ရေတမာ မွန်
တခါတရံလုပ်လိုက်မိသော အပြုအမူတခုက
မိမိအတွက်အကျိုးရှိသော်လည်း အတူနေသူတွေအတွက် အထင်အမြင်မှားတတ်တယ်။
လုပ်လိုက်ပြီးမှ မှားမှန်းသိသော အဖြစ်အတွက်အချိန်မှီပြုပြင်ဖို့အခွင့်ရေးရခဲ့သော်လည်း ဝေခွဲမရအတွေးကြောင့် နောက်ကျသွားခဲ့ပါတယ်။အတန်းတင်စာမေးပွဲတခုရဲ့ဖြေလွှာက အပ်ပြီးသွားပြီ ဗျာများတဲ့ စိတ်ဟာ နောင်တနဲ့အဆုံးသတ်ခဲ့ရတယ်။
ထပ်ခါထပ်ခါစဥ်းစား လက်ကရေးဖြေလို့ပြီးပြီဆိုတိုင်း မပြီးပါ။နမော်နမဲ့နဲ့မေးခွန်းကိုဖတ်တာလောသွားတဲ့အခါ လိုရင်းအဖြေနဲ့ကွဲလွဲသွားတတ်ပါတယ်။
ဂုဏ်ထူးအမှတ်နဲ့ဝေးသွားပါပြီ။
နောက်ဘာသာတွေဆက်မဖြေချင်တော့ဘူး။
ကိုယ်က ဘာသာစုံမှန်းထားသူ။
ဘာဆက်လုပ်ရမလဲ အဖြေရှာခက်လာတယ်။
စာမေးပွဲအခန်းက အထွက်မှာ ခြေလှမ်းတွေယိမ်းယိုင်လို့ မျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေ
ပျက်သွားပြီဗျာ ။
ပြိုင်ဘက်တွေကို အလျော့ပေးလိုက်ရတဲ့ခံပြင်းမှုက
ပိုခံစားရတယ်။
အိမ်ပြန်ရောက်တော့ "ဖြေနိုင်လားသား "လို့အမေကမေးတော့ အမှန်အတိုင်းပြောပြလိုက်တယ် ။
ငယ်ငယ်လေးကတဲက အဖြစ်အမှန်ကိုပြောနေကြဆိုတော့ အကြောင်းအရာအကုန်လုံးအမေသိသွားတာပေါ့။အမေက လိမ်မပြောရဘူး ။ကိုယ့်အမှားကို
အမှန်သိရင် အဖြေရှာလွယ်တယ်ဟု ခဏခဏဆုံးမနေကြဆိုတော့ ။ရယ်မောလျက်ပြန်အားပေးတဲ့စကားက " တပုဒ်မှားတိုင်း တခါမှားတိုင်း သားကျရှုံးစရာလား အရှုံးပေးစရာလား"
သားနာမည်က" အရှုံးသမား "မဟုတ်ဘူး။
"နေလထွဋ်ဘုန်းခေါင်"ထိပ်တန်းအထက်တန်းဘုန်းမီးနေလပိုင်ရှင် ။
သားဘာဆက်လုပ်မှာလည်း ဝေခွဲရခက်နေလား။
ခပ်ညံ့အတွေးတွေတွေးပြီး မှိုင်တွေမနေနဲ့။
ထ အခုထ ။ မျက်နှာသွားသစ်လိုက်။ အမေ့သား
အရှုံးသမား အဖြစ်နဲ့ပြန်လာတာ အမေဒီတခါနောက်ဆုံးအကြိမ်တွေ့မြင်ချင်တယ်။ ဆက်ဖြေလိုက်ပါ" နေလထွဋ်ဘုန်းခေါင်"ရယ်။
နာမည်ကိုစောင်းပေးပြီးခွန်အားတွေပေးခဲ့သော
အမေ့အားပေးစကားကြောင့် ထိုနှစ် တက္ကသိုလ်ဝင်တန်းကို ငါးဘာသာဂုဏ်ထူးနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ပါတယ်။
