အောင်သင်း
ယခုတလောတွင် ရာသီဥတု ပူနွေးလာသည်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည်။ သစ်တောသစ်ပင်တွေကို စောင့်ရှောက်ရမည်ဟူသော အသံတွေကို ကျွက်ကျွက်ညံအောင် ကြားနေကြရသည်။ ထိုသို့သော ကယ်ပါယူပါ အသံဝေထွက်လာသည်မှာ နည်းနည်းတောင် နောက်ကျနေပြီလားဟု စိုးရိမ်နေမိသည်။ တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ လောက်က ထွက်ခဲ့ဖို့ကောင်းသည်။
"အရင်းရှင်စနစ်ကြောင့် မိုးခေါင်ရသည်" ဟု ပြောလိုက်လျှင် ကျွန်တော့်ကို ကွန်မြူနစ်လေသံပါလား၊ လက်ဝဲဆန်လှချည်လား၊ ဒီအရွယ်မှ ဘာတွေထပြီး ကြောင်နေပြန်သလဲဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ထို့ကြောင့် ရေလည်အောင် ပြောရပါတော့မည်။ ယခုပြောမည့် စကားတွေကို ကျွန်တော် ပြောခဲ့သည်မှာ နှစ်ပေါင်း ၄-၅ဝ လောက်ရှိပါပြီ။ လူကြားသူကြားထဲမှာ ပြောခဲ့သည်က နှစ်ပေါင်းနှစ်ဆယ်အစိတ်ရှိပါပြီ။ ထိုသို့စဉ်းစားလိုက်သောအခါ စောစောစီးစီး အသိဉာဏ်ပွင့်ခဲ့ပါကလားဟု ဘဝင်တောင်မြင့်လိုက်ရမလိုလို အောက်မေ့လိုက်မိသေးသည်။
တကယ်ဆိုတော့ သစ်တောဘက်အရာရှိ အမှုထမ်းတွေက ဟိုးအရင် အစောကြီးကတည်းက သစ်တောနှင့် ရာသီဥတု ဆက်စပ်နေကြောင်းကို တဖွဖွပြောခဲ့သည်။ သို့သော် မည်သူကမျှ ဂရုမစိုက်ခဲ့ကြ။ သူတို့အသံကိုနားစွင့်ရကောင်းမှန်း မသိခဲ့ကြ။ သူတို့စိတ်ဝင်စားကြသည်က ကျွန်း-ကျွန်းပင်ဆိုတဲ့ ကျွန်း။
ပင်လယ်ရပ်ခြား လှေသင်္ဘောနှင့် ခရီးသွားကြသော အနောက်တိုင်းသားတို့က ကျွန်းသားကို သင်္ဘောတည်ဆောက်ဖို့ စိတ်ဝင်စားကြသည်။ အကြောင်းကတော့ ကျွန်းသားသည် အခြားသောသစ်များနှင့် မတူ။ ပင်လယ်ရေငန်နှင့် အလွမ်းသင့်သည်။ ပိုးထိုးခြင်း ဆွေးခြင်း မရှိ။ ထို့ပြင် ကျွန်းကထွက်သော ကျွန်းဆီသည် သံနှင့်လည်း သဟဇာတဖြစ်သည်။ သံကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။
