Author's Profile Photo

ဆွေ (မန္တလေး)

7/09/2024

မျှော်လင့်ချက်မထားပဲနေကြည့်ပါ။

2 mins read
Life Style
Personal Development
18 Again
မျှော်လင့်ချက်မထားပဲနေကြည့်ပါ။'s photo

မျှော်လင့်ချက် မထားပဲ နေ့စဉ် ဖြတ်သန်းရမည် ဆိုလျှင် မည့်သည့်အကျိုးဆက် ရမည်နည်း။

❝မျှော်လင့်ခြင်း❞

လူတစ်‌ယောက်သည် သူပေးဆပ်လိုက်ရသည့် တန်ဖိုးနှင့်တူညီသည့် အရာတစ်ခုခုကိုတော့ ပြန်လိုချင်သည့်မျှော်လင့်ချက်ရှိတတ်သည်။ အချိန်၊ ငွေ၊ မေတ္တာ၊ ကရုဏာ စသည့် အဖိုးတန် တစ်စုံတစ်ခုကို ပေးရသည်ကလည်း ဝမ်းသာပီတိဖြစ်စရာ တစ်ခုပါ။ မိဘမေတ္တာကလွဲလျှင် ကိုယ်တိုင်ကရော တစ်စုံတစ်ယောက်ကရော တစ်ခုခုရပြီဆိုလျှင် ကိုယ်ပြန်ပေးချင်သလို တစ်ဖက်ကလည်းမျှော်လင့်နေတတ်သည်။

မျှော်လင့်သည့်အတိုင်းသာ ဖြစ်လာခဲ့လျှင် သို့မဟုတ် မျှော်လင့်သည့်အတိုင်းအတာထက် ပိုပြီးရလာခဲ့လျှင် ဤမျှော်လင့်သည့် ခံစားချက်သည် ကောင်းမွန်ပေလိမ့်မည်။ သို့သော် မျှော်လင့်သည့်အတိုင်းသာ ဖြစ်မလာခဲ့ဘူးဆိုလျှင် စိတ်ပျက်မှု၊ နာကျင်မှု၊ အလိုမကျမှု နှင့် ဝမ်းနည်းမှုများ ခံစားရလိမ့်မည်မဟုတ်လား။

ကိုယ်ပေးပြီးသား တစ်ခုခုကို စိတ်ယတိပြတ်အတိုင်းသာ ပေးလိုက်ပါ။ သူ့ဘက်က ဘာပြန်လိုချင်သည့် တိတ်တခိုး မျှော်လင့်ချက်ကလေးနဲ့တောင် မျှော်လင့်မိပါလျှင် ဖြစ်လာခဲ့ရင် အကောင်းဆုံးပေတည်း။ မဖြစ်နိုင်ခဲ့လျှင်တော့ ကိုယ်ပေးပြီးလို့ ရသည့်ကုသိုလ်လေးတောင် ငြိုငြင်စိတ်ကလေးကြောင့် အချည်းနှီးသာဖြစ်လိမ့်မည်။ မမျှော်လင့်ပဲနေကြည့်ပါ။

လက်ဆောင်၊ ပစ္စည်းတစ်ခုခု‌အပေါ်တွင်ပင် ပြောခြင်းမဟုတ်ပါ။ မျှော်လင့်ချက်ထားမိသည့်အရာများထဲတွင် လူတစ်ယောက်အပေါ်ထားမိသည့်မျှော်လင့်ချက်သည် အန္တရာယ်အများဆုံးဖြစ်၏။

ကျွန်မတွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်ရှိခဲ့ဖူးသည်။ သူမ၏ ချစ်သောသူနှင့် ရန်ဖြစ်စကားများကြသည်မှာ တစ်ခါမဟုတ် နှစ်ခါမဟုတ် ပြဿနာသည် မသိတတ်ခြင်းအပေါ်တွင် အခြေခံသည်။ မသိတတ်ခြင်းအကျင့်များ ပြောင်းလာမလား ပြောင်းမလားဟူသည့် မျှော်လင့်ချက်စိတ်ဖြင့် သူမ လက်တွဲလာခဲ့သည်မှာ သူမတို့ ချစ်သူသက်တမ်း ၇နှစ်ကျော်ခဲ့ပြီ။

အလုပ်အကိုင်အတွက် သူမကိုယ်တိုင် ဖန်တီးပေးသည် ရှာ‌ပေးသည်။ နှစ်ယောက်ထဲတွင် သူမသည် အသက် ၂နှစ်ပိုကြီးသူပီပီ မိန်းကလေးဖြစ်သည့်တိုင် အလုပ်အကိုင်ကအစ သူမဦးဆောင်ခဲ့သည်။ သူမ၏ မိသားစုထဲတွင် သူမသည်အငယ်ဆုံးဖြစ်သော်လည်း သူမ၏မိသားစုကို ရအောင် ထောက်ပံ့ပေးခဲ့သည်။ ချစ်သူအတွက်သော်လည်းကောင်း မိသားစုအတွက်သော်လည်းကောင်း သူမသည် ရှေ့မှာ မားမားမတ်မတ်ရပ်တည်နိုင်သည့် အမျိုးသမီးတစ်ဦးပင်။

