Author's Profile Photo

Swal Nyoe

7/09/2024

အမျိုးသမီးများနဲ့ ရာသီစက်ဝန်းမမှန်ခြင်း?

2 mins read
Life Style
Health
General Knowledge
အမျိုးသမီးများနဲ့ ရာသီစက်ဝန်းမမှန်ခြင်း?'s photo

အမျိုးသမီးတွေအနေနဲ့ ရာသီလာတာနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေမျိုးစုံကြုံရပါတယ်။ တစ်ချို့ကဆိုရင် ရာသီမပေါ်ဘူး။ တစ်ချို့ကဆိုရင် ရာသီသွေးဆင်းတာများတယ်။ တစ်ချို့ကတော့ ရာသီမမှန်ဘူးပေါ့။ ဒါကြောင့်ဒီနေ့မှာတော့ ကျွန်တော်က ရာသီမမှန်တာကို မှန်အောင် ဘယ်လိုလေးတွေ လုပ်လို့ရလဲဆိုတာကို ပြောပြပေးသွားမှာပါ။

အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက်မတူသလို သူတို့ရဲ့ ရာသီစက်ဝန်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တစ်ချို့တွေရဲ့ ရာသီစက်ဝန်းဆိုရင် သံပတ်နာရီပေးထားသလိုမျိုး ဘယ်နေ့လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရပါတယ်။ တစ်ချို့တွေကကျတော့ ဒီလိုမျိုး ကြိုတင်ခန့်မှန်းလို့မရပါဘူး။ ရှေ့တိုးနောက်ဆုတ် အလျှော့အတင်းဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် ဘယ်လိုမျိုးကို ရာသီမမှန်ဘူးလို့ခေါ်တာလဲ။ ရက်မမှန်တာတစ်ခုတည်းကိုပဲ ရာသီမမှန်တာလို့ခေါ်တာ မဟုတ်ပါဘူး။ ပုံမှန်ဆိုရင် တစ်လနဲ့တစ်လ ရာသီလာတဲ့ကြားမှာ ၂၁ ရက်ကနေ ၃၅ ရက်အထိ ကြာနိုင်ပါတယ်။ အဲ့လိုမဟုတ်ပဲနဲ့ ရာသီလာတာက ၂၁ ရက်ထက် စောပြီးစလာနေတာ ဒါမှမဟုတ် ၃၅ ရက်ထက်ကြာပြီးတော့ လာနေတာဆိုရင် ဒါရာသီမမှန်တာလို့ ပြောလို့ရပါတယ်။ ပြီးတော့ ရာသီလာတဲ့ရက်က ပုံမှန်လာနေကြရက်ထက် အများကြီးစောနေတာ ဒါမှမဟုတ် အများကြီးနောက်ကျနေတာ ၉ ရက်ထက် ပိုစောပြီးလာတာ ၉ ရက်ထက် ပိုနောက်ကျတာမျိုးဆိုရင်လည်း ဒါရာသီမမှန်တာလို့ပြောလို့ရပါတယ်။ နောက်ပြီးတော့ ကိုယ်ဝန်ရှိလို့မဟုတ်ပဲ ရာသီစက်ဝန်းသုံးကြိမ်ဆက်တိုက် ရာသီသွေးမပေါ်တာ ရာသီသွေးဆင်းတဲ့ရက်စုစုပေါင်းက ၇ ရက်ထက်ပိုကြာနေတာ ရာသီသွေးဆင်းတဲ့ပမာဏက ပုံမှန်ဆင်းနေကြထက် အများကြီးများနေတာ ဒါမှမဟုတ် အများကြီးနည်းနေတာ ရာသီလာချိန်မှာ အရမ်းနာကျင်ကိုက်ခဲတာ၊ ပျို့တာ၊ အန်တာ နောက်ရာသီပုံမှန်လာတဲ့ရက် မဟုတ်ပဲနဲ့ ကြားရက်ထဲမှာသွေးဆင်းတာ နောက်လာတယ်ဆိုရုံလေး အယောင်ပြတာ အမျိုးသားနဲ့ အတူနေပြီးနောက် သွေးဆင်းတာ ဒီအချက်တွေထဲက တစ်ခုခုဖြစ်တယ်ဆိုရင်လည်း ဒါပုံမှန်မဟုတ်တဲ့ ရာသီလာခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဘာကြောင့်ရာသီမမှန်ရတာလဲဆိုရင်တော့ ဖြစ်စေရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။

(1) ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝမှာ အပြောင်းအလဲလေးတွေကြုံရတဲ့အခါမှာ ရာသီမမှန်တာမျိုး ဖြစ်တတ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ စိတ်ဖိစီးမှုများတာ၊ ကိုယ်အလေးချိန်ရုတ်တရက်တက်လာတာ၊ ရုတ်တရက် ပိန်သွားတာ၊ ပြီးတော့ အမြန်ဝိတ်ကျချင်ဇောနဲ့  မသင့်တော်တဲ့နည်းလမ်းတွေသုံးပြီး ကိုယ်အလေးချိန် ချပစ်တာ နောက် နေထိုင်မကောင်းဖြစ်တာနဲ့ ဗိုင်းရပ်စ်ပိုးဝင်တဲ့ အခါမျိုးတွေမှာဆိုရင် ရာသီမမှန်တာမျိုး ကြုံရတတ်ပါတယ်။

