောနေမှာပေါ့။
ဒီအချိန်မှာ ကာယကံရှင်ကတော့ စိတ်တွေတိုရင်လည်တို၊ ဒါမှမဟုတ် စိတ်ဓာတ်တွေကျရင်လည်း ကျနေပါလိမ့်မယ်။ နောက်ဆုံးတော့ မခံနိုင်မရပ်နိုင်တွေဖြစ်ပြီး ထွက်ပေါက်အမှားတွေ ရှာမိသွားတတ်ပါတယ်။ ဒီအခြေအနေအထိရောက်မသွားဖို့ကတော့ သတိကြီးကြီးထားကြရမှာပါ။
တကယ်တော့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ လူတစ်ယောက်အနေနဲ့ မလွဲမသွေကြုံကြရမယ့် အရာတွေပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် ထာ၀ရအောင်မြင်နေတဲ့သူ၊ ထာ၀ရကျရှုံးနေတဲ့သူရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် အောင်မြင်မှုများတဲ့သူ၊ အောင်မြင်မှုနည်းတဲ့သူရယ်လို့ ဒီလိုတော့ ကွဲသွားပါတယ်။
သေသေချာချာလေ့လာကြည့်မယ်ဆိုရင်လည်း တကယ့်အောင်မြင်သူဆိုတဲ့သူတွေတောင်မှ သူတို့ဘ၀မှာ အောင်မြင်မှုနဲ့ မအောင်မြင်မှုတွေ နှိုင်းယှဉ်ချိန်ထိုးကြည့်လိုက်ရင် မအောင်မမြင်ဖြစ်ခဲ့တဲ့အခြေအနေကတောင် ပိုများနေခဲ့သေးတာကို တွေ့ရတတ်ပါတယ်။ မွေးကတည်းက သေသည်အထိ တောက်လျှောက်အောင်မြင် သွားတယ်ဆိုတာမျိုး မရှိနိုင်ပါဘူး။ ကျန်တဲ့သူတွေနဲ့ နည်းနည်းကွာသွားတဲ့အချက်က အောင်မြင်သူတွေက တော်ရုံတန်ရုံနဲ့ စိတ်မပျက်တတ်ဘူးဆိုတဲ့အချက်ပါ။
ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန်ချလိုက်တယ်။ စပြီးကြိုးစားကြည့်တယ်၊ မအောင်မြင် ဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဒီလိုမဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ထပ်စဉ်းစားတယ်။ ထပ်ကြိုးစားကြည့်တယ်။ မအောင်မြင်သေးဘူး။ ဒီတော့ ပြန်သုံးသပ်တယ်။ အပြန်ပြန်အလှန်လှန် ပြန်သုံးသပ်တယ်။ ပြီးခဲ့တာတွေထဲမှာ ဘယ်အပိုင်းတွေကအားနည်းနေသလဲ၊ ဘယ်အရာတွေကို ပြန်ပြင်ဖို့လိုသလဲ။ ဒါတွေကို သေသေချာချာ အချိန်ယူ လေ့လာပြီးတော့ ထပ်ကြိုးစားကြည့်တယ်။ အောင်မြင်သွားတယ်။ ဒီလိုပဲ။ တစ်ခြားအလုပ်တွေမှာလဲ တစ်ကြိမ်၊ နှစ်ကြိမ်ကျရှုံးရုံလောက်နဲ့ စိတ်ပျက်အားငယ်သွားတာမျိုး သိပ်ဖြစ်လေ့မရှိကြပါဘူး။