သို့သော် ကျနော်ဆရာဝန်မဖြစ်ခင်မှာဘဲ ကံကြမ္မာမုန်တိုင်းရိုက်ချက်ပြင်းတဲ့ဒဏ်ကြောင့်မိသားစုတွေ
ပြိုကွဲခဲ့ပါတယ်။
အမေ ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။
သူ့သားဆရာဝန်ကြီးဖြစ်တဲ့အချိန်ထိ မနေလိုက်ရပါ။ အမေဆုံးပြီးနောက်တနှစ်မှာ အဖေ့ကိုပါထပ်ဆုံးရှုံးလိုက်ရတဲ့အတွက် အထီးကျန်တကောင်ကြွက်ဘဝနဲ့ ဘွဲ့တခုရဖို့ ရုန်းကန်ခဲ့ရတယ်။
အဖေက နောက်အိမ်ထောင်ပြုလိုက်တယ် ။
ဘောက်ထော်က ခြံနဲ့အိမ်ကိုရောင်းတယ်။
အဖေတစ်ဝက်ယူပြီး သူ့နောက်မိန်းမနဲ့နိုင်ငံခြားကို
အပြီးထွက်သွားတယ်။
အဖေက အင်ဂျင်နီယာမှုးကြီးဆိုတော့ နိုင်ငံခြားမှာ
အလုပ်အကိုင်အဆင်ပြေတယ် ကွန်ဒိုဝယ်နိုင်ခဲ့တယ်။ အဖေ အသက်ခြောက်ဆယ်မှာကွယ်လွန်တယ်။ ကျနော်ကအထူးကုဆရာဝန်ကြီးဖြစ်နေပါပြီ။
အဖေမဆုံးခင် တပတ်လောက်မှာအဖေ့ရှိတဲ့ နိုင်ငံကိုသွားတယ်။ အဖေ့အများကြီးပြောင်းလဲသွားတယ်။ အရက်ကြောင့် အဖေဟာ မမှတ်မိလောက်အောင် ဖြစ်သွားရလို့ စိတ်ကြေကွဲဝမ်းနည်းစွာနဲ့
ကျနော်အဖေ့ကိုဖက်ပြီးငိုခဲ့မိတယ်။
အဖေပြောတဲ့နောက်ဆုံးစကားက "လူသာသေပါစေ
နာမည်မသေ ပါစေနဲ့သား "တဲ့။
အဖေ့ကိုကျနော် စိတ်မနာအောင် မပြစ်မှားမိအောင်
အမေမဆုံးခင် တဖွဖွဆုံးမသွားတာဖြစ်လို့
အဖေ့ထောက်ပံ့တဲ့ငွေတွေ ကျနော်မသုံးဘဲ အဖေနာမည်နဲ့ "နေလ ဖောင်ဒေးရှင်း"တည်ထောင်ပြီး
မရှိဆင်းရဲသားတွေ ကူညီထောက်ပံ့နေတာယနေ့တိုင်ပါဘဲ။
သိန်းပေါင်းသောင်းချီပိုင်ဆိုင်မှုများစွာနဲ့"နေလ ဖောင်ဒေးရှင်း"အောင်မြင်စွာရပ်တည်နေတာ အဖေကိုချစ်တဲ့ကျနော်မေတ္တာတရားရဲ့ပြယုဂ်ပါ။
ချောင်ကျတဲ့ဆင်းရဲသားရပ်ကွက် ကျနော်ဆေးခန်းဖွင့်တယ်။ လိုင်းကားတိုးစီးတယ် ။လူချမ်းသာတစ်ယောက်လိုမနေဘူး ။ဆင်းရဲသားတွေနဲ့တသားတည်းနေတယ်။ဆေးဖိုးအခကြေးငွေ ပေးသလောက်ယူတယ်။ အမေပြောတဲ့ အရှုံးသမား လားမသိဘူး ဆေးတွေပြန်ပြန်ဝယ်ရတာစျေးအဆမတန်ကြီးလို့ ရှုံးလိုက်တာ ခွက်ခွက်လန်။
ပြန်ရတဲ့ ပီတိက နေလို လလိုထွန်းတောက်ပါတယ်
"နေ လ ထွဋ် ဘုန်း ခေါင် "ရယ်ဟု အမေ့အသံကို
ခဏခဏပြန်ကြားရတယ်ဗျာ။
ရေတမာ မွန်
Keep Reading