KhatSit

ကျွန်တော်တို့လူသားတွေမှာ ဆေးဝါးနဲ့ကင်းသူရယ်လို့မရှိတာ အမှန်ပါ ။ အစာမကြေတာကအစ ဖျားနာတာအထိ ဆေးဝါးကို အားကိုးနေရပါတယ် ။ ဒါပေမဲ့ လူတိုင်းမှာ ရှိပြီး လူတိုင်းအသုံးမပြုတတ်တဲ့ ဆေးဝါးတစ်ပါးက ကျွန်တော်တို့တွေနဲ့ အမြဲဒွန်တွဲပြီး ရှိနေပါတယ် ။ အဲ့တာက ဘာလဲဆိုတော့ “စိတ်” ဆိုတဲ့အရာလေးပါပဲ ။ စိတ်ဆိုတာက စေလိုရာ ၊ စေညွှန်ရာ ၊ ဖန်တီးရာ ပါပဲ ။ ရှင်းရှင်းပြောရရင် အကောင်းဆုံးအနုပညာ ဖန်တီးမှုတွေဟာလည်း စိတ်ကနေအရင်းတည် ပေါက်ဖွားလာတယ်ဆို မှားမယ်မထင်ပါဘူး ။ “စိတ်ထောင်းရင် ကိုယ်ကြေ” တဲ့ စိတ်ဓာတ်ကျနေတဲ့အခါမှာ မပျော်ရွှင်တော့တဲ့အခါ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး အစစအရာရာဟာ ထိခိုက်ပျက်စီးလာတတ်ပါတယ် ။ “စိတ်သာ ရှင်စော ဘုရားဟော” အရာရာတွင် စိတ်သာလျှင် ပဓာန ဖြစ်သည်ဟု ကျွန်တော်တို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူခဲ့တာပါ ။ ဒါဆိုအကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တဲ့ စိတ်ကို ကျန်းမာနေအောင် ဘယ်လိုထားရမလဲ ၊ ဘယ်လိုနေရမလဲ ဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ် ။
(၁) ရောင့်ရဲတင်းတိမ်ခြင်း
ကျွန်တော်တို့လူသားတွေမှာ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်ဆိုပြီးရှိပါတယ် ။ လိုအပ်ချက်ကို ကျော်လွန်ပြီး လိုအင်ဆန္ဒတွေများလာတဲ့အခါ ကျွန်တော်တို့မှာ ငါ့ကျမှ ဘာလို့မဝယ်နိုင်တာလဲ ၊ ငါ့ကျမှ ဘာလို့ဒီလိုဖြစ်တာလဲ ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၊ အားငယ်စိတ်တွေဝင်လာပါလိမ့်မယ် ။ ဒါဆိုရင်သေချာပါတယ် ဒီစိတ်ကြောင့် သင့်ရဲ့နေ့စဉ်လူနေမှုဘဝမှာ ပျော်ရွှင်မှုတွေနည်းပါပြီး သိမ်ငယ်အားငယ်စိတ်တွေက ကြီးဆိုးနေပါလိမ့်မယ် ။ ဒါကြောင့် ရောင့်ရဲတင်းတိမ်နိုင်ဖို့လိုပါတယ် ။ သူ့ထက်ငါက သာရမယ် ၊ သူ့ထက်ငါကပိုသုံးနိုင်ရမယ်ဆိုတဲ့ လွဲနေတဲ့စိတ်ကြီးထားနေရင်တော့ သေချာပါတယ် ပျော်ရွှင်ချမ်းမြေ့တဲ့ စိတ် သင့်မှာရှိနေမှာမဟုတ်ပါဘူး ။
(၂) Social Media တွေကို အထာကျကျသုံးမယ်
ယနေ့ခေတ်မှာ ပွဲပေါင်းသောင်းခြောက်ထောင်က Social တစ်ခွင်မှာ နေ့စဉ်ဖြစ်ပွားနေပါတယ် ။ ဒါတွေအပေါ်မှာ လိုက်ပါခံစားနေမယ် ၊ လောင်နေမယ်ဆို သေချာပါတယ် မိုးလင်းတာနဲ့ Facebook ၊ Tiktok နဲ့ နိုးထတဲ့ခေတ်မှာ သင်ဟာမိုးလင်းကတည်းက စိတ်ကချမ်းသာနေမှာမဟုတ်ပါဘူး ။ ဒါကြောင့် ကိုယ့်ကိုပျော်စေတဲ့ Page တွေနဲ့ ကိုယ့်အတွက် အသိပညာ ၊ အတတ်ပညာ တစ်ခုခုကို ပေးစွမ်းနိုင်တဲ့ Page တွေကိုပဲ အထာကျကျရွေးပြီး ကြည့်ဖို့လိုပါလိမ့်မယ် ။ ဟိုလူ့ကိုလိုက်ဆဲ ၊ ဒီလူ့ကိုလိုက်ဖြဲနေရင်သေချာပါတယ် မင်းရဲ့စိတ်က ဘယ်လိုမှ အေးချမ်းနေမှာ မဟုတ်ပါဘူး ။ သူတစ်ပါးကို ဒေါသထွက်ရင် အရင်ဆုံးပူလောင်မှုကို ခံစားရတာက ကိုယ်တိုင်ပါ ။ ဒါကြောင့် Social Media တွေကို အထာကျကျသုံးတတ်ဖို့လိုပါလိမ့်မယ် ။
