Author's Profile Photo

Maru

6/09/2024

တန်ဖိုးထားအသုံးပြုသင့်သောအရာ

2 mins read
Life Style
General Knowledge
18 Again
တန်ဖိုးထားအသုံးပြုသင့်သောအရာ's photo

ကျွန်မတို့ရှင်သန်နေတဲ့ လူ့ဘဝခဏတာမှာ"စကား"ဆိုတဲ့စကားလုံး‌တွေဟာ ဘယ်လောက်ထိ အရေးပါတယ်လို့ထင်ပါသလဲ။ စကားအရာမှာလိမ္မာပါးနပ်အောင် ပြောဆိုတတ်ဖို့ကလည်း လွန်စွာအရေးကြီးလှပါတယ်။

မနေ့က ကျွန်မတို့ရပ်ကွက်ထဲဖြစ်ခဲ့တဲ့ အဖြစ်ပျက်‌လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။

မနေ့က ကျွန်မတို့ ရပ်ကွက်ထဲ ဘေးအိမ်နဲ့အခြားအိမ် ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်ကြတဲ့ အကြောင်းရင်းကတော့

အိမ်ထောင်ရှိအမျိုးသမီးက သူ့ခင်ပွန်းနဲ့ ဘေးအိမ်က အမျိုးသမီးကို စွပ်စွဲခြင်းပါပဲ။ သူဟာ စွပ်စွဲရာမှာလည်း တစ်အိမ်တက်တစ်အိမ်ဆင်း (အတင်း)စကားလိုက်ပြောခြင်းပါပဲ။

ဒါ့အပြင် အဲဒီအိမ်ထောင်ရှိအမျိုးသမီးဟာ နှုတ်ကြမ်းလွန်းပါတယ်။ သူဟာခင်ပွန်းဖြစ်သူနဲ့ရန်ဖြစ်ရင် ငါးစိမ်းသည်ပမာ တစ်ရပ်ကွက်လုံးကြားရတဲ့ထိ အသံကုန်အော်ဟစ် ပြောဆိုပါတယ်။ မဟုတ်တာဟုတ်တာအပထား သူနိုင်ရင်ပြီးရောဆိုတဲ့ စကားလုံးကြမ်းတွေကို ကြားရသူတွေအဖို့ နားမခံနိုင်အောင် ပြောတတ်တဲ့အကျင့်လေးကလည်းရှိနေပါသေးတယ်။

သူရဲ့ခင်ပွန်းဖြစ်သူနဲ့အခြားဘေးအိမ်က အမျိုးသမီးအကြောင်းကို ဈေးရောင်းသူပမာ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြောနေခဲ့တဲ့အလျောက် ကာယကံရှင်ဆီ သူပြောတဲ့စကားများ နားဝယ်ရောက်ရှိသွားပါတော့တယ်။

ထိုအခိုက်မှာတော့ နံနက်ခင်းတရားသံတွေအစား ရန်ဖြစ်သံတွေက အစားထိုးပြီး ဆူပူညံထွက်သွားပါတော့တယ်။ အပြောဆိုခံရတဲ့ ကာယကံရှင်ဘက်မှ အမေဖြစ်သူဟာ အိမ်ထောင်ရှိအမျိုးသမီးနဲ့ ထိပ်တိုက်ပြောဆို ရန်ဖြစ်ပါတော့တယ်။ သမုတ်ခံရတဲ့အမျိုးသမီးက သူ့အလုပ်နဲ့သူတောင် မအားတဲ့သူလေးဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံကြတဲ့အချိန်မှာ စိတ်ဝင်စားဖွယ်တစ်ခုက ရန်ဖြစ်သူက ၂ယောက်ရှိနေပါလျက် အသံက တစ်သံပဲ လော်စပီကာပမာ ထွက်နေခြင်းပါပဲ။ စွပ်စွဲခံရတဲ့ အမျိုးသမီးရဲ့ အမေအသံပဲဖြစ်ပါတယ်။ အိမ်ထောင်ရှိအမျိုးသမီးရဲ့အသံဟာ မထွက်လာခဲ့ပါဘူး။ ပုံမှန်လေသံတိုးတိုးလေးနဲ့သာ ပြောနေခဲ့ပါတယ်။