ယခုတလော ဤစကားမျိုးတွေကိုလည်း ကြားလာရပြန်သည်။ ကျွန်တော် ပထမဆုံးကြားခဲ့၊ ဖတ်ခဲ့ဖူးတော့ အသက်ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးသည်။ စာဖတ်သူ အံ့သြသွားလောက်အောင် ပြောလိုက်ရပါဦးမည်။ နယ်ချဲ့ခေတ် ပါလီမန်တွင် တရုတ်တန်းဘက်က တက်လာသည့် အောက်လွှတ်တော်အမတ် "မစ္စတာ အော်မျိုးရှု" ရေးသည့် "မြန်မာ့စီးပွားရေး" ဟူသော စာအုပ်ထဲတွင် ဖတ်ခဲ့ရခြင်း ဖြစ်သည်။ ထိုစာအုပ်ကို ယခုတော့ ရှာလို့မရအောင် ဖြစ်နေပြီ။
"ကျွန်း"စကားကို ပြန်ကောက်ရပါဦးမည်။ အထက်တွင် ပြောခဲ့သည့်အတိုင်း ပင်လယ်ရေငန်နှင့်လည်း အဆင်ပြေ၊ သံနှင့်လည်း အလွမ်းသင့်လေတော့ သင်္ဘောတည်ဆောက်မှုအတွက် အကောင်းတကာ့အကောင်းဆုံး ထိပ်တန်းအကောင်းဆုံး 'သစ်' ဖြစ်လာခဲ့ရသည်။ ဒီကျွန်းသစ်၏ နိုင်ငံခြားဝင်ငွေကလည်း အထောကြီးထောလာသောကြောင့် မြန်မာရှင်ဘုရင်တွေလည်း 'တော်ဝင်သစ်'အဖြစ် သတ်မှတ်ပြီး သာမန်ပြည်သူတို့ "သွားကြားထိုးနားပန်"ဖို့ပင် ကျွန်းပင်ကို မထိပါးရဟု အမိန့်တော် ထုတ်ပြန်ခဲ့သည်။
မြန်မာ့ 'ကျွန်း' မျက်နှာပွင့်လွန်းသောကြောင့် မြန်မာတွေ ကျွန်ဖြစ်ခဲ့ ရပုံကို ကျွန်တော် မပြောချင်တော့ပြီ။ အားလုံးသိကြပြီးမို့ပါ။ မြန်မာတွေ ကျွန်ဖြစ်သွားတော့ ကျွန်းပင်တွေကို တွင်တွင်ကြီး ခုတ်ကြရောင်းကြသည်။ နိုင်ငံခြားသား သစ်ကုမ္ပဏီကြီးတွေ အလျှိုအလျှို အပြိုင်အဆိုင် ပေါ်လာကြသည်။ 'ကျွန်းပွဲတော်'ကြီးပေါ့။
သို့သော် - ဤ 'သို့သော်' က အတော်လေး အရေးကြီးပါသည်။ ကျွန်းပင်ဆိုသည်က မြေကြီးရှိတိုင်း- ရေပေါတိုင်း- မိုးရွာတိုင်းစိုက်လို့ရသည် မဟုတ်။ ပင်လယ်ပြင်အထက် အမြင့်ပေ ဘယ်မျှ၊ မိုးရေချိန် ၅ပေ ဘယ်လောက် စသည်ဖြင့် ရှိသေးသည်။ ထို့ပြင် မြေကြီးမှ အထက်သာသာ၊ လူ၏ ရင်စို့လောက်တွင် လုံးပတ် ၈ ပေ၊ ၉ ပေ ရှိမှ ကျွန်းရင့်သည်။ ထိုအရွယ်အစားရောက်မှ "သင်းသတ်" ရသည်။ သင်းသတ်သည် ဆိုခြင်းမှာ ကျွန်းပင်အောက်ခြေတစ်ပေလောက်အမြင့်တွင် ကျွန်းပင်ပတ်မိ အောင် အရစ်နက်နက် ထစ်ပြီး အပင်ကို သတ်လိုက်ခြင်းဖြစ်သည်။ သည်အတိုင်း ကျွန်းပင် ခြောက်သွားသည့်တိုင် ထားရသည်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်ရှိမှ ခုတ်လှဲရသည်။
