သန်းမြင့်အောင်
မေမေပေးတဲ့ မုန့်ဖိုးကို အသာလေးပဲ ယူခဲ့တယ်။ သားက တည့်တာလည်း စားမှ မစားချင်တာ။ တရုပ်ကို ဆယ့်ငါးကျပ်နဲ့ရောင်းတဲ့မျက်နှာဖုံးရုပ်တွေကို မုန့်ဖိုးသုံးရက်စုပြီး ဝယ်လိုက်တယ်။ သားတို့ကျောင်းရှေ့မှာ ကျောင်းမတက်ခင် လာလာရောင်းတဲ့ မျက်နှာဖုံးအရုပ်သည်ကြီးဆီမှာ အမြဲတမ်း ကျောင်းသားတွေအုံခဲနေတာပဲ။သူ့ရဲ့ သစ်သားတန်းကလေးတွေနဲ့ လုပ်ထားတဲ့ လက်ကိုင်စင်ကလေးပေါ်မှာ ဝက်ဝံရုပ်၊ ကျားရုပ်၊ မျောက်ရုပ်၊ ကာတွန်းရုပ် နဲ့ တခြားအရုပ်မျိုးစုံရဲ့ မျက်နှာကြီးတွေကို ကပ်ထူနဲ့ လုပ်ပြီး ဆေးရောင်ခြယ်ထားတဲ့ မျက်နှာဖုံးတွေ ချိတ်ထားတာ သိပ်ပြီး လိုချင်စရာကောင်းတာပဲ။ တအားလည်း ရောင်းရတယ်။ သားကတော့ သူများလို နေ့တိုင်း မဝယ်နိုင်ပါဘူး။ တစ်နေ့မှ မုန့်ဖိုးငါးကျပ်ပဲရတော့ သုံးရက်လုံးလုံး မုန့်အငတ်ခံပြီစုမှ မျက်နှာဖုံးတစ်ရုပ်ပဲ ရတယ်။ တစ်ခါတစ်ခါ ပိုက်ဆံမပြည့်သေးလို့ အရုပ်မဝယ်နိုင်တဲ့နေ့မျိုးဆို မေမေငယ်ငယ်တုန်းက မုန့်ဖိုးတစ်မတ်ရတဲ့အချိန်မှာ မေမေ့သူငယ်ချင်းတွေက ဆယ်ပြားပဲ ရတယ်တဲ့။ အခု သားကျတော့ ငါးကျပ်ရတဲ့အချိန်မှာ ဘာဖြစ်လို့ သားသူငယ်ချင်းတွေကျတော့ လေးဆယ် ငါးဆယ်ရတာလဲလို့ မေးကြည့်ချင်စိတ်ပေါက်လာတယ်။ အခုတော့ သူများတွေ တစ်ရက်ထဲနဲ့ တစ်ခု နှစ်ခု ဝယ်နေတဲ့အချိန်မှာ သားက သုံးရက်ပေါင်းမှ တစ်ခု ဝယ်ရတယ်။မျက်နှာဖုံးဝယ်တာကို ဖေဖေသိသွားတော့ သားကို ဆူပါလေရော၊ မေမေရောပဲပေါ့။
သားက-
“အဲဒီအရုပ်က ဘယ်လောက်ပေးရလဲ” ဆိုတော့“ဆယ့်ငါးကျပ်” လို့ အမှန်အတိုင်း ပြောလိုက်တာပေါ့။
“မင်းကိုပေးတဲ့ မုန့်ဖိုးက ငါးကျပ်၊ ကျန်တဲ့ တစ်ဆယ်ကဘယ်က ရသလဲ” လို့ ထပ်မေးတော့-“ပထမနေ့တွေက မုန့်မစားဘဲ စုထားတာ”လို့ ပြန်ဖြေလိုက်တာပေါ့၊ ဒီတော့ ဖေဖေက-“မင်းကို မုန့်ဖိုးပေးတာ မုန့်စားဖို့ ပေးတာ၊ အရုပ်ဝယ်ဖို့ပေးတာမဟုတ်ဘူး၊ နောက်ကို မုန့်မစားဘဲ အဲဒီအရုပ်တွေ ဝယ်လာရင် အရိုက်ခံရမယ်၊ စက္ကူကိုဆေးသုတ်ပြီး သားရေကွင်းနဲ့ တပ်ထားတာ၊ ခဏလေးနဲ့ စုတ်ပြဲသွားမယ့်ဟာ တန်လည်းမတန်ဘူး၊ နောက်ကို ဝယ်မလာနဲ့” လို့ ပြောတယ်၊ သားက-“ဖေဖေကလည်း