Lin Myaing
ယနေ့ခေတ် အပြန်အလှန်ချိတ်ဆက်နေသောကမ္ဘာတွင် ဆိုရှယ်မီဒီယာများသည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝများ၌ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာသည်။
သူငယ်ချင်းများ၊ မိသားစုများနှင့် အဆက်အသွယ်မပြတ်ဆက်သွယ်နိုင်သည်နှင့်အတူ ခေတ်ရေစီးကြောင်းနှင့် စိတ်ကူး စိတ်သန်းအသစ်များကို ရှာဖွေခြင်းအထိ အသုံးဝင်လျက်ရှိပါသည်။
Facebook၊ Instagram၊ Twitter နှင့် TikTok ကဲ့သို့သော ဆိုရှယ်ပလပ်ဖောင်းများသည် ချိတ်ဆက်မှုနှင့် မိမိကိုယ်ကို ဖန်တီးနိုင်ခြင်းများအတွက် အခွင့်အလမ်းများစွာကို လုပ်ဆောင်ပေးနေပါသည်။
သို့သော် ကျယ်ဝန်းသော ကွန်ယက်များကြားတွင် အန္တရာယ်ရှိသော အဆိပ်အတောက်များလည်း ရှိနေပါတယ်။
ဆိုရှယ်မီဒီယာ အဆိပ်အတောက်များကြောင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခံရခြင်း၊ လေလှိုင်းပေါ်မှ ခြိမ်းခြောက်နှောင့်ယှက်ခြင်းများနှင့် သတင်းမှားများပျံ့နှံ့ခြင်းတို့ကို အယုံလွယ်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ၎င်းအချက်များကြောင့် သုံးစွဲသူများသည် မိမိကိုယ်ကို လုံခြုံမှုမရှိသည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လာရသည်။
ဆိုရှယ်မီဒီယာများ၏ အဆိပ်အတောက်ဖြစ်စေသည့် အဓိကအချက်မှာ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခံရခြင်းပင်ဖြစ်သည်။ Pew Research Center မှ ပြုလုပ်သော စစ်တမ်းတစ်ခုအရ အမေရိကန်၌ အရွယ်ရောက်ပြီးသူ 41% သည် အွန်လိုင်းမှ နှောင့်ယှက်မှုများကို ကြုံတွေ့ခဲ့ရပြီး လူငယ်များသည် ၎င်း၏ပစ်မှတ်များ ဖြစ်လာကြသည်။ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခံရခြင်းကြောင့် စိတ်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ အဆိုးဆုံးအခြေအနေများ ကြောင့် မိမိကိုယ်ကို Suicide ပြုလုပ်ခြင်းများအထိ ဆောင်ရွက်လာကြသည်။
ထို့အပြင် ဆိုရှယ်မီဒီယာ ပလပ်ဖောင်းများသည် သတင်းမှားများ ပျံ့နှံ့မှုအတွက် မွေးထုတ်ပေးရာနေရာဖြစ်လာသည်။ မှားယွင်းသော အချက်အလက်များကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်း သို့မဟုတ် မရည်ရွယ်ဘဲ မျှဝေခြင်းတို့ကြောင့် အယုံလွယ်သူများသည် ဆိုးကျိုးနဲ့ရင်ဆိုင်လာရသည်။ သတင်းမှားဖြန့်ဝေခြင်းကြောင့် အကျိုးဆက်များ၊ အများသူငှာ ထင်မြင်ယူဆချက်များကို လွှမ်းမိုးသွားစေနိုင်ပြီးနိုင်ငံရေးအယူဝါဒများနှင့် မှန်ကန်သောသတင်းရင်းမြစ်များအပေါ် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်။
လူနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများအကြား ဤစိန်ခေါ်မှုများ သို့မဟုတ် အဆိပ်အတောက်များလျော့ပါးစေရန် ဆောင်ရွက်ရမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်-
ဆိုရှယ်မီဒီယာ၏ အဆိပ်သင့်မှုကို လျော့ပါးသက်သာစေရန် လုပ်ဆောင်နိုင်သည့် အဆင့်များရှိပါသည်။
ပထမဦးစွာ၊ အသုံးပြုသူများသည် ဒစ်ဂျစ်တယ်လုံခြုံရေးကို သိရှိထားရန်လိုအပ်ပါသည်။
(ဒစ်ဂျစ်တယ်လုံခြုံရေးအကြောင်း စာဖတ်သူများသိရှိနိုင်ရန် ထပ်မံတင်ဆက်ပေးသွားပါဦးမည်)
ထို့အပြင် ပလပ်ဖောင်းများအနေဖြင့် လုံခြုံခိုင်မာသော မူဝါဒများကို အကောင်အထည် ဖော်ခြင်းဖြင့် ဆိုရှယ်မီဒီယာ အသုံးပြုသူများ၏ ဘေးကင်းရေးနှင့် စိတ်လုံခြုံချမ်းသာမှုဖြစ်စေရန် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။ မတူကွဲပြားသော ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာများကို လေးစားလိုက်နာကာ ပလက်ဖောင်းပေါ်ရှိ ဒေတာအချက်အလက်များကို စစ်ဆေးခြင်း၊ အကြောင်းအရာများကိုစိစစ်ခြင်းများမှတစ်ဆင့် သတင်းမှားများပျံ့နှံ့မှုကို တိုက်ဖျက်ရမည်ဖြစ်သည်။
ထို့အပြင် ပညာပေးရေးအစီအစဉ်သည် ဆိုရှယ်မီဒီယာအဆိပ်သင့်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းများတွင် ဒစ်ဂျစ်တယ်တတ်မြောက်ကျွမ်းကျင်မှုစွမ်းရည်များကို သင်ကြားပေးခြင်းဖြင့် အွန်လိုင်းပေါ်မှ
အကြောင်းအရာကို ဝေဖန်အကဲဖြတ်နိုင်သည့် အသိများရရှိစေနိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရှယ်မီဒီယာသည် များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းသော်လည်း လျစ်လျူရှု၍မရနိုင်သော အဆိပ်အတောက်များလည်း ရှိနေပါသည်။
ဆိုက်ဘာရာဇဝတ်မှုခင်းများနှင့် သတင်းမှားများကြောင့် ဆိုရှယ်မီဒီယာ၏ အဆိပ်သင့်ခြင်းများသည် နည်းပညာတိုးတက်လာသည်နှင့်အမျှ ယင်းဆိုးကျိုးများ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လျက်ရှိပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းအပြင် လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ယဉ်ကျေးသောအလေ့အထကို မွေးမြူခြင်း၊ ထိရောက်သော ဆိုရှယ်မီဒီယာမူဝါဒများကို အကောင်အထည်ဖော်ခြင်းနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတို့ကို မြှင့်တင်ပေးခြင်းဖြင့် သုံးစွဲသူအားလုံးအတွက် ပိုမိုလုံခြုံပြီး စိတ်ချရသော ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။
#လင်းမြိုင်
Keep Reading