တီထွင်သူသိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့တီထွင်မှုတွေကို တစ်ကြိမ်နှစ်ကြိမ်လောက်နဲ့ စမ်းသပ်အောင်မြင် ကြတာမဟုတ်ပါဘူး။ တစ်ကြိမ်နဲ့မအောင်မြင်ရင် နှစ်ကြိမ်မြောက်စမ်းသပ်တယ်။ နှစ်ကြိမ်နဲ့မအောင်မြင်ရင် သုံးကြိမ်။ သုံးကြိမ်နဲ့မရရင် လေးကြိမ်။ လေးကြိမ်နဲ့မှမရရင် ငါးကြိမ်၊ ခြောက်ကြိမ်။ ဟာ၊ ဒါလည်း မရသေးဘူးလား။ ခုနစ်ကြိမ်၊ ရှစ်ကြိမ်၊ ကိုးကြိမ်၊ ဆယ်ကြိမ်။ အို၊ ဒါတောင်မဖြစ်သေးဘူးတဲ့လား။ ရတယ်။ စိတ်မပျက်သေးဘူးတဲ့။ ထပ်ကြိုးစားတာပဲတဲ့။ တစ်ချို့များ တီထွင်ဖန်တီးမှုတစ်ခုတည်းကိုပဲ အကြိမ်ပေါင်း ရာဂဏန်း၊ ထောင်ဂဏန်း လောက်အထိ အထပ်ထပ်အလီလီ ကြိုးစားစမ်းသပ်ခဲ့ကြရသတဲ့။
ဒီလိုဆိုတော့ သိပ်ကိုအံ့သြစရာကောင်းနေတာကိုတွေ့ရပါတယ်။ သူတို့ရဲ့ ပင်ကိုယ်ပညာအဆင့်အတန်းတို့ လုပ်ငန်းခွင်အတွေ့အကြုံတို့ကိုအသာထားလို့ အကြောင်းအရာတစ်ခုအပေါ်မှာ မအောင်မြင်မချင်း အကြိမ်ကြိမ် အလီလီ မဆုတ်တမ်းမနစ်တမ်း ကြိုးစားစမ်းသပ်နိုင်တဲ့ ဇွဲလုံ့လရယ်၊ အခါခါကျရှုံးပေမယ့် လဲကျမသွားတဲ့ စိတ်ဓာတ် ရယ်ကိုယ်တော့ တကယ့်ကို လေးစားအားကျလောက်စရာဖြစ်ပါတယ်။ သူလိုကိုယ်လိုသာမန်လူတွေအဖို့ဆိုရင်တော့ တစ်ခုခုစမ်းလုပ်ကြည့်တယ်။ လေးငါးခြောက်ကြိမ်မပြောနဲ့ တစ်ကြိမ်နှစ်ကြိမ်လောက်ကျရှုံးသွားရင်ကိုပဲ သက်ဆိုင်ရာ နယ်ပယ်ကနေ နှုတ်ဆက်လက်ပြချင်သလိုလိုဖြစ်လာတတ်ပါတယ်။ တော်ပြီ၊ ငါတော့ ဒီလောကနဲ့ သိပ်သင့်တော်ပုံ မရပါဘူးဆိုတာမျိုးနဲ့ စောစောစီးစီးအလံဖြူထောင်ခဲ့တတ်ကြပါတယ်။ ဒီဟာလေးနဲ့တော့ သိပ်မသင့်တော်ဘူး၊ ဟိုဟာလေးပြောင်းလုပ်ဦးမှထင်ပါရဲ့ဆိုတဲ့အတွေးမျိုးက စောစောစီးစီး၀င်လာတတ်ပါတယ်။
တကယ့်အောင်မြင်တဲ့သူတွေကိုကြည့်ပြီတော့ သြော်၊ သူ့ကျတော့အောင်မြင်လိုက်တာ၊ ငါ့ကျတော့လဲ ဘာလုပ်လုပ် တစ်ခုမှကို အရာမထင်ပါလားဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်၀င်မိတတ်ကြပါတယ်။ တကယ်တော့ အောင်မြင်ပါတယ်ဆိုတဲ့သူတွေမှာလည်း ကျားကုတ်ကျားခဲရုန်းခဲ့ကန်ခဲ့ရတဲ့အချိန်တွေ ဘယ်လောက် တောင် ရှည်လျားခဲ့တယ်ဆိုတာမျိုးကို သေသေချာချာပြန်လေ့လာသင့်ပါတယ်။ မအောင်မြင်သေးတဲ့အချိန် မပြောနဲ့ အောင်မြင်နေတဲ့အချိန်မှာတောင်မှ သူ့အောင်မြင်မှုကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့အတွက် ဘယ်လောက်တောင် ရုန်းကန်နေရတယ်ဆိုတာကို မြင်အောင်ကြည့်သင့်ပါတယ်။
အောင်မြင်သူတစ်ယောက်ရဲ့ဘ၀ကို ဘေးကမြင်ရတဲ့အမြင်က ရေကန်ထဲက ဘဲတစ်ကောင်လိုပါပဲတဲ့။ ဘဲကိုကြည့်လိုက်ရင်တော့ ရေပေါ်မှာ ငြိမ်နေတာပဲ၊ သိပ်ဟန်ကျတာပဲ၊ ရေပေါ်မှာ အသာကလေးနေလိုက်ရုံနဲ့ ပေါလောပေါ်နေတာပဲ၊ မြုပ်မသွားဘူးလို့ ထင်စရာပါပဲတဲ့။ တကယ်တမ်းကျတော့ သူ့တစ်ကိုယ်လုံး ရေပေါ်မှာ အခုလို ပေါ်နေဖို့အတွက် ခြေထောက်နှစ်ခြောင်းက ယက်ကန်ယက်ကန်နဲ့ ခပ်သွက်သွက်ကူးခတ်လှုပ်ရှား နေရတာကို ကျန်တဲ့သူက သိပ်မမြင်တတ်ကြပါဘူးတဲ့။ ဒီလိုပါပဲတဲ့။ အောင်မြင်သူတစ်ယောက်ကို ကြည့်တဲ့အခါ မှာလည်း သူအောင်မြင်နေတာကိုသာ သိနေတာ။ ဒီအောင်မြင်မှုရဖို့ ဘယ်လောက်အထိကြိုးစားခဲ့ရတယ်၊ ဒီအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် ဘယ်လောက်အထိဆက်ကြိုးစားနေရတယ်ဆိုတာကို သိပ်မြင်လေ့ မရှိကြပါဘူးတဲ့။ ဒီလိုမမြင်တော့ သူ့ကျတော့ဟန်ကျလိုက်တာ၊ ငါ့ကျတော့ ဘာမှအဆင်မပြေဘူးဆိုတဲ့အတွေးမျိုး တွေနဲ့ပဲ အလိုလိုနေရင် သိမ်ငယ်စိတ်၀င်ပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေတာမျိုးက ကိုယ့်ဘ၀အတွက် သိပ်တော့ အဆင်မပြေဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
သတိထားရမယ့် အချက်တစ်ချက်က အလျင်လိုမှုဖြစ်ပါတယ်။ ဘာပဲလုပ်လုပ်အမြန်အောင်မြင်ချင်တယ်။ အမြန်ကြီးပွာချင်တယ်။ အမြန်ပေါက်မြောက်ချင်တယ်။ စောင့်ရတာကိုသိပ်မကြိုက်ဘူး။ အချိန်တွေအကြာကြီး မြှုပ်နှံထားရမယ့်ဟာမျိုးကို သိပ်မလုပ်ချင်ကြဘူး။ ငွေရှာဖို့ဆိုရင် ငွေမြန်မြန်ရမယ့်ဟာမျိုးကိုပဲ စိတ်၀င်စားတယ်။ အောင်မြင်မှုအတွက်ဆိုရင်လည်း မြန်မြန်အောင်မြင်ဖို့သာ စိတ်စောနေတယ်။ ထင်ပေါ်ကျော်ကြားမှုအတွက် ဆိုရင်လည်း