အရုပ်သည်ကြီးဆီမှာ လူတွေကို ဝိုင်းနေတာပဲ၊ သားတစ်ယောက်တည်း ဝယ်တာမဟုတ်ဘူး၊ တစ်ကျောင်းလုံးဝယ်ကြတာ မတန်ရင် ဘယ်ဝယ်မလဲ” ဆိုတော့-“ဟေ့ကောင် အဲဒီကလေးတွေက ပိုက်ဆံပေါလို့ ဝယ်တာကွ၊ သူတို့မိဘတွေနဲ့ မင်းမိဘက တူတာမဟုတ်ဘူး၊ ပြီးတော့ အရုပ်သည်တွေက ကလေးတွေဆီက မုန့်ဖိုးကို ညာယူတာကွ၊ မင်းသိရဲ့လား၊ ငါက မဝယ်နဲ့ဆို မဝယ်နဲ့နော်၊ နောက်တစ်ခါ အဲဒီမျက်နှာဖုံးရုပ်တွေ ဝယ်လာလို့ကတော့ မင်းအသေဘဲ” တဲ့။
အဲဒါနဲ့ပဲ သား နောက်ကျတော့ မျက်နှာဖုံးတစ်ရုပ်ဝယ်ပြီးတိုင်း ဖေဖေမတွေ့နိုင်တဲ့နေရာမှာ ဝှက်ဝှက်ထားရတယ်၊ မေမေလည်း မမြင်အောင်လို့ပေါ့။ မေမေ မြင်သွားရင်လည်း ဖေဖေ့ကိုပြန်တိုင်မှာပဲလေ။မျက်နှာဖုံးအရုပ်လေးတွေ စုံအောင်လို့ သားက စုနေတာ၊မျက်နှာဖုံးအရုပ်လေးတွေ စုံခါနီးလာလေ နောက်ထပ်မျက်နှာအသစ်အသစ်တွေ ထပ်ထပ်ပါလာလေဆိုတော့ တစ်ရုပ်ရပြီးရင် နောက်ထပ်တစ်ရုပ်အတွက် ပိုက်ဆံထပ်စုရပြန်ရော။အဲဒါနဲ့ တစ်နေ့ကျတော့ ဘယ်သူမှ မမြင်အောင် သားဟာသား တိတ်တိတ်ကလေး ဝှက်ထားတဲ့နေရာက မျက်နှာဖုံးအရုပ်တွေကို ဖေဖေ ဘယ်လိုရှာတွေ့ သွားလဲမသိဘူး။ သားကို ဒေါသထွက်ထွက်နဲ့ ကြိမ်လုံးနဲ့ ရိုက်တော့တာပဲ။
မေမေက-
“တော်ပါတော့ကွယ်၊ သားကလည်း ခေါင်းမာတာကိုး”ဆိုပြီး ဝင်ဆွဲမှ ကြိမ်လုံးကိုချပြီး အိမ်ရှေ့က ပက်လက်
ကုလားထိုင်မှာ တစ်ယောက်တည်းသွားထိုင်ပြီး မျက်မှောင်ကြီးကြပ်နေတယ်၊ အဲဒီတုန်းကလေ သားဖေဖေ့ကို မုန်းလိုက်တာ၊ မခေါ်ချင်တော့ဘူး၊ ကိုယ့်ဟာကိုယ် မုန့်ငတ်ခံပြီး ဝယ်ထားတဲ့ဟာကို သူ့ပိုက်ဆံခိုး ဝယ်တာကျနေတာပဲ။ သားလည်းကလေးပဲ သူများလိုပဲ ကစားချင်တာပေါ့။ဖေဖေဟာ တစ်ယောက်တည်း ကုလားထိုင်ပေါ်မှာ ထိုင်နေရာကနေ အတော်လေးကြာတော့ သားဆီကို ထလာတယ်။ ဖေဖေ့ကို မကြည့်ပါဘူး။ မျက်လုံးထောင့်ကနေ မြင်နေရတာ။မော့မကြည့်တော့ ဖေဖေက သားပခုံးကို လာဖက်တယ်။ သားက “ဟေ့ကောင် မင်းဖေဖေ့ကို စိတ်ကောက်နေတာလား"တဲ့။ မေမေက ဖေဖေနဲ့သားကို ပြုံးပြီး ကြည့်နေတယ်။ဖေဖေက တအားရိုက်ပြီးရင် သားကြိုက်တဲ့ မုန့်တစ်ခုခုလည်း ဝယ်ကျွေးတတ်သေးတယ်။