ဤသို့ တန်းဝင်အဆင့်မီဖြစ်အောင် ကျွန်းပင်၏ သက်တမ်းမှာ နှစ်ပေါင်းငါးဆယ်မှ ရှစ်ဆယ်ထိအောင် ကြာသည်။ ယှဉ်ကြည့်ဖို့ ပြောလိုက်ရပါဦးမည်။ စပါးစိုက်သည်။ ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး စသည်ပေါ့။ လေးငါးခြောက်လဆိုလျှင် အသီးစားရပြီ။ ရာဘာခြံပျိုးလျှင်တောင် လေးငါးရှစ်နှစ် အစေးခြစ်ရပြီ။ သူတို့နှင့် ယှဉ်လိုက်တော့ ကျွန်းပင်က ပျင်းစရာကောင်းလောက်အောင် စောင့်နေရပြီ။ ကိုယ်စိုက်လိုက်သည့်အပင်ကို သားမြေးတို့ လက်ထက်ရောက်မှ သင်းသတ်ရပေတော့မည်။ ဒီကြားထဲတွင် သစ်ပင်သစ်တောကို နှစ်ကာလ ရှည်လျားစွာ စောင့်ထိန်းရသည့်တာဝန်၊ တောမီး၊ တောင်ယာမီးစောင့်ရသည့်တာဝန် ကုန်ကျစရိတ်တွေက ရှိသေးသည်။ ထိုသို့ ကုန်ကျသော ငွေအရင်းအနှီးထက် အချိန်အရင်းအနှီးက ပိုပြီး ဝန်လေးသည်။ မည်သည့်ကုမ္ပဏီ၊ မည်သည့်အရင်းရှင်ကမျှ စိတ်ဝင်စားမည် မဟုတ်။
ထို့ကြောင့် ရှိပြီး၊ ရင့်ပြီး၊ အသင့်ဖြစ်ပြီး သစ်တွေကိုသာ တွင်တွင်ကြီးခုတ်လှဲပြီး ယူကြသည်။ တရားဝင် မိမိတို့ရရှိပြီး သစ်ကွက်မှသာ မဟုတ်ဘဲ စည်းကျော်ပြီး ခိုး၍ ခုတ်သည်မှာလည်း မဟားတယားဟုပင် ဆိုလောက်သည်။ ခုတ်ထားပြီးသော သစ်ကွက်တွင် အသစ်ထပ်မံ စိုက်ပျိုးဖို့တော့ဖြင့် ယောင်လို့မျှ မတွေးမိကြ။ ထို့ကြောင့် နိုင်ငံတော်အစိုးရကသာလျှင် ဒိုင်ခံပြီး ကျွန်းစိုက်ခင်းပျိုးထောင်မှုတွေ လုပ်ကြရသည်။ သစ်တောထိန်းသိမ်းရေး၊ သစ်တောပြုစုပျိုးထောင်ရေးအတွက် အလုပ်သမားတွေ၊ ကျွမ်းကျင်သူပညာရှင်တွေ မွေးကြရသည်။ ဤသို့အားဖြင့် မြေတိုင်းပညာသင်၊ သစ်တောပညာသင်ကျောင်းတွေ ပေါ်လာရသည်။ မြန်မာပြည်တွင် အစောဆုံးပေါ်ခဲ့သည့် အသုံးချသိပ္ပံကျောင်းတွေဟု ဆိုသင့်သည်။
ဤသို့လျှင် အစိုးရက သစ်တောကွက်လပ်တွေကို ကွက်လပ်ဖြည့်ဖို့ ကြိုးစားခဲ့ပါ၏။ သို့သော် အလျဉ်မီအောင် ဤကွက်လပ်တွေကို မည်သို့လျှင် ဖြည့်နိုင်ပါမည်နည်း။ ဤသို့နှင့် ကျွန်တော်တို့တိုင်းပြည်မှာ 'ကျွန်း' ကြောင့် 'ကျွန်' ဖြစ်ခဲ့ရပြီး 'ကျွန်းပြောင်' လို့ မိုးခေါင်ခဲ့ရသည်။ ထို့ကြောင့် အရင်းရှင်စနစ်ကြောင့် မိုးခေါင်ခဲ့ရသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