ဒီလိုပါပဲ။ ဘယ်လိုနည်းနဲ့ ကျော်ကြားသည်ဖြစ်စေ အမြန်ကျော်ကြားဖို့ကိုသာ စိတ်စောနေတတ် ပါတယ်။ ဒီတော့ငွေရပြီးရော၊ အောင်မြင်ရင်ပြီးရော၊ ကျော်ကြားရင်ပြီးရောဆိုတဲ့ ဖြတ်လမ်းနည်းမျိုးကို သုံးမိသွားတတ်ပါတယ်။ ဒီတော့ မှားသွားတတ်ပါတယ်။ ဒါ သတိထားရမယ့်အချက်ဖြစ်ပါတယ်။ ဘယ်လိုအောင်မြင်မှုမျိုးအတွက်မှ ဖြတ်လမ်းမရှိဘူးဆိုတာကို နားလည်ထားသင့်ပါတယ်။
စောစောကပြောခဲ့တဲ့အချက်တွေကိုပြန်ကောက်ရရင် လူတစ်ယောက်အောင်မြင်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် လည်း ယုံကြည်မှုအပြည့်ရှိလာတယ်၊ ကိုယ့်ပတ်၀န်းကျင်ကလူတွေကလည်း ကိုယ့်ကိုယုံကြည်လက်ခံလာကြတယ်။ လုပ်သမျှအရာထင်လာတယ်။ ပြောသမျှအောင်မြင်လာတယ်။ ဆင့်ကဲဆင့်ကဲ အောင်မြင်မှုတွေလည်း ရလာတတ်တယ်။ ကိုယ်မအောင်မြင်တော့ရင် ကိုယ့်ကိုယ်ကိုယ်လည်းမယုံဘူး၊ ကိုယ့်ကိုယ်လည်း ဘယ်သူမှ သိပ်မယုံချင်ကြတော့ဘူး။ လုပ်သမျှလဲ အရာရာနဲ့အကြောင်းကြောင်းချည်းပဲ ဖြစ်နေတတ်ပါတယ်။ ဒီအချက်လေး နှစ်ချက်က ဖြစ်တတ်တဲ့သဘောသဘာဝတွေဆိုတာကို သတိထားရမှာဖြစ်ပါတယ်။
တီထွင်သူသိပ္ပံပညာရှင်ကြီးတွေလိုမျိုး၊ တကယ့်ဇွဲလုံ့လကြီးသူတွေကတော့ ဘယ်လိုလောကဓံမျိုးနဲ့ပဲ ကြုံရကြုံရ ကိုယ့်လမ်းကိုယ်သာ ဖြောင့်ဖြောင့်ကြီးလျှောက်လှမ်းသွားကြတာပါပဲ။ ဒီတော့ရေရှည်မှာ အောင်မြင်မှုက ရသွားကြတာပါပဲ။ ဒါပမေယ့် အများအားဖြင့်တော့ သူသူကိုယ်ကိုယ်က လောကဓံလှိုင်းပုတ်လိုက်တာနဲ့ ယိမ်းယိုင်သွားတတ်ကြပါတယ်။ ဒီတော့ အထက်ကဆိုခဲ့တဲ့သဘောသဘာဝလေးတွေကို သိထားခြင်းအားဖြင့် ကဏ္ဍတစ်ခုခုမှာတော့ အောင်မြင်အောင်ကြိုးစားထားမှဖြစ်မယ်ဆိုတဲ့ စိတ်ထားမျိုးကို မွေးမြူသင့်ပါတယ်။ ဆောင်ရွက်ဆဲလုပ်ငန်းတစ်ခုက ခဏလောက်နဲ့ ရလဒ်ကောင်းထွက်မလာသေးဘူးဆိုရင်လည်း အားနည်းချက်တွေ ပြန်ရှာပြီးတော့ ထပ်ကြိုးစားကြည့် ဦးမှပါလားဆိုတဲ့ ခံယူချက်မျိုး တည်ဆောက်ထားသင့်ပါတယ်။ အလွယ်တကူ စိတ်ပျက်အားလျှော့လေ့ရှိတဲ့ အကျင့်မျိုးရှိခဲ့ရင်လည်း အမြန်ဆုံးပယ်ဖျောက်လိုက်သင့်ပါတယ်။
ဒီအလုပ်လုပ်တယ်။ မအောင်မြင်ဘူး။ နောက်တစ်ခုပြောင်းလုပ်တယ်။ ဒါကတော့ သဘာ၀ကျပါတယ်။ ဒါပေမယ့် ခဏခဏပြောင်းနေရင်တော့ သိပ်အဆင်မပြေနိုင်တော့ပါဘူး။ နည်းနည်းပါးပါးတော့ ဇွဲရှိဦးမှ သင့်ပါလိမ့်မယ်။ ခဏခဏပြောင်းနေတာက အစွန်းတရားတစ်ခုဖြစ်သလို နောက်ထပ်အစွန်းတရားတစ်ခုကလည်း ဘာမှပြောင်းမလုပ်ချင်တော့တာပါ။ ဒီဟာမှမရရင်တော့ တစ်ခြားဟာလည်း သိပ်ဖြစ်မှာမဟုတ်တော့ပါဘူးဆိုပြီး နောက် ထပ်ဘယ်အရာကိုမှ ကြိုးစားကြည့်ချင်စိတ်မရှိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြစ်သွားတာမျိုးပါ။ ဒါလည်း မဖြစ်သင့်ပါဘူး။ အရာရာကို လက်မြှောက်အရှုံးပေးလိုက်ပြီဆိုတဲ့စိတ်ဓာတ်မျိုးဟာ ဘယ်တော့မှ မမွေးမြူသင့်တဲ့အရာမျိုးပါ။
ကိုယ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းအားဖြင့် ကိုယ့်ရဲ့ကာယအားဥာဏအားတွေသာ ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်ပတ်၀န်းကျင်ကလူတွေကိုပါ ထိခိုက်စေပါတယ်။ စိတ်ပျက်စေပါတယ်။ မြင်ရသူ စိတ်မချမ်းမြေ့ဖွယ်ဖြစ်စေပါတယ်။ ကိုယ်အားသန်ရာ ကဏ္ဍတစ်ခုခုမှာတော့ ကြိုးစားအကောင်အထည်ဖော်နေသင့် ပါတယ်။ ကြိုးစားနေမှ တစ်ချိန်ချိန်မှာ အောင်မြင်နိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ စိတ်ပျက်လက်လျှော့ လိုက်ရင်တော့ မျှော်လင့်စရာမရှိတော့ပါဘူး။
ကိုယ်ကိုယ်တိုင်စိတ်ချမ်းသာဖို့၊ ကိုယ့်ပတ်၀န်းကျင်ကလူတွေစိတ်ချမ်းသာဖို့အတွက်ဆိုရင် အနည်းနဲ့အများ ဆိုသလို အောင်မြင်မှုလေးတွေ ဆောင်ကြဉ်းပေးနိုင်မှဖြစ်မှာပါ။ အောင်မြင်မှကိုဖြစ်မှာပါ။ နည်းတာများတာ၊ သေးတာကြီးတာ အဓိကမကျပါဘူး။ အရေးကြီးတာကတော့ နယ်ပယ်တစ်ခုခုမှာ အောင်မြင်မှုရနေဖို့ပါပဲ။
အောင်မြင်မှဖြစ်မယ်ဆိုတဲ့ခံယူချက်နဲ့ မဖြစ်မနေကြိုးစားကြမယ်ဆိုရင်တော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ သေချာပါတယ်။
သိုက်စိုးထွန်း(နတ်ရွာ)
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ထုတ်
Democracy Today သတင်းစာ
Keep Reading