(2) ဆေးဝါးကြောင့်ဖြစ်ပါတယ်။ ကိုယ်ဝန်တားဆေးသုံးနေတဲ့ သူတွေ၊ အတက်ကျဆေး၊ စိတ်ကျသက်သာဆေးနဲ့ တချို့ဆေးဝါးတွေ သုံးစွဲနေတဲ့သူတွေမှာဆိုရင်လည်း ရာသီမမှန်တာဖြစ်တတ်ပါတယ်။

(3) အပျိုဖော်ဝင်ကာစ ရာသီသွေးပေါ်ကာစ 3နှစ်အတွင်းနဲ့ သွေးဆုံးခါနီး အချိန်တွေမှာဆိုရင် ရာသီမမှန်ဖြစ်တတ်ပါတယ်။

(4) အမျိုးသမီးရောဂါအချို့ကြောင့်ပါ။ ဘယ်လိုရောဂါတွေလဲဆိုတော့ သားအိမ်မှာ အသားလုံးတည်တာ၊ နောက်သားအိမ်တစ်သျှူးတွေက နေရာမှားပြီး တစ်ခြားနေရာကိုရောက်နေတာ သွေးလုံးတည်တာ၊ နောက် PID လို့ခေါ်တဲ့ အမျိုးသမီးအင်္ဂါအဖွဲ့အစည်းရောင်ရမ်းတာ၊ PCOS(ပီကော့စ်)လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်အိတ်တွေအများကြီးတည်တာ အစရှိတဲ့ရောဂါရှိတဲ့သူတွေမှာလည်း ရာသီမမှန်တာမျိုး ဖြစ်တတ်ပါတယ်။

(5) ဟော်မုန်းနဲ့ဆိုင်တဲ့ရောဂါတွေကြောင့်ဖြစ်ပါတယ်။ ဥပမာအားဖြင့် Thyroid ဟော်မုန်းများတဲ့ ရောဂါနဲ့ Thyroid ဟော်မုန်းနည်းတဲ့ရောဂါတွေမှာဆိုရင်လည်း ရာသီမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

(6) သွေးရောဂါအချို့မှာလည်း ရာသီ‌‌ေသွးများတာမျိုးကြုံတတ်ပါတယ်။
တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ရာသီမမှန်ဘူးလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါရာဇဝင်အရ ဖြစ်နိုင်တဲ့ အကြောင်းအရင်းပေါ်မူတည်ပြီးတော့ စမ်းသပ်ပေးတာ၊ အာထရာဆောင်းရိုက်တာ၊ သားအိမ်မှန်ပြောင်းကြည့်တာနဲ့ အသားစယူရတာမျိုးတွေ လုပ်ရပါတယ်။ အကြောင်းအရင်းပေါ်မူတည်ပြီးတော့ သောက်ဆေးအမျိုးမျိုးသောက်ရတာ ခွဲစိတ်ကုသရတာမျိုးတွေလည်း လုပ်ရနိုင်ပါတယ်။ တကယ်လို့ ရောဂါကြီးကြီးမားမားမရှိပဲ ရာသီမမှန်တဲ့သူတွေဆိုရင်တော့ ရာသီပြန်မှန်ဖို့အတွက် နည်းလမ်းတွေရှိပါတယ်။ အဓိက ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရမယ်။ အစားကိုအဟာရပြည့်ဝအောင်စားပေးပါ။ လေ့ကျင့်ခန်းကို တော်သင့်ရုံလုပ်ပါ။ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်တာ၊ ဝိတ်ကျချင်လို့ အစားကိုအများကြီးလျှော့စားလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ ဖြည်းဖြည်းနဲ့ မှန်ကန်တဲ့ ဝိတ်ချတဲ့နည်းလမ်းကို သုံးပါ။ နောက် ပြည့်ပြည့်ဝဝ အနားယူချိန်ထားရမယ်။ အိပ်ချိန်မှန်မှန် အိပ်ရပါမယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ ယောဂကျင့်တာ၊ တရားထိုင်တာတွေကလည်း သက်သာစေပါတယ်။ ပြီးတော့ ဟော်မုန်းတားဆေးတွေ၊ ကိုယ်ဝန်တားဆေးတွေ သောက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သောက်ဖို့အကြံပြုလိုပါတယ်။ နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ ပုံမှန်လာနေကြ ရာသီစက်ဝန်းကနေ ရက်အနည်းငယ်လောက် သွေဖယ်ရုံနဲ့တော့ စိုးရိမ်စရာမလိုအပ်ပါဘူး။ အကြောင်းအရင်းအများစုကတော့ မပြင်းထန်တဲ့ အခြေအနေတွေကြောင့် ဖြစ်တတ်ပြီး ဆေးသောက်ရုံ နေထိုင်စားသောက်မှုပြောင်းလဲရုံနဲ့တင် သက်သာနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ကိုယ်ဘာကြောင့် ရာသီစက်ဝန်းမမှန်ရတာလဲဆိုတာလေးကို သိသွားလောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် ဒီနေ့ရဲ့ ခေါင်းစဉ်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် ခင်ဗျာ။

စာဖတ်သူများကို အစဉ်အမြဲလေးစားလျက်
#စွဲညို့



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး