Tapathi (တပသီ)
အတွေးဆိုတာ ကျွန်တော်တို့တွေ မမြင်နိုင်ပေမယ့် သိပ်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုပါ ။ အဲ့ဒီအတွေးကိုလည်း ကျွန်တော်တို့တွေ ကိုယ်တိုင် ပုံဖော်တွေးတော နေကြတာပဲဖြစ်ပါတယ်။ ဒီလို အတွေးပေါင်းများစွာ တွေးတောကြတဲ့အခါ စိတ်ခံစားမှုအရ ကောင်းတာတွေ ၊ ပျော်စရာတွေ ၊ အကျိုးရှိတာတွေ တွေးချင်တွေးမိမယ် ။ ဒါမှမဟုတ် မကောင်းတဲ့အရာတွေ ၊ စိတ်ရှုပ်ထွေးစရာတွေနဲ့ ဖြစ်မလာသေးတဲ့အရာတွေ အတွက် ကြိုတင်ပူပန် တွေးတောမိနိုင်ပါတယ် ။ စာဖတ်သူတို့က ကိုယ့်စိတ်ကို အကောင်းမြင်စိတ်လေးနဲ့ အေးချမ်းစင်ကြယ်တဲ့စိတ်လေးကို ပိုင်ဆိုင်ချင်ကြတာလား ။ အဲ့ဒီလိုမှ မဟုတ်ဘဲ ရှုပ်ထွေးစရာတွေနဲ့ ပြည့်နက်နေတဲ့ မကောင်းတဲ့ စိတ်ကို ပိုင်ဆိုင်ချင်ကြတာလား ။ အများအားဖြင့်တော့ ကိုယ့်စိတ်လေးကို ကောင်းမွန်အေးချမ်းချင်ကြပါတယ် ။ အဲ့ဒီလို ကျွန်တော်တို့ရဲ့ စိတ်တွေကို သန့်ရှင်းအောင် ညစ်ညမ်းအောင် အမျိုးအမျိုးပုံဖော်ပြောင်းလဲနိုင်တာ ကျွန်တော်တို့ရဲ့ အတွေးတွေပါ ။
ကောင်းတာတွေတွေးမယ် ၊ လူတိုင်းအပေါ်အကောင်းမြင်စိတ်လေးနဲ့ ကြည့်မြင်မယ်ဆိုရင် ကျွန်တော်တို့ စိတ်တွေဟာ သန့်ရှင်းပြီး ကောင်းမွန်တဲ့ အတွေးတွေ ဖြစ်လာပါတယ် ။ အတွေးအမြင်ကောင်းတွေ ကျွန်တော်တို့မှာရှိလာတဲ့အခါ ဘေးပတ်ဝန်းကျင်က လူတွေအတွက်လည်း စိတ်ချမ်းမြေ့စေပြီး ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်တဲ့ လူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ အတွေးသစ်တွေနဲ့ တွေးခေါ်မှုပိုင်းမှာ အများနှင့်မတူအောင် အများကြီး တွေးခေါ်လာနိုင်မယ် ။ ကျွန်ေတာ်တို့ ခန္ဓာကိုယ်မှာ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အရာက အဲ့ဒီအတွေးပါပဲ ။ လူတစ်ယောက်ဟာ တစ်စက္ကန့် ၊ တစ်မိနစ် အတွင်းမှာ အတွေးပေါင်းသောင်းချီ၍ တွေးခေါ်နေကြပါတယ် ။ အဲ့ဒီ အတွေးတွေမှာ ကောင်းတာတွေ ဆိုးတာတွေ ပေါင်းစုံရောနှော ပါဝင်ပါတယ် ။ မကောင်းတဲ့အရာတွေကို မတွေးမိစေဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်တွေကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ် ။ " ကိုယ့်စိတ်ကိုယ် နိုင်သူဟာ စစ်ပွဲတစ်ရာနိုင်တဲ့သူထက် မြတ်တယ် "ဆိုတဲ့ ကျွန်တော့်ဖေဖေပြောပြဖူးတဲ့ စာစုလေးအတိုင်း ကောင်းတာတွေ တွေးမိစေဖို့အတွက် စိတ်ကို လေ့ကျင့်ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ် ။
အတွေးတွေမှာ စွမ်းအားရှိပါတယ် ။ ကျွန်တော်တို့ နေ့စဉ် ပြုလုပ်နေတဲ့ ကိစ္စရပ်တိုင်းက ဒီအတွေးေတွမှတစ်ဆင့် ဖြစ်ပေါ်လာတာပါ ။ ဒါ့ကြောင့် ဒီအတွေးတွေက ကောင်းမွန်မှန်ကန်နေမှသာလျှင် လုပ်ရက်တိုင်းကလည်း အဆင်ပြေမှာ ဖြစ်ပါတယ် ။ ဒီလို ပိုင်ဆိုင်ပြီး ပုံဖော်ပြုလုပ်လို့ရတဲ့ အတွေးတွေကို အကောင်းမွန်ဆုံး တွေးတောပုံဖော်ရမှာက ကျွန်တော်တို့ တာဝန်ပဲဖြစ်ပါတယ် ။
အတွေးအမြင်သစ်တွေ တွေးတောနိုင်ပြီး ကောင်းမွန်တဲ့စိတ်လေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက်~~~
- စာအုပ် ၊ စာပေတွေ များများ ဖတ်ရှုပါ ။
စာဖတ်ခြင်းရဲ့ ကောင်းကျိုးရလဒ်တွေကတော့ ပြောမကုန်နိုင်အောင်ပင် ဖြစ်ပါတယ် ။ စာပေကို လက်တွေ့ ဖတ်ရှုလေ့လာနေသူတိုင်းလည်း ဒီအကျိုးကျေးဇူးတွေကို ခံစားသိမြင်ကြရပါတယ် ။ ဦးနှောက်နဲ့ နှလုံးသားအတွက် အားဆေးလေးများလို့ တင်စားကြတဲ့ စာအုပ်လေးများကို ဖတ်ရှုလေ့လာခြင်းက အများနှင့် မတူညီတဲ့ ဖန်တီးဉာဏ် ၊ စိတ်ကူးစိတ်သန်းတွေနဲ့ အတွေးအမြင်သစ်များ ရရှိစေမှာ မလွဲဧကန်ပင် ဖြစ်ပါတော့တယ် ။
- တရားထိုင် ၊ တရားမှတ်ကြည့်ပါ ။
တရားထိုင်ခြင်းကို ဘာသာရေးအနေနဲ့ပဲ မဟုတ် စိတ်ပိုင်းဆိုင်ရာ နဲ့ကျန်းမာရေး အတွက် လူသားတိုင်းလိုလို ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေကြပါတယ် ။ အာရုံစူးစိုက်မှုကောင်းခြင်း နဲ့ စိတ်တည်ငြိမ်စေတာကြောင့် တွေးခေါ်မှာပိုင်းမှာ အများနဲ့မတူ ဖန်တီး ပုံဖော်လာနိုင်ပါမယ် ။ ဒါ့အပြင် မကောင်းတဲ့အရာများကို တွေးတောမိခြင်း နဲ့ အတွေးလွန်ခြင်းများကိုလည်း တားဆီးပေးပါတယ် ။ ကျန်းမာရေးအတွက်လည်း သွေးတိုး ၊ နှလုံး စတဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်စေတတ်တဲ့ေရာဂါေတွကို မဖြစ်အောင် ကာကွယ် လျှော့ချပေးသလို အရေးကြီးလှတဲ့ အိပ်စက်ခြင်းကိုလည်း ကောင်းစွာ အထောက်အကူပြုပါတယ် ။
- ဂီတ၊ သံစဉ်၊ သီချင်းလေးတွေ နားထောင်ပါ ။
သီချင်းလေးတွေကို နားထောင်တဲ့အခါ မှတ်ဉာဏ်ကောင်းလာစေပြီး စိတ်နှင့် ဦးနှောက်ကို အေးမြတက်ကြွစေပါတယ် ။ အားကစားသမားများနဲ့အလုပ်ကြမ်းများ ပင်ပန်းစွာ လုပ်ကြရသူတွေအတွက် ဂီတက ပိုမိုလုပ်ဆောင်နိုင်ေစပြီး ပင်ပန်းမှုတွေကို လျှော့ချပေးပါတယ် ။ ဒါ့ကြောင့် ဂီတ ၊ သံစဉ်၊ သီချင်းလေးများကို စိတ်ကြွဆေးလေးများ လို့တောင် ပြောစမှတ်ပြုကြပါတယ် ။ နာရီပေါင်းများစွာ စာလေ့လာတာဖြစ်ဖြစ် ၊ အာရုံစိုက်ပြီး လုပ်ရတဲ့သူတွေ အတွက်လည်း သီချင်းလေးတွေ နားထောင်ကာ ဦးနှောက်ကို အနားပေးပြီး ထပ်မံလုပ်ဆောင်မှသာ စိတ်ကူးစိတ်သန်းကောင်းများနဲ့ အကောင်းဆုံး လေ့လာနိုင်မှာ ဖြစ်ပါတယ် ။