ဤသည်မှာ နိဒါန်းပထမပိုင်းသာ ရှိသေးသည်။ ဒုတိယပိုင်း ဆက်လိုက်ရပါဦးမည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ မြန်မာပြည်သို့ ဂျပန်စစ်တပ်ကြီး ဝင်လာပါလေတော့သည်။ သူတို့ကလည်း စစ်ရေးအတွက်၊ တံတားဆောက်ဖို့၊ စခန်းဆောက်ဖို့၊ လမ်းဖောက်ဖို့ သစ်တွေကို ခုတ်လိုက်သည်မှာ စည်းမရှိ ကမ်းမရှိ (တကယ့်ကို စည်းမရှိ ကမ်းမရှိ) ဖြစ်လာပါတော့သည်။
ကျွန်တော့်ဇာတိ တောင်တွင်းကြီးမြို့ အရှေ့ဘက်တွင် လေယာဉ်ပျံကွင်း ဆောက်သည်။ ကွင်းအတွက် မြေညှိသည်က အရေးမကြီး၊ လေယာဉ်ပျံဆိုက်နားထားဖို့ ခံတုတ်ဘန်ကာကြီးတွေဆောက်တော့ ကျွန်းကိုပင် သုံးကြပြန်သည်။ အဲဒီမှာတော့ ကျွန်းပင် နုရင့်မရွေး နီးရာခုတ်လှဲပြီး သစ်လုံးပေါင်း ရာထောင်ချီပြီး သုံးကြလေတော့ နားလည်သည့်လူကြီးများက ရင်တမမ စုတ်တသပ်သပ် နှမြောကြသည်ကို ကျွန်တော် မှတ်မိနေသေးသည်။
စစ်ကြီးပြီးလို့ မကြာမီမှာပင် ပြည်တွင်းသောင်းကျန်းမှုတွေက တစ်နယ်တစ်ဗိုလ် တစ်မြို့တစ်မင်းသာမက နယ်စွန်ရပ်ကျေးလူမျိုးရေးတပ်မှူးတွေပါ ပေါ်လာကြပြန်သည်။ သူတို့အားလုံးကလည်း "မြေကြီးက ရွှေသီးသည်" ဟု သဘောထားပြီး ကျွန်းတွေကို ဖောဖောသီသီကြီးခုတ်ပြီး နယ်စပ်ကထုတ်၍ တရားမဝင် တွင်တွင်ကြီး ရောင်းကြပြန်သည်။ တရားမဝင်ဆိုတော့ တိုင်းပြည်အတွက် "တစ်ပြားမှမဝင်" လေတော့ပြီ။ တကယ့်ကို အလဟဿ ပျက်စီးခဲ့ရသည်ကို ပြန်တွေးကြည့်လျှင် အလွန်နှမြောဖို့ကောင်းသည်။ သို့သော် နှမြောရကောင်းမှန်း မသိခဲ့ကြ။
နှမြောရကောင်းမှန်းသိနေသူက 'ထိုင်း' ဘုရင်မင်းမြတ် ဖြစ်သည်။ မြန်မာပြည် သောင်းကျန်းသူရောင်စုံက သစ်တွေခိုးပြီး နယ်စပ်က တွင်တွင်ကြီး ထုတ်ရောင်းနေသည်ကို အလွန်အကျွံ မလုပ်ကြသင့်ကြောင်း ထိုင်းသစ်ကုန်သည်တွေကို သတိပေးခဲ့သည်။ မြန်မာပြည်ကို ချစ်လွန်းလို့တော့ မဟုတ်၊ မြန်မာပြည်ဘက်က တောပြောင်လို့ မိုးခေါင်လျှင် ထိုင်းမြေပြင် 'အထိနာ' တော့မည်ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်နေသော ကြောင့်ဖြစ်သည်။
အပိုင်း (၂) ဆက်ရန် --
#အောင်သင်း
Keep Reading