“ကဲပါသားရယ်၊ နောက်ကို မုန့်အငတ်ခံပြီး သား အဲဒီအရုပ်တွေ မဝယ်နဲ့တော့နော်၊ သားကို ဖေဖေ တစ်ပတ်ကို မျက်နှာဖုံးအရုပ်တစ်ခုတစ်ခု ဝယ်လာပေးမယ်”တယ်။ဆိုလို့ သား ဝမ်းသာအားရနဲ့ ဖေဖေ့ကို မော့ကြည့်လိုက်
“တကယ်လား ဖေဖေ”“တကယ်ပေါ့၊ သားက အဲဒီမျက်နှာဖုံးတွေကို သိပ်ကြိုက်နေတော့ ဖေဖေပဲ ဝယ်ပေးတော့မယ်၊ တစ်ပတ်ကို တစ်ရုပ်ပဲ ရမယ်နော် ဒီကြားထဲမှာ သား မဝယ်ရဘူး”တဲ့။ ဖေဖေ့ကို သားခေါင်းညိတ်ပြလိုက်တယ်။တကယ်တော့ သားက ဘယ်နေမှာလဲ။ ဖေဖေဝယ်ပေးတဲ့မျက်နှာဖုံးရုပ်တွေကိုလည်း ယူပြီး ဖေဖေတို့မြင်အောင် တပ်ပြီး ကစားတယ်။ သားဟာသား ထပ်စုပြီး ဝယ်တဲ့ဟာတွေကိုလည်း ဖေဖေတို့မမြင်အောင် ဝှက်ပြီး ကစားတယ်။
သားပိုက်ဆံနှစ်ရက်စုလို့ တစ်ဆယ်ရထားတဲ့တစ်နေ့မှာပဲညနေကျောင်းအပြန်မှာ မနက်ဖြန်ခါ အရုပ်တစ်ရုပ်ဝယ်လို့ရတော့မှာမို့ ပျော်ပြီး ပြန်လာတယ်။ အခုအရုပ်သည်ကြီးဆီမှာ သံခေါင်းစွပ်မင်းသားပုံမျက်နှာဖုံးအသစ်တစ်ခု ထပ်ရောက်နေပြန်ပြီ။ မနက်ဖြန်ခါကျရင် အဲဒီပုံဝယ်လို့ရတော့မယ်ဆိုပြီး စိတ်ကူးထဲမှာ မြင်ယောင်ပြီး ပြန်လာတုန်း အိမ်ရှေ့ရောက်တော့ အိမ်ပေါ်မှာ လူတွေ ဆင်းလိုက်တက်လိုက်နဲ့ ဖြစ်နေပြီး မေမေကလည်း သားကို မြင်တာနဲ့ဖက်ပြီး ငိုတယ်။ မေမေငိုတာကို အဲဒီနေ့ကမှ သား စပြီး မြင်ဖူးတာ။သား အရမ်းလန့်သွားတယ်။ အိမ်မှာ ဘာဖြစ်တာလဲ ဖေဖေရော။
ဖေဖေဆုံးလို့တဲ့။ ဖေဖေ ကားတိုက်ခံရလို့ ဆုံးသွားပြီတဲ့။အခု ရေခဲတိုက်ထဲမှာတဲ့။ ဟင်. . . ဒုက္ခပါပဲ၊ ဒါဆို သားမှာ အဖေမရှိတော့ဘူးပေါ့၊ ဖေဖေ... ဖေဖေရေ..။
အိမ်မှာ ဖေဖေဆုံးတော့ သားကျောင်းမတက်ရတော့ဘူး။ဒီနေ့ ဖေဖေရက်လည်ပြီ။ မနက်ဖြန် သားကျောင်းပြန်တက်ရတော့မယ်။အခန်းထောင့်က မေမေစုပုံထားတဲ့ သားရဲ့ ကစားစရာတွေထဲမှာ ဖေဖေမရိုက်ခင်တုန်းက သားဝယ်ပြီး စုထားခဲ့တဲ့ မျက်နှာဖုံးရုပ် အဟောင်းတွေကိုပါ ပြန်တွေ့လိုက်ရတယ်။ ဟင်...ဒါဆိုဖေဖေ သားအရုပ်တွေကို ဖျက်ဆီးမပစ်ခဲ့ဘူးပေါ့။
မနက်ဖြန်ခါ သား ကျောင်းပြန်တက်လို့ မေမေမုန့်ဖိုးပေးရင် သံခေါင်းစွပ်မင်းသားမျက်နှာဖုံး ဝယ်လို့ရပြီ။သားဝယ်ရင် ကောင်းမလား၊ မဝယ်ရင် ကောင်းမလား။
