Author's Profile Photo

Leo Nann

4/09/2024

ဆရာမခင်ခင်ထူး၏မအိမ်ကံ

2 mins read
Life Style
Book Review
General Knowledge
ဆရာမခင်ခင်ထူး၏မအိမ်ကံ's photo

ဒီတစ်ခါမှာတော့ Leoက ဆရာမ ခင်ခင်ထူးရေးသားထားတဲ့ "မအိမ်ကံ"ဝတ္ထုကို ဖတ်ကြည့်ကြဖို့ recommendပေးသွားချင်ပါတယ်ရှင့်။

တကယ်တော့ ဒီစာအုပ်ဟာ လူငယ်တွေကြားမှာ ညွှန်းပေးစရာမလိုအောင်ကိုပဲ ရေပန်းစားတဲ့
စာအုပ်ကလေးလည်း ဖြစ်ပါတယ်။
သို့ပေမဲ့ အခုထိ မဖတ်ရသေးတဲ့ စာဖတ်သူbeginnerလေးတွေလည်း ရှိနေသေးတာမို့ ညွှန်းပေးလိုက်ရပါတယ်။

Leoဒီစာအုပ်ကို ဖတ်ခဲ့တဲ့အချိန်တုန်းက ၁၆နှစ်ပဲရှိပါသေးတယ်။အဲ့ဒီအချိန်တုန်းက ငယ်ရွယ်တဲ့သူတွေဟာ ဝတ္ထုဖတ်ဖို့မသင့်တော်ဘူးဆိုပြီး စာကြည့်တိုက်တွေက ငှားမပေးခဲ့ပါဘူး။
Leoရဲ့ ဆရာမက "သမီးဒါလေးဖတ်ကြည့်သင့်တယ်။ဆရာမ သမီးကို တစ်လငှားပေးလိုက်မယ်"ဆိုပြီး
(၃)စင်တီမီတာလောက်ထူတဲ့"မအိမ်ကံ"
စာအုပ်ကို ငှားပေးခဲ့ပါတယ်။ပထမကတော့ "ဖတ်လို့ကောင်းပါ့မလားမသိဘူး"လို့တွေးခဲ့မိပါသေးတယ်။ တကယ်ဖတ်ကြည့်တဲ့အခါမှာ လက်ကတောင်မချနိုင်တော့ပါဘူး။
"ထမင်းမစားရချင်နေပါစေ၊'မအိမ်ကံ'ကိုမဖတ်ဘဲမနေနိုင်ဘူး"ဆိုတဲ့အထိ ကြိုက်ခဲ့ရတာပါ။(၅)ရက်မြောက်နေ့မနက်တစ်နာရီခွဲတိတိမှာ တစ်အုပ်လုံးဖတ်ပြီးသွားခဲ့ပါတယ်ရှင့်။ဒါကတော့
အမှတ်တရလေးတစ်ခုပါပဲ။

Leo စပြီးဖတ်လိုက်တဲ့အချိန်မှာတော့ ဇာတ်ကောင် မအိမ်ကံနေရာကိုသူ့အလိုလိုဈာန်ဝင်သွားပြီး ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ပါဝင်နေရသလိုကို စီးမြောသွားခဲ့ရပါတယ်။နောက်ပြီး ကိုယ်တိုင်ကလည်း မအိမ်ကံလို အစွဲအလမ်းကြီးတာကြောင့်ပဲ ပိုကြိုက်သွားမိတာလားတော့မပြောတတ်ပါဘူး။

ဒီစာအုပ်ကလေးဟာဆိုရင်တော့ မအိမ်ကံရဲ့မွေးကင်းစ ငယ်ဘဝမှသည် ကွန်လွန်သည်အထိ ဘဝတစ်လျှောက်ကို ဇာတ်လမ်းဇာတ်ကွက်ပေါင်းများစွာနဲ့ပုံဖော်ပေးထားတာဖြစ်လို့ စွဲမက်ဖွယ်ကောင်းပါတယ်။


