Luminous Pai
“တနေ့ကျရင် ကမ္ဘာကြီးကို ပြောင်းလဲ ပစ်မယ်။”
“လူသားတွေကို ကူညီမယ်။”
“မိဘတွေကို ကိုယ်စိတ် နှစ်ပါး ချမ်းသာအောင် ထားမယ်။”
“လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ စာရေးဆရာ ဖြစ်ရမယ်။”
“ကမ္ဘာကသိတဲ့ သရုပ်ဆောင် ဖြစ်ရမယ်။”
“အိပ်နေရင်တောင် ပိုက်ဆံတွေဝင်နေရမယ်။”
အခုလို ကမ္ဘာနဲ့ချီတဲ့ အိပ်မက်တွေအကြောင်း ကျနော်တို့ မကြာမကြာ ပြောဆို ဆွေးနွေးလေ့ရှိကြပါတယ်။
နားထောင်လို့ သိပ်ကောင်းတဲ့ စကားတွေပေါ့။
တခါက အရစ်စတိုတယ်က ပြောဖူးတယ်။
“ထပ်ခါတလဲလဲပြုလုပ်ခြင်းကနေ ကျနော်တို့ ဆိုတာ ဖြစ်လာတယ်။ ထူးချွန်တယ်ဆိုတာ လုပ်ရပ်တခု မဟုတ်ဘူး။ အလေ့အကျင့်တခု တဲ့။-
❝?? ??? ???? ?? ?????????? ??. ??????????, ????, ?? ??? ?? ???, ??? ? ?????.❞
By Aristotle
သဘောကတော့ နယ်ပယ်တခုမှာ ကျွမ်းကျင်တယ်၊ အောင်မြင်တယ်ဆိုတာ ကံထလာလို့ ဖြစ်သွားတာမျိုးမဟုတ်ဘဲ အလေ့အကျင့်တခုကို consistency ရှိရှိ လုပ်ရင်း ရလဒ်ကောင်းရပြီး အောင်မြင်သွားတာလို့ ဆိုလိုတာပါ။
ကျနော်တို့ အိပ်မက်တွေ အကြောင်းကို ပြန်ဆက် ကြည့်ရအောင်ဗျာ။
မိဘကို ချမ်းချမ်းသာသာ ထားချင်တယ်။
ထားဖို့လဲ စိတ်ကူးထားတယ်။ ရည်မှန်းချက်လဲကောင်းတယ်။ နည်းလမ်းတွေလဲသိတယ်။ ကြိုးစားတယ်။
ဒါပေမယ့် ရလဒ်က မျှော်လင့်သလို ဖြစ်မလာဘူး။
အမှန်က ကျနော်တို့မှာ ကိုယ်ပိုင်စည်းကမ်းဆိုတဲ့
( Self-Discipline) မရှိတာပါ။ စိတ်ပါမှ ထလုပ်တတ်ကြတာ များပါတယ်။
ကိုယ့်စည်းကမ်းကို ကိုယ်တိုင် မလိုက်နာဘူးဆိုရင် လိုချင်တဲ့ ပန်းတိုင် တခုကို ရောက်ဖို့ (လုံးဝ) ကို မဖြစ်နိုင်ပါဘူး။
ထပ်ပြောပါမယ် (လုံးဝ) မဖြစ်နိုင်ပါဘူး။
ဆိုတော့ Self-Discipline ဆိုတာ ဘာကြီးလဲ ?
အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ရရင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ခြင်း၊ ထိန်းကွပ်ခြင်း၊ ဆုံးမခြင်း လို့ ဆိုလို့ရပါတယ်။
Self-Discipline ဆိုတာ ကိုယ်လုပ်ရမယ့် အလုပ်တခုကို လုပ်ရမယ့် အချိန်ရောက်လာတာနဲ့ လုပ်ချင်ချင်၊ မလုပ်ချင်ချင် လုပ်နိုင်တဲ့ စွမ်းရည်တခုပါ။
ပျော်သည်ဖြစ်စေ။ မပျော်သည်ဖြစ်စေ။
စိတ်ပါသည်ဖြစ်စေ။ မပါသည်ဖြစ်စေ။
Self-Discipline အတိုင်း လိုက်နာ ဆောင်ရွက်နိုင်ရင် အလုပ်တကယ် ပြီးမြောက်ပါတယ်။
ကျနော်တို့က Self-Discipline တောင် မရှိသေးဘဲ
ကမ္ဘာကြီးကို ကယ်တင်ဖို့ စဥ်းစားနေတာက မိုက်ရူးရဲ မဆန်လွန်းဘူးလားဗျာ။
ဒါဆို Self-Discipline က ဘယ်လိုလူတွေအတွက် အရေးကြီးတာလဲ။
ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေ ၊လုပ်ငန်းတခုကို ဦးစီး နေတဲ့ စီးပွားရေး ပညာရှင်တွေ သူတို့တွေအတွက်ပဲ အရေးကြီးပါတယ်။
လူအများစု ဒီလိုပဲ လက်ခံထားတတ်ကြပါတယ်။