ဖေဖေ့စကားလည်း နားထောင်ချင်တယ်၊ သံခေါင်းစွပ်မင်းသား အရုပ်လည်း လိုချင်တယ်၊ သား ဘာလုပ်ရရင် ကောင်းမလဲဟင်။မေမေက သားကို ထုံးစံအတိုင်း မုန့်ဖိုးငါးကျပ်ထုတ်ပေးတယ်။ တိုင်မှာ ချိတ်ထားတဲ့လွယ်အိတ်နဲ့ ဦးထုပ်ကိုယူပြီး ကျောင်းကို လာခဲ့ရင်းက လမ်းမှာ ကွန်ပါဘူးထဲက အံကလေးထဲမှာ ထည့်သိမ်းထားတဲ့ ပိုက်ဆံတစ်ဆယ်ကို ထုတ်ယူပြီး လက်ထဲက မေမေပေးလိုက်တဲ့ ငါးကျပ်နဲ့ ပေါင်းကိုင်ရင်းက လျှောက်လာခဲ့တဲ့ သား
ခြေထောက်တွေက အလျင်လို မမြန်ဘဲ နှေးကွေးနေကြတယ်။ကျောင်းနာရောက်တော့ သားရင်တွေ တထိပ်ထိပ်နဲ့ ခုန်နေတယ်။
‘ဝယ်ရင်ကောင်းမလား၊ မဝယ်ရင်ကောင်းမလား'နဲ့ ရင်ထဲမှာ တစ်ယောက်တည်း မေးနေတယ်။ သားသိပ်ကြိုက်တဲ့ သံခေါင်းစွပ်မင်းသားရုပ်ကိုလည်း မျက်စိထဲမှာ မြင်နေတယ် နောက်တော့-
“ဝယ်လိုက်မယ်၊ သံခေါင်းစွပ်မျက်နှာဖုံးရပြီးရင် မနက်ဖြန်ကစပြီး နောက် ဘယ်တော့မှ မဝယ်တော့ဘူး' လို့ စိတ်ကို ဒုံးဒုံးချပြီး သားဖေဖေ့ကို သတိရနေရင်းက မုန့်စားတန်းက အရုပ်သည်ကြီးဆီကို လာနေမိတယ်။ သံခေါင်းစွပ်ရုပ်ကလေးမှ ရှိသေးရဲ့လားလို့သားစိတ်ပူပြီး လှမ်းအကြည့်မှာ-
“ဟင်. . . အရုပ်သည်ကြီး မထွက်ပါလား”သားလိုပဲ မျက်နှာဖုံးဝယ်နေကျ ကောင်တွေကလည်း အဲဒီနေရာကို ရောက်လာကြပြီး-
“ဟာ...ဒီနေ့လည်း မလာဘူးကွ”လို့ စိတ်ပျက်လက်ပျက် ပြောနေကြတုန်း အရုပ်သည်ဘေး
က ဆီးသီးလှည်းဆီက-
“ဟေ့ကောင်တွေ မင်းတို့ မျက်နှာဖုံးသည် ဘယ်တော့မှလာမှာ မဟုတ်တော့ဘူးကွ” ဆိုတဲ့ အသံ ကြားလိုက်ရတယ်။“ဘာဖြစ်လို့လဲဗျ”လို့ တစ်ယောက်က လှမ်းမေးလိုက်တော့-“ဘာဖြစ်ရမလဲကွ၊ မင်းတို့အရုပ်သည်ကြီးက မျက်နှာမှာမျက်နှာဖုံးကြီးအမြဲအုပ်ထားပြီး ကားလမ်းကူးတော့ ဘေးက ကလေးတစ်ယောက်က ဝင်တိုက်လိုက်တာ မျက်နှာဖုံးရွေ့ပြီး မျက်စိပိတ်သွားတုန်း ကားနဲ့ ဝင်တိုးလို့ ကိစ္စချောသွားပြီ”ဆိုတော့ အားလုံးဆီက-
“ဟာ... သနားပါတယ်”
ဆိုတဲ့အသံ ထွက်လာတယ်။ဟုတ်သားပဲ။ အရုပ်သည်ကြီးက အမြဲတမ်းပဲ မျက်နှာဖုံးအကြီးစားကြီး မျက်နှာမှာ တပ်တပ်ပြီး ရောင်းလို့ သားလည်း သူ့ကို တစ်ခါမှတောင် မမြင်ဖူးလိုက်ဘူး။ သနားစရာကောင်းလိုက်တာ...။
#သန်းမြင့်အောင်
#အတုများ
Keep Reading