ဆွေ (မန္တလေး)
အဆုံးသတ်
ကိစ္စတစ်ခုရဲ့အဆုံးသတ်ကို အမြန်ရောက်ချင်တယ်။
ဒါဆိုရင် ဒီကိစ္စဟာ သူ့နေ့စဉ်ဘဝကို စိတ်ပင်ပန်းမှုပေးနေလို့ပါပဲ။
လူတွေက ကိုယ့်ကိုယ် စိတ်နာကျင်မှု သို့မဟုတ် ရုပ်နာကျင်မှုကို ဖြစ်စေသည့် ဘယ်ကိစ္စကိုမဆို မြန်မြန်အဆုံးသတ်စေချင်တယ်။ ဒါဟာသဘာဝပဲ။
အဆုံးသတ်ကို မရောက်ချင်သည့်အချိန်အခါတွေလည်း ရှိတယ်။ ဒါဟာ ပျော်စရာအကောင်းဆုံးနေ့ရဲ့ တစ်နေ့တာအဆုံးသတ် သို့တည်းမဟုတ် ကိုယ်အရမ်းကြိုက်ရတဲ့ စာအုပ်တစ်အုပ်ရဲ့ အဆုံးသတ် သို့တည်းမဟုတ် အကြိုက်ဆုံးဇာတ်ကားတစ်ကားရဲ့ အဆုံးသတ်။ ဒီလိုအချိန်ခါတွေ ရောက်တိုင်း နှမြောစရာ ကောင်းပြီး သိပ်အားနာရတယ်။ ဘာကြောင့်ဆို နောက်ထပ်ဘယ်အချိန်မှ ကိုယ့်ဘဝထဲ ထပ်ရောက်လာမယ်မြန်းမသိလို့။
ပစ္စုပ္ပန်မှာပဲနေပါ။
လူတစ်ယောက် အမြဲမှာတဲ့စကားတစ်ခွန်းပါ။ ဒီညတော့ တစ်နေကုန်အလုပ်ကြောင့် ပင်ပန်းနေတဲ့ ချစ်သူကို အနားမှာထားပြီး ဒီစာကိုရေးဖြစ်ခဲ့တယ်။ ဒီအချိန်ဟာ "မသိနိုင်တဲ့အနာဂတ်တစ်ခုရဲ့ နှမြောပြီး သိပ်တန်ဖိုးထားချင်စရာကောင်းတဲ့ အကောင်းဆုံးအချိန်ဖြစ်နိုင်မလား" ဆိုတာ မပြောနိုင်လို့ပါ။
အဲ့တော့ကျွန်မစဉ်းစားတယ်။ ဒီအချိန်ကို ပြန်တွေးတိုင်း နောင်တရမနေရအောင် ကျွန်မဘယ်လိုနေရမလဲပေါ့။ ကိုယ်ဟာ သူ့အနာဂတ်မှာ ပျောက်နေတဲ့ အကြောင်းကိုပဲ စကားစပြီး မေးရမလား။ သို့မဟုတ် ကိုယ့်အနာဂတ်မှာ သူပါတဲ့အကြောင်း စာတတန်ပေတတန်နဲ့ ပြောပြရမလား။ သို့မဟုတ် ပင်ပန်းလာတဲ့ချစ်သူကို နှစ်သိမ့်ပြီး စိတ်ပင်ပန်းမှု ထပ်မပေးစေပဲ အိပ်ခိုင်းမလား။ အင်း... ဒါကတော့ ကျွန်မအတွက် မခက်ခဲတော့ပါဘူး။ ကျွန်မနဲ့ သူနဲ့ ဝေးတဲ့နောက်ပိုင်း ကျွန်မ လုပ်ပေးနေကျ နေ့စဉ်ဝတ္တရားတစ်ခုပါပဲ။
ဝတ္တရားလို့ သုံးနှုန်းရတာက ကျွန်မ မလုပ်ချင်တဲ့အရာ တစ်ခုဖြစ်နေလို့ပါပဲ။ ကျွန်မ ဘာလုပ်ချင်လဲ။လို့မေးရင် ကျွန်မ ချစ်သူတစ်ယောက်ပီပီ ချွဲချင်တယ်။ နွယ်ချင်တယ်။ ဆိုးချင်တယ်။ ပူဆာချင်တယ်။ နှစ်ယောက်ကြား ပန်းစကားလေးတွေနဲ့ ပန်းလမ်းကို ခင်းပြီး အနာဂတ်ကို ကြိုတွေး အတွေးတွေထဲမှာ လျှောက်ချင်တယ်။ ပျော်ချင်တယ်။ သာယာချင်တယ်။