(၃) စာဖတ်ပါ
စာဖတ်ခြင်းကတော့ စိတ်အတွက် အကောင်းဆုံး အာဟာရပါပဲ ။ အကောင်းနဲ့အဆိုး ၊ အကျိုးနဲ့အကြောင်းကို စိတ်နဲ့ဝေဖန်ပိုင်းခြားရာမှာ မှန်ကန်မှုရှိဖို့လိုအပ်ပါတယ် ။ ဒီလိုဝေဖန်ပိုင်းခြားရာကို အထောက်အကူပြုနိုင်မှာက စာဖတ်ခြင်းက ရရှိလာတဲ့ အသိနဲ့သတိ ပါပဲ ။ စာဖတ်ခြင်းက စိတ်ကိုတည်ငြိမ်စေသလို စာရေးဆရာတစ်ယောက်က ကြုံတွေခဲ့တဲ့ ဘဝအသိနဲ့ သင်ခန်းစာတွေကို ကိုယ်တိုင်ပါဝင်ခံစားနိုင်တဲ့ အရာပါပဲ ။ စိတ်တည်ငြိမ်ချင်လို့စာဖတ်ပါတယ်ဆို ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ ဆရာမဂျူးရဲ့စာအုပ်တွေဖတ်ပြီး ငိုရတာကတော့ ခြွင်းချက်ပေါ့နော် ။ ဒါပေမဲ့ ထိုစာအုပ်တွေကပေးတဲ့ အသိပညာတစ်ခုခုကိုတော့ ရရှိမှာ မလွဲမသွေပါပဲ။
(၄ ) ပျော်ရွှင်စေတဲ့ Movie တွေကြည့်ပါ
ကျွန်တော်တို့တွေ ဇာတ်လမ်းတွေကြည့်တဲ့အခါမှာလည်း ကိုယ့်ကိုပျော်ရွှင်စေပြီး အသိပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေကို ရွေးချယ်ပြီးကြည့်သင့်ပါတယ် ။ တစ်ချို့လူတွေကို မြင်ဖူးပါတယ် ဇာတ်လမ်းတွဲကြည့်ပြီး လိုက်ငိုတယ် ၊ လိုက်ပြီးဒေါသထွက်တယ် ၊ နောက်ဆုံး ဇာတ်လမ်းထဲက ဗီလိန်သရုပ်ဆောင်ကို သွားဆဲတဲ့အထိပါ စိတ်တိုလာကြပါတယ် ။ ဒါဆိုသေချာတယ် ထိုအချိန်တွေမှာ သင့်ရဲ့စိတ်က ဘယ်လိုမှ ပျော်ရွှင်နေမှာမဟုတ်ပါဘူး ။ ဒါကြောင့် ဇာတ်လမ်းတွေကိုလည်း ရွေးချယ်ကြည့်တတ်ဖို့လိုပါတယ် ။ ကျွန်တော်ဆို ဒီအသက်အရွယ်ထိ ကာတွန်းကားကြည့်ပါတယ် ။ ဘာကြောင့်လဲဆို ကျွန်တော့်ကို ပျော်ရွှင်စေလို့ပါ ။ ဇာတ်ကားကြာချိန်က ၂ နာရီဆို အဲ့၂ နာရီအတွင်းမှာ ကျွန်တော်ပျော်ရွှင်ရတယ် ၊ ကြည်နူးရတယ် ၊ အသိပညာတစ်ခုတိုးလာတယ်ဆို ကျွန်တော်တို့အချိန်ပေးရကျိုးနပ်ပါတယ် ။ ဒါကြောင့် ဇာတ်လမ်းတွေကို အချိန်ပေးရကျိုးနပ်တဲ့ ဇာတ်လမ်းကိုရွေးချယ်ပါ ။ အချိန်လည်းပေးရသေးတယ် ပေးရတဲ့အချိန်အတွင်းမှာ ကိုယ့်ရဲ့စိတ်ကလည်း ဆင်းရဲရသေးတယ်ဆို သေချာပါတယ် မိအေးနှစ်ခါနာဖြစ်နေပါပြီနော် ။ ဒါကြောင့်ထပ်ပြီးပြောချင်တာက ပျော်ရွှင်စေတဲ့ Movie တွေကြည့်ပါ ။
အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တဲ့ ကိုယ့်ရဲ့စိတ်ကို ပျော်ရွှင်ချမ်းမြေ့အောင်ထားရင်း ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်ပါစေ..
Keep Reading