စွပ်စွဲခံရတဲ့ အမျိုးသမီးရဲ့အမေဖြစ်သူဟာ ရန်ဖြစ်ရင်း သုံးသွားတဲ့စကားလုံးတွေက အခြားစီကမဟုတ်ဘဲ အိမ်ထောင်ရှိအမျိုးသမီး သူ့ခင်ပွန်းနဲ့ရန်ဖြစ်ရင် ပြောနေကြဖြစ်တဲ့ စကားလုံးတွေကိုသာ ပြန်လည်ယူသုံးသွားခြင်းပါပဲ။

စာဖတ်သူလေးတို့ ဒီအဖြစ်ပျက်ကိုဘယ်လိုထင်ပါသလဲ။

ကျွန်မတို့ဟာ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် နိုင်လိုမှုတစ်ခုထဲနဲ့ မဟုတ်မမှန်တဲ့စကားတွေကို မသုံးနှုန်းသင့်ပါဘူး။ဒီလိုအသုံးအနှုန်းတွေက သုံးစွဲသူကိုယ်တိုင်စီကိုပြန်လည် ရိုက်ခတ်နိုင်တဲ့စကားလုံးတွေဖြစ်လာနိုင်ပါတယ်။

ဘယ်ကိစ္စမဆို သေချာစုံစမ်းစစ်‌ဆေးပြီး ဆောင်ရွက်သင့်ပါတယ်။ အပြောထက် လုပ်ရပ်ကိုသာအဓိကထားပါ။ အထင်နဲ့လုပ်တာထက် သေချာစွာလုပ်ပါ။

ဒါ့အပြင် ယနေ့ခေတ်မှာဆိုရင် သူငယ်ချင်းအချင်းချင်းတအားချစ် တအားခင်ကြတယ်။ထို့အတူ တည့်နေတဲ့ချိန်မှာ "ငါကဘယ်လို ငါကဘာဖြစ်တာ "စသဖြင့် ကိုယ့်ရဲ့အကြောင်းတွေကို ရင်ဖွင့်ပြောဆိုတတ်ကြပါတယ်။

ရန်ဖြစ်တဲ့ချိန် မတည့်တဲ့ချိန်လည်းရောက်ရော လူ့စည်းပါးစပ်စည်းမရှိဘဲ သူကဘယ်လိုလူမျိုးဆိုပြီး အနိုင်ရလိုစိတ်နဲ့ ယုံကြည်စွာ‌ပြောပြထားတဲ့အကြောင်းအရာတွေကို အခြားသူတွေ (public)ချပြီး အရှက်တွေခွဲ။ ဒါဟာလက်တွေ့ဘဝမှာဖြစ်နေကြ အဖြစ်အပျက်တွေကြီးပါပဲ။

လူဆိုတာ ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ စကားပုံလေးတောင်ရှိပါတယ်။ ကိုယ်ကလွဲရင် ကိုယ့်ကို ထောက်တည်ထားတဲ့ ကိုယ့်ဒူးကိုတောင် မယုံကြည်ရသလို ကိုယ်မှတစ်ပါး အခြားဘယ်သူ့ကိုမျှ မယုံကြည်သင့်ပါဘူး။

စကားဆိုတာ အလိုအပိုမရှိ ပြောနိုင်ရင်အကောင်းဆုံးပါ။ မပြောသင့်တဲ့စကားကို ထုတ်ဖော်ပြောတာတွေ၊ မသေချာပဲ ‌ရမ်းသမ်းပြောဆိုတာတွေ၊ ယုံကြည်ပြီး ပြောပြတာတွေ ဆင်ခြင်သင့်ပါတယ်။ကိုယ့်စကားဟာ ကိုယ့်ရန်ဖက်မဖြစ်စေဖို့ရာလည်း အထူးဂရုပြုပါ။

ယုံကြည်စွာ အခြားသူက သူ့အကြောင်းကိုပြောပြထားတယ်ဆိုရင်တော့ လူ့စည်းပါးစပ်စည်းစောင့်ပါ။ လူတော့လူပဲ "ရွံဖို့ကောင်းတဲ့လူ"တော့မဖြစ်ပါစေနဲ့❤️

စာဖတ်သူလေးတို့ရေ ကျွန်မတို့ရဲ့ ဘဝမှာ "စကား"ဟာ ဘယ်လောက်ထိအရေးပါတယ်လို့မှတ်ယူထားပါသလဲရှင်?

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

စာဖတ်သူလေးများအားကျေးဇူးတင်လျက်...

September.5.2024.fri(18:55)
Maru(မာရု)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)