- ကလေးလေးတွေနဲ့ အချိန်ပေးနေကြည့်ပါ ။
ပူပန်မှုဆိုတဲ့အရာကို နားမလည်ကြသေးတဲ့ ၊ အပြစ်ကင်းဖြူစင်ကြတဲ့ ၊ ဘာကိုမှ စိုးရိမ်ပူပန်နေတာမျိုးမရှိတဲ့ အဲ့ဒီအရွယ်တွေကို ကြည့်မြင်ရတာကိုက စိတ်ပျော်ရွှင်စရာပါပဲ ။ ကလေးချစ်တတ်တဲ့ ကျွန်တော့်အတွက်တော့ သူတို့ရဲ့ အပြုအမူ၊ အပြောအဆိုလေးတွေ အားလုံးက စိတ်ကြည်နူးစရာပဲ ဖြစ်ပါတယ် ။ နုနယ်သေးတဲ့ စိတ်ခံစားချက်လေးတွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးလေးတွေ ၊ သူတို့လိုချင်တဲ့ အရာတွေကို နည်းမျိုးစုံနှင့် တောင်းတ တတ်ကြတာ တကယ်ကို ချစ်စရာပါ ။ သူတို့လေးတွေနဲ့ အနေများတဲ့အခါ စိတ်ကလည်း ကလေးတစ်ေယာက်လို အနည်းငယ်တော့ အပူပင်လျော့စေသလို အတွေးလွန်တာတွေလည်း မဖြစ်တော့ဘူးပေါ့ ။
- သဘာဝနဲ့ ထိတွေ့ခံစားကြည့်ပါ ။
ကျွန်တော်ကတော့ မနက်စောစောနှင့် ညနေ နေဝင်စ အချိန်တွေမှာ ခြံထဲမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကောင်းကင်ကြီးနဲ့ တဝကြီးထိတွေ့ခွင့်ရတဲ့ အမိုးအကာ ကင်းမဲ့တဲ့ အိမ်အပေါ်ဆုံးထပ် လသာဆောင်မှာ လမ်းလျှောက်ရတာ စိတ်ကြည်နူးမှုကို ခံစားရပါတယ် ။ လမ်းလျှောက်နေချိန်မှာ မြင်တွေ့ရတဲ့ မျက်လုံးမျက်စံကဲ့သို့ အလင်းကို ပေးစွမ်းတဲ့ ကောင်းကင်ကြီး ၊ မြတ်နိုးဖွယ်ရာ သစ်ပင်ပန်းမာန်လေးတွေ ၊ ဟော ရုတ်တရက် ငှက်ကလေးတွေများ ပျံသန်းသွားတာ မြင်ရတဲ့အခါ သဘာဝတရားကြီးနဲ့ထိတွေ့ရတာ ပျော်စရာကောင်းလိုက်တာ ။ ခရီးတွေသွားပြီး ရှုခင်းတွေကို ခံစားမှ မဟုတ်ပါဘူးနော် ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ သဘာဝအလှတရားတွေကိုလည်း ခံစားကြည့်သင့်ပါတယ် ။ အခုလို မိုးစက်မိုးပေါက်လေးများ ကျနေချိန်ဆို စိမ်းစိုနေတဲ့ သစ်ပင်လေးတွေရဲ့ ပျော်ရွှင်မှု နဲ့ အေးမြနေတဲ့ ရာသီဥတုလေးကို ခံစားရတာ သိပ်ကို သဘောကျစရာပါ ။
ကျွန်တော်တို့ ဘဝတွေမှာ သိပ်ကိုလှပလွန်းတဲ့ သဘာဝတရားကြီးနှင့် ထိတွေ့ခွင့်ရတာကိုက ကံကောင်းခြင်းတစ်ခုပါပဲ ။ စာဖတ်သူလေးတို့လည်း ခံစားကြည့်ပြီး ကောင်းမွန်အေးချမ်းတဲ့ စိတ်တွေနဲ့တကွ အတွေးအမြင်သစ်များ ရရှိပိုင်ဆိုင် နိုင်ကြပါစေ ။
#Tapathi
Keep Reading