သားဖြစ်သူတွေကို ဖက်စိမ်းကွမ်းတောင်ကိုင်နဲ့မှပေးစားမယ်ဆိုပြီး လူပုံအလယ်မှာ မအိမ်ကံကို အရှက်ရအောင်
ပြောဆိုခဲ့တဲ့ အဒေါ်ကြီးအား ကန်တော့ပွဲနဲ့ပြန်လာတောင်းပန်ခိုင်းတဲ့အခန်းကတော့ ရင်ထဲမှာတွေးမိတိုင်းမြင်ယောင်နေမိစေတဲ့အခန်းကလေးပါပဲ။ဒါကတော့ Leoအကြိုက်ဆုံးအပိုင်းကလေးလည်းဖြစ်ပါတယ်။
ကိုယ့်ထက်ဘယ်လောက်ပဲငယ်တဲ့သူဖြစ်‌နေပါစေ၊ကိုယ်ကသူ့အပေါ်အမှားလုပ်ထားရင် ပြန်လည်တောင်းပန်ရတယ်ဆိုတဲ့ ချစ်စရာဓလေ့ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ထပ်Leoကိုမှင်သက်စေခဲ့တဲ့နေရာလေးကတော့
မြို့သားကလေးက မအိမ်ကံစီးလာတဲ့ လှည်းနောက်မှ မြင်းဒုန်းစိုင်းပြီး လိုက်လာကာ သနပ်ခါးတုံးကိုခြင်းတောင်းလိုက် လက်ဆောင် လိုက်ပေးတဲ့ အခန်းလေးပါပဲ။
ပလိပ်တွေလိုက်လာတယ်ထင်ပြီး စိုးရိမ်နေကြတုန်း မြင်းပေါ်ကဆင်းလာသူလေးဟာ ကိုယ်လူချော မြို့သားလေးသာဖြစ်ကြောင်းသိလိုက်ရတဲ့အခိုက်အတန့်ကလေးကတော့ စာဖတ်သူရဲ့အသည်းထဲထိ
ကြွေ‌အောင်‌‌ခြွေနိုင်စွမ်းရှိလှပါတယ်ရှင့်။
‌
ဒီဝတ္ထုကလေးမှာဆိုရင် မိန်းမသားတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း ၊သတ္တိနဲ့ ဉာဏ်ရည်ကောင်းပုံတို့ကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် "မိမိ မဖြစ်လိုက်ရတဲ့အိပ်မက်ကို မိမိသမီးကလေးအလှည့်မှာဖြစ်စေရမယ်"လို့ကြုံးဝါးထားသော်လည်း ကံကြမ္မာက မျက်နှာသာမပေးတာကြောင့်
မျှော်လင့်ချက်မဲ့သလိုဖြစ်သွားခဲ့ရတဲ့ မအိမ်ကံရဲ့ သနားစရာဇာတ်လမ်းလေးကို
စိတ်ဝင်စားဖွယ်ဖတ်ရှုကြရမှာပါနော်။

မြန်မာအမျိုးသမီးတို့ထားရှိအပ်တဲ့ အရည်အသွေးနဲ့ အရှက်အကြောက်တရားတို့ကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် ရေးသားထားတဲ့ ဝတ္ထုလေးဖြစ်လို့ ယဥ်ကျေးမှုအမွေအနှစ်ကလေးလို့ဆိုရင်လည်း မမှားနိုင်ပါဘူးရှင့်။

"ပျိုလေးတို့ဗိုင်းရစ်ခုံ.....ပန်းပုံလို့ပေး
ဘယ်အပျိုပန်ပြီလဲ......မောင်ကြီးကိုမေး
ဘယ်အပျိုမှပန်ပါဘူးကွယ်....ပန်းဦးမို့လေး.....
ဒေါင့်တလိပ် ခုနှစ်စင်....ဘယ်စင်ကမွှေး
ပျိုတို့မောင် စင်တော်မြင့်က....
လေသင့်ရာမွှေး။"

ဆိုသော ဝတ္ထုစာအုပ်၏ ကျောဘက်မှကဗျာလေးသည်ပင်လျှင်
မြန်မာမိန်းကလေးတို့ရဲ့အိ‌‌န္ဒြေသိက္ခာတရားအကြောင်းကိုပေါ်လွင်နေစေတာပဲ ဖြစ်ပါတယ်။‌

ဒီဝတ္ထုကလေးကို သေချာပေါက် ဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ဖတ်ပြီးသွားတဲ့အခါမှာတော့ မအိမ်ကံက
အနိုင်ရသွားတာလား၊အရှုံးပေးသွားတာလားဆိုတာလေးကိုတွေးကြည့်ကြဖို့မမေ့ပါနဲ့နော်။
------------------------------------------------
အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

အားလုံးကိုအစဥ်လေးစားလျက်...
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး