Lunar
လူဆိုတာ သေမျိုးပင်ဖြစ်သည်။လူရယ်လို့ ဖြစ်လာကတည်းက မွေးဖွားလာပြီး သေဆုံးရမည်ကား သဘာဝပင်ဖြစ်သည်။သို့သော် လူသားတို့သည် သေဆုံးရမည်ကို ကြောက်ရွံ့ကြသည်။ကြောက်ရွံ့ခြင်းသည် ရှက်စရာမဟုတ်ပေ။သို့သော် သေရမှာကို ကြောက်ခြင်းသည် မဖြစ်သေးသည့်အနာဂါတ်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။ကြောက်ရွံ့မှုဆိုတာ မသေချာမှုတွေပေါင်းစပ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုဖြစ်သည်။လူ့သဘော သဘာဝကား ကိုယ်တစ်ကယ်မသိရ၊မမြင်ရတဲ့ အရာကိုဆိုလျှင် ပိုကြောက်လေ့ရှိသည်။စင်စစ်ဆိုသော် သေခြင်းတရားသည် ဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘဝ၏အဓိပ္ပါယ်ကိုသတ်မှတ်ပေးသည့် အရာဖြစ်သည်။
ဘာကြောင့်ဆိုလျှင် သေခြင်းတရားဆိုတာရှိနေသည့်အတွက် လူသားတွေဟာ လက်ရှိအချိန်တွေနှင့် မိမိအနားရှိလူတွေကို တန်ဖိုးတတ်လာလို့ပင်ဖြစ်ပါသည်။သေခြင်းတရားဟာ ဘဝ၏အဓိပ္ပါယ် မဟုတ်ပေမယ့် သေခြင်းတရားဆိုတာမရှိလျှင် ဘဝ၏အဓိပ္ပါယ်ကို နားလည်နိုင်မှာ မဟုတ်ပေ။ကျွန်မတို့ လူသားတို့သည် သေခြင်းတရားသာမရှိလျှင် အသက်ရှင်နေရခြင်း၏ တန်ဖိုးကို နားလည်နိုင်မည်မဟုတ်ပေ။
လူသားတွေ အသက်ရှင်နေသမျှ ကာလပတ်လုံး မိမိရည်မှန်းချက်ပန်းတိုင် ရည်ရွယ်ချက်တွေပြည့်ဝဖို့သာ အားစိုက်နေလေ့ရှိသည်။ဘဝဆိုတာဟာ ခရီးတစ်ခုမဟုတ်ပါ။ထို့ကြောင့် အမြဲတမ်း ရှေ့ဆက်လျှောက်နေတာဟာ ကောင်းပေမယ့် အေးအေးဆေးဆေး အနားယူချိန်လည်း ရှိသင့်သည်။အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိနိုင်တဲ့အတွက် အသက်ရှင်ပြီး လောက၏သဘာဝအလှတွေ ခံစားပြီး အနားယူရတာဟာလည်း စိတ်ကျေနပ်စရာပင်ဖြစ်သည်။
ဘဝဆိုတာ တက်လိုက်၊ကျလိုက် ဆိုသကဲ့သို့ အမြဲတမ်းပျော်ရွှင်မှုကို ခံစားကြုံတွေ့နေရမှာ မဟုတ်ဘဲ ပင်ပန်းခက်ခဲသည့် အချိန်ကိုလည်း ကြုံတွေ့ရမည်မှာ ဧကန်မလွှဲပင်ဖြစ်သည်။။ဘဝရဲ့ ကြမ်းတမ်းတဲ့ လောကဓံကပင် လူသားတွေကိုသန်မာရန်လည်းကောင်း၊ရင့်ကျက်လာရန်လည်းကောင်း သင်ကြားပေးသည်။ဘဝရဲ့ အနာကျင်ဆုံးရဆုံး အခိုက်အတန့်တွေက ဘဝအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိနားလည်လာသည့် ကာလတွေပင်ဖြစ်သည်။ဘဝမှာ ကြုံတွေ့ရသည့် စိုးရိမ်သောကတွေကို ရင်ဆိုင်ရာတွင် သီချင်းနားထောင်ခြင်း၊ရုပ်ရှင်ကြည့်ခြင်း၊သဘာဝတရားခံစားခြင်း၊စကားစမြည်ပြောခြင်း စသည့်အရာတွေဖြင့် ဖြေဖျောက်နိုင်သည်။
လူသားတွေဟာ အနာဂါတ်ကို လှမ်းမျှော်ရင်း၊အတိတ်ကို ပြန်လှည့်ရင်း ဘဝကို အသက်ဆက်နေကြပေမယ့် ဘယ်သောအခါမျှ မိမိလက်ရှိရောက်နေတဲ့ ပစ္စုပ္ပန်ကို မကြည့်ဖြစ်ကြဘူး။တစ်ကယ်တော့ဘဝဆိုတာ တိုတိုလေးပါ။ထို့ကြောင့် ပြီးသွားခဲ့သည့် အတိတ်ကို မေ့ပြီး၊ဖြစ်မလာသေးသည့် အနာဂါတ်ကို ပူပန်မနေဘဲ မိမိလက်ရှိရောက်နေတဲ့ ပစ္စုပ္ပန်မှာပဲ နေထိုင်ပါ။ကိုယ်ခန္ဓာကျန်းမာရေးနှင့်စိတ်ကျန်းမာရေးဂရုစိုက်ရမည်။အပြုသဘောဆောင်တဲ့ အတွေးအခေါ်၊ကြင်နာတတ်တဲ့စိတ်၊ကိုယ်ချင်းစာစိတ်၊ချစ်ခြင်းမေတ္တာတွေကို ကိုင်စွဲပြီး အသက်ရှင်နေချိန်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသင့်သည်။ပျော်ပျော်နေလို့ရတဲ့ အသက်ရှင်နေချိန်အတွင်းမှာ ဘဝကို ဘာကြောင့်ဝမ်းနည်းစွာနေပြီး
ဖြုန်းတီးနေမှာလဲ။
#ချစ်ခြင်းမေတ္တာဖြင့်
Keep Reading