“Self-Discipline ဆိုတာ ကုမ္ပဏီ ပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေအတွက်ပဲ လိုအပ်တာပါကွာ။ ငါတို့က ဒီအလုပ်လေးနဲ့ ဒီအတိုင်းပဲ ကောင်းပါတယ်။”
သင် ဒီလိုတွေးခဲ့ဖူးတယ်။ တွေးမိနေတယ် ဆိုရင် ပြဿနာရှိပါတယ်။
ဘာပြဿနာလဲ ဆိုတော့ Comfort zone ထဲက မထွက်ချင်တဲ့ပြဿနာပါ။
သက်သောင့်သက်သာပဲ နေချင်တယ်။ ခေါင်းစား မခံနိုင်ဘူး။
တခုခုဆို စိတ်ပါရင် ထလုပ်မယ်။ မပါရင် မလုပ်ဘူး။
ဒါတွေက ကြီးပွားချင်စိတ်ပဲရှိပြီး လက်တွေ့ မလုပ်တဲ့ လူတွေမှာ ကွက်ကွက်ကွင်းကွင်းတွေ့နိုင်တဲ့ အားနည်းချက်တခုပါ။
(Comfort Zone နဲ့ ပတ်သက်ပြီး နောက်လာမယ့် content တွေမှာ ထပ်မံတင်ဆက်ပေးပါမယ်)
ဆိုတော့ ဥပမာအနေနဲ့ ကျနော်တို့ အိမ်က အမေကို လေ့လာကြည့်ရအောင်ဗျာ။
အမေက မနက် ၅နာရီဆိုတာနဲ့ ထတယ်။
ထမင်း၊ဟင်း ချက်တယ်။
၆နာရီမှာ ဘုရားရှိခိုးတယ်။
ကလေးတွေ ကျောင်းအတွက် ထမင်းချိုင့်ပြင်တယ်။
၇နာရီမှာ ကျောင်းပို့တယ်။
ညနေ ၄နာရီကျ အဝတ်အစားတွေ လျှော်တယ်။
ညစာချက်ပြုတ် ကျွေးမွေးတယ်။
ဘုရားရှိခိုးပြီးတာနဲ့ အိပ်တယ်။
ဒါကို ရိုးရိုးလေးပဲ ကြည့်ရင် ရိုးရိုးလေးပဲမြင်ပါတယ်။
“သြော် ဒါက သူလုပ်စရာရှိတာ သူလုပ်တာပဲလေ”ပေါ့။
အဲ့ထက် နည်းနည်းလောက် ပိုစဥ်းစားကြည့်ရအောင်။
ဘာတွေမြင်လာမလဲ။
သူလုပ်နေတာတွေက သူ့အလိုလိုဖြစ်လာခဲ့တာမဟုတ်ဘူး ဆိုတာ မြင်လာမယ်။
Consistency ရှိရှိနဲ့ လနဲ့ချီ မပျက်မကွက်လုပ်ဆောင်ခဲ့တဲ့ အလေ့အကျင့်တွေပဲ ဆိုတာ မြင်လာမယ်။
တကယ်လို့ အမေသာ မနက်စောစောမထဘူး။ ထမင်းမချက်ထားဘူးဆိုရင် ကလေးတွေ မနက်စာ မစားရဘဲ ကျောင်းသွားရမယ်။ နေ့လည်စာ လဲ လွတ်မယ်။
အဲ့တော့ နောက်ဆက်တွဲ အနေနဲ့ မုန့်ဖိုးအပြင် မနက်စာနဲ့ နေ့လည်စာ အတွက်ပါ ပိုက်ဆံပိုကုန်မယ်။ အခန့်မသင့်ရင် မသန့်တဲ့အပြင်စာ စားမိလို့ ဝမ်းပျက်တာတွေထိပါ ဖြစ်လာနိုင်တယ်။
ကျနော်လဲ အရင်က အရမ်းပျင်းတဲ့ အထဲမှာ ပါပါတယ်။
အဝတ်အစားတွေ မလျှော်ဘဲ ပုံထားတယ်။
ဝတ်စရာမရှိတော့မှ ထလျှော်တယ်။
အခုတော့ Self-Discipline ထားပြီး အပြင်ကပြန်လာတာနဲ့ ရေချိုးရင် အဝတ်ပါတခါတည်း လျှော်တယ်။ စိတ်ပါပါ၊ မပါပါ လျှော်တယ်။ ဒါ ကျနော်သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပဲ။ မပျက်မကွက် လုပ်ကိုလုပ်ရမယ်။
တကယ်တမ်းက လျှော်လိုက်ရင် ဘယ်လောက်မှ မကြာပါဘူး။
ကျနော်တို့က Procrastinate (အချိန်ဆွဲ) နေတာပါ။
ဆိုတော့ Self-Discipline ဆိုတာ ဘယ်လိုလူတွေမှာပဲ ရှိရမယ်ဆိုပြီး သတ်မှတ်ချက်ရှိမနေတာကို နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။?
?အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။
Telegram - https://t.me/luminouswithpai
Website - https://luminouswithpai.wordpress.com/blog/
Facebook - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk
Keep Reading