လူငယ်ချစ်သူစုံတွဲပီပီ ပျော်ပါးလျှောက်လည်ကြသည့်အချိန်များတွင်လည်း ငွေရေးကြေးရေးအရ သူမတာဝန်ယူပေးခဲ့သည်က များသည်။ သို့သော် သူမချစ်သူဆီမှ ပြန်မျှော်လင့်ခဲ့သည်မှာ သူမချစ်သူဘက်က အိမ်နှင့် အသိမှတ်ပြု မိတ်ဆက်ပေးစေချင်သည့် ဆန္ဒကလေးပင်။ နှစ်တွေကြာလာသည်နှင့်အမျှ သူမတို့နှစ်‌ဦးကြားထဲ ပြဿနာတဖြည်းဖြည်းချင်း ကြီးထွားလာခဲ့သည်။ ညှိနှိုင်းလို့မရတော့သည့်အဆုံး သူမမျှော်လင့်ချက်သည်လည်း တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။  နောက်ဆုံး မျှော်လင့်ချက်ကို လက်လွှတ်လိုက်တော့မယ်ဟု သူမဆုံးဖြတ်တဲ့အချိန်တစ်ခုအရောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ကြိုးစားတည်ဆောက်ထားသည့် ၇နှစ်တာ ဆက်ဆံရေး လက်လွှတ်လိုက်တော့ဖို့ဖြစ်သည်။

လူတစ်ယောက်အပေါ် ကိစ္စတစ်ခုအပေါ် မျှော်လင့်စောင့်စားရသည့်အလုပ်သည် စိတ်အပင်ပန်းဆုံးအလုပ်ဖြစ်လိမ့်မည်။ အချိန်ပေးဖို့မျှော်လင့်မည်။ ဂရုစိုက်ပေးဖို့ မျှော်လင့်မည်။ ကိုယ့်အနားနေဖို့ မျှော်လင့်မည်။ ကိုယ့်စီအရောက်လာဖို့မျှော်လင့်မည်။ နားလည်ပေးဖို့ မျှော်လင့်မည်။ သည်းခံပေးဖို့ မျှော်လင့်မည်။ လက်ခံပေးဖို့ မျှော်လင့်မည်။ မျှော်လင့်ခြင်းပေါင်းများစွာ အကုန်လုံးသည် မောပန်းရသည်။ ပင်ပန်းရသည်။

သားသမီးနှင့် မိဘကြားလည်း ထို့နည်းတူ သားသမီးဘက်က သိတတ်ဖို့ မျှော်လင့်မည်။ မိဘဆီက အချိန်ပေးဖို့ နားလည်ပေးဖို့ မျှော်လင့်နေမည်။ အလုပ်ပတ်ဝန်းကျင်တွင် ထို့နည်းပင် ပိုရက်စက်သည်။ ပိုဆိုးလိမ့်မည်။ ကိုယ်က စေတနာထားလုပ်ပေးလိုက်သည် သို့ပေတည်း ကိုယ့်ဆီပြန်ရသည်ကျ ကိုယ့်စေတနာနဲ့မတန်တာတွေမျိုး ဖြစ်တတ်သည်။ မျှော်လင့်ချက် ဘယ်နှခါ ရိုက်ချိုးခံရ ခံရ အမှတ်သည်းချေမရှိ ကျွန်မတို့က မျှော်လင့်မိနေတုန်းပဲဆိုတာ ဝန်ခံရပါမည်။

စိတ်ထဲပေါ်လာသမျှကို သက်ဆိုင်သူတွေကိုတော့ အသိပေးသင့်သည်။ တချို့က မ‌သိ၍ မလုပ်ပေးမိခြင်းရှိသလို တချို့က မလုပ်ပေးနိုင်သည့်အခြေနေ တစ်ရပ်ဖြစ်နေသော‌ကြောင့် မဖြည့်ဆည်းပေးနိုင်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် တစ်ယောက်တည်း မြိုသိပ် တစ်ဖက်သတ် မျှော်လင့်မနေပဲနှင့် အသိပေးလို့ရသည့် အခြေနေမျိုးဆို ပြောကြည့် အသိပေးကြည့်သင့်သည်။ မည်သည့်ဆက်ဆံရေးကြားကို မဆို ဆိုလိုတာဖြစ်သည်။ သားသမီးနှင့်မိဘ၊ ချစ်သူနှစ်ယောက်၊ အလုပ်၌ လုပ်ဖော်ကိုင်ဖက်ကြား၊ အထက်လူကြီးနှင့်ကြား၊ မောင်နှမကြား မည်သည့်ကြားပင်ဖြစ်စေ အသိပေးပွင့်ပွင့်လင်းလင်းပြောပြသင့်သည်။

တစ်ဖက်မှ ကိုယ်မျှော်လင့်သည့် ဖြစ်စေချင်သည့် ကိစ္စသည် အခြေနေအရပ်ရပ်ပေါ် လုပ်ပေးနိုင်သည် ဆိုလျှင် ဝမ်းသာစရာပဲဖြစ်သည်။ မလုပ်ပေးနိုင်ဘူးဆိုလျှင်လည်း အကြောင်းပြချက်ကို သိရလျှင် ဖြေသိမ့်နိုင်သည်မဟုတ်လား။ ဒီလိုလေး နေကြည့်ကြမည်ဆိုလျှင် မအေးချမ်းနိုင်ပေဘူးလား။ စိတ်ပင်ပန်းမှု မသက်သာနိုင်ပေဘူးလား။

တိတ်တိတ်ကလေး မျှော်လင့်ချက်ထားနေတာထက် အရှိကို အရှိတိုင်း ထားပြီး မျှော်တလင့်လင့်ဖြစ်နေသည့် ကိစ္စများကို စိတ်မပင်ပန်းကြစေပဲ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

၈၊ စက်တင်ဘာလ၊ ၂၀၂၄။
မနက် ၁:၁၂။
ဆွေ (မန္တလေး)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး