Author's Profile Photo

SarPhat Author

17/03/2024

ကျနော်နှင့်စာအုပ်

1 min read
Art

တစ်ရက်သောအခါ၌ ကျနော်သည် ပျင်းပျင်းရှိသည်နှင့် စာအုပ်အား လက်ဖက်ရည်ဆိုင်ထိုင်ရန် ဖုန်းဆက်ခေါ်
အ​ဖော်စပ်လိုက်၏။ စာအုပ်သည် လက်ဖက်ရည်ဆိုင်
မသွားချင်ကြောင်းနှင့် အဆင်ပြေရင် ကျနော့်အိမ်၌ တွေ့မည်ဟု ပြောသဖြင့် ကျနော်လည်း အဆင်ပြေကြောင်း ပြောလိုက်သည်။ ညနေ ၅နာရီ ၃၀ မိနစ်တိတိရှိပြီဖြစ်သည်။စာအုပ် ရောက်လာပြီဖြစ်သည်။ ကျနော်သည် ခြံထဲ၌ ထိုင်ခုံနှစ်ခုံချထားသည်။ တစ်ခုံမှာ ကျနော်ထိုင်ဖို့ ဖြစ်ပြီး ကျန်တစ်ခုံမှာ ကော်ဖီခွက်တင်ရန်ဖြစ်သည်။
"ကိုယ့်လူ အချိုလား အခါးလား"
ကျနော်မေးလိုက်သည်။ စာအုပ်က
"ကော်ဖီဆိုတော့ အခါးပေါ့ကွာ"
ထို့နောက် အလ္လပသလ္လပစကားများ ဆက်ပြောကြ၏။
ညနေ ၅နာရီ ၃၁ မိနစ်တိတိရှိပြီ ဖြစ်သည်။
"အော် ဒါနဲ့ ခင်ဗျားကို ကျနော်မေးပါဦးမယ်"
"မေးပါ မေးပါ ကြိုက်တာမေးလို့ရပါတယ်"
"ခင်ဗျားနဲ့ကျနော် သိတာကြာပြီနော်..."
စာအုပ်သည် ပြုံးပြုံးကြီးနှင့် ခေါင်းငြိမ့်သည်။
"ဒါဖြင့်ရင် ခင်ဗျားနဲ့ကျနော်နဲ့က မိတ်ဆွေတွေလား"
စာအုပ် ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။
"မင်းငါ့ကို မိတ်ဆွေလို့သဘောထားရင် ငါတို့က
မိတ်ဆွေတွေပဲပေါ့ကွာ..."
သောက်လက်စကော်ဖီခွက်ကို ကျနော်လှမ်းယူလိုက်သည်။ သို့သော် ကော်ဖီခွက်ထဲ၌ ကော်ဖီကုန်နေပြီဖြစ်သည်။
ညနေ ၅ နာရီ ၃၂ မိနစ်တိတိရှိပြီ ဖြစ်သည်။
"ခင်ဗျားက ကူညီပေးရတာ အတော်ကြိုက်တယ်​နော်..."
စာအုပ်သည် ပြုံးပြုံးကြီးနှင့် ခေါင်းငြိမ့်သည်။
"ဒါဖြင့်ရင် ခင်ဗျား ဘယ်သူတွေကို ဘယ်လိုကူညီလဲ"
စာအုပ် ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။
"ငါရဲ့မိတ်ဆွေတိုင်းကို ငါကူညီပါတယ် ဘယ်လိုနည်းနဲ့လည်းဆိုတော့ အမြဲတမ်း တစ်ယောက်တည်းဖြစ်နေတဲ့ သူတို့အတွက် ငါကမိတ်ဆွေအဖြစ် ရှိနေပေးတယ်..."
သောက်လက်စကော်ဖီခွက်ကို ကျနော်လှမ်းယူလိုက်သည်။ သို့သော် ကော်ဖီခွက်ထဲ၌ ကော်ဖီကုန်နေပြီဖြစ်သည်။
ညနေ ၅ နာရီ ၃၃ မိနစ်တိတိရှိပြီ ဖြစ်သည်။
"ခင်ဗျားက ဘာမဆို အကုန်သိတယ်နော်..."
စာအုပ်သည် ပြုံးပြုံးကြီးနှင့် ခေါင်းငြိမ့်သည်။
"ဒါဖြင့်ရင် ကျနော်ဘယ်နေ့သေမလဲဆိုတာ ခင်ဗျား
ပြောပြနိုင်လား"
စာအုပ် ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။
"ငါက စာအုပ်လေကွာ ဘုရားသခင်မှ မဟုတ်တာ
အနာဂါတ်ကိုတော့ မမြင်နိုင်ပါဘူး... "
သောက်လက်စကော်ဖီခွက်ကို ကျနော်လှမ်းယူလိုက်သည်။ သို့သော် ကော်ဖီခွက်ထဲ၌ ကော်ဖီကုန်နေပြီဖြစ်သည်။
ညနေ ၅ နာရီ ၃၄ မိနစ် တိတိရှိပြီ ဖြစ်သည်။
"မင်းက မင်းသေမဲ့နေ့ သိချင်တာနော်..."
ကျနော်သည် ပြုံးပြုံးကြီးနှင့် ခေါင်းငြိမ့်သည်။
"အေး တစ်ခုတော့ရှိတယ်ကွ ငါအနာဂါတ်ကို
မမြင်နိင်ပေမဲ့ ငါမင်းကို အနာဂါတ်ကို ပို့ပေးနိုင်တယ်
မင်းသွားမလား "
ကျနော် ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။
"သွားမယ်ဗျာ..."
သောက်လက်စ ကော်ဖီခွက်ကို စာအုပ်လှမ်းယူလိုက်သည်။ သို့သော် ကော်ဖီခွက်ထဲ၌ အချိန်ကုန်နေပြီဖြစ်သည်။
ညနေ ၅ နာရီ ၃၅ မိနစ်တိတိရှိပြီ ဖြစ်သည်။

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့