ဒါလေးအတွက်က အချိန် ၁ နာရီ လိုလား။ ဟင့်အင်း... ကျွန်မအရင်လို လောဘမကြီးနိုင်တော့ပါဘူး။ ၁၀ မိနစ်လောက်လေးဆို ကျွန်မကျေနပ်တတ်နေပြီ။ တစ်နေ့တာရဲ့ ၁၀မိနစ်လောက်ပါပဲ။ လူတစ်ယောက်စီက ကြင်နာမှု၊ အလိုလိုက်မှု၊ အချိန်၊ သူ့ဘဝထဲကနေရာ၊ သူ့တစ်နေ့တာထဲက နေရာ အဲ့တာတွေအကုန်လုံးက တောင်းယူလို့မရသလို ဝယ်ယူလို့လည်း မရပေဘူး။ ထိုသူပေးချင်မှရတာ။ အဲ့သလိုပဲ ကိုယ်တိုင်ကလည်း ပေးချင်တဲ့သူကိုပဲ ပေးတာပဲ မဟုတ်လား။
ဒါကိုအသိဆုံးလိုဖြစ်နေခဲ့တဲ့ မိန်းကလေးတစ်ယောက်က မတောင်းတော့တာ မဆန်းကြယ်တော့ဘူးလေ။ ဒါပေမဲ့ နောက်ထပ်သိနေတဲ့အသိတစ်ခုကလည်း ဘယ်ယောကျာ်းသားမဆို အလုပ်ပြီးရင် နွေးထွေးရာ မိဘအိမ်ကို ပြေးပြန် ချစ်သူလေးနဲ့ အချိန်ကုန်ဆုံးဖို့ စဉ်းစားကြတယ် မဟုတ်လား။ မောပန်းနေတာတွေ ဖြေဖျောက်ချင်လို့ပဲလေ။ ဒါသည် တစ်နေ့တာရဲ့ အဆုံးသတ် ဖြစ်ဖို့မကောင်းပေဘူးလား။ ခက်တာပဲ။ တစ်ချိန်က ကိုယ့်ဘေးနားမှာ အမြဲရှိခဲ့တဲ့ ချစ်သူက ဒီလိုယောကျာ်းသားတွေထဲမှာ မပါနေနိုင်တော့တာပါပဲ။
မိန်းကလေးကနေ အမျိုးသမီးဟန် ဆောင်ပြီး ရင့်ကျက်မှဖြစ်မယ်ဆိုတဲ့ သတိလေးတစ်ခုနဲ့ ဟောက်သံကသာ ချစ်သူ ငါ့အနားရှိတယ် ငါ့ကိုချစ်ရှာတယ် ဇွတ်သူ့စိတ်ထဲမှာ ငါရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေရတဲ့ ဒီမိန်းမကိုယ်တိုင်ကတောင် ကိုယ့်ကိုယ်ကိုယ် ညတိုင်း အားနာနေတဲ့ အဆုံးသတ်ဖြစ်နေလို့သာပဲ။
ဒီလိုသာဆက်သွားရင် ဒီလိုသာဆက်သွားရင် ... သည်းညည်းခံနိုင်ပါ့မလား။ ဒါမှမဟုတ် လက်တွဲဖြုတ်ရအောင်လို့ သူ့ဘက်ကပဲ ပြောလာတာကို စောင့်ရမလား။ စဉ်းစားစရာပါ။
ဒီလိုပဲပေါ့။ အဆုံးသတ်ရှိမယ်ဆိုတဲ့ ဆက်ဆံရေးတွေ ဘယ်သူကစချင်ခဲ့မလဲနော်။ အဆုံးသတ်မရှိမဲ့ ဆက်ဆံရေးတွေကိုသာ အကောင်းဆုံးလုပ်ချင်ခဲ့ကြမှာပဲ။ "အဆုံးသတ်ကို သိနေခဲ့သည် သို့သော်... ဒီတစ်ညတော့ ထပ်သည်းခံပေအုန်းမည်။" ပဲပေါ့ ကိုယ်မှအဆုံးရှုံးမခံနိုင်သေးတာလေ။
၂၊ စက်တင်ဘာလ၊ ၂၀၂၄။
၁၂:၂၈ မနက်
ဆွေ (မန္တလေး)
Keep Reading