မြ (စံကားဝါမြေ)
ဒီဆောင်းပါးလေးမှာ မြဘဝသက်တမ်း (၁၈)နှစ်ကာလ တစ်လျှောက်လုံးထဲမှ ပထမဦးဆုံး ပြင်ပအလုပ် လုပ်ဖူးခြင်းပေါ့ရှင်။ နေ့စဉ် မြ မသိတဲ့သူစိမ်း အများအပြားနဲ့ ပြောဆိုဆက်ဆံခဲ့တဲ့ ဘဝလေးတစ်ကွေ့အကြောင်းကို ရေးသားသွားမှာပါရှင်။
အဲတာ ဘယ်အချိန်တုန်းကလဲဆိုရင် မြ သတ္တမတန်းပြီး အသက် (၁၃)နှစ် ပြည့်ပြီး 2019 ခုနှစ် COVID-19 ဖြစ်တဲ့အချိန်က စတာပေါ့ရှင်။ မြတို့ မြို့ထဲတွင် COVID-19 ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာတော့ မြ အိမ်မှာပဲ နေပြီး "တစ်ထောင့်တစ်ည ပုံပြင်များ" ဆိုတဲ့ အလွန်အင်မတန်မှ ရှည်လျားလှတဲ့ စာအုပ်ကြီး (၇)အုပ်ကို မနားမနေ ဖတ်ရှုနေခဲ့တာပေါ့ရှင်။
နောက်ပိုင်း COVID-19ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းလာပြီး လူတွေကလည်း ကိုယ့်စီးပွားရေးကို ပြန်လည်လုပ်ကိုင်လာကြတဲ့အချိန်မှာ မြတို့ရဲ့ ကျောင်းတော်ကြီးက မဖွင့်သေးပါဘူးရှင်။ မြကလည်း ကျောင်း မဖွင့်သေး။ မြတို့ ဆွေမျိုးတွေကလည်း ဟင်းချက်လက်ရာ ကောင်းကြတယ်ဆိုတော့ အစ်မက Onlineပေါ်ကနေ ဟင်းချက်တွေကို Postတင်ပြီး စတင် ရောင်းခဲ့ကြတာပေါ့ရှင်။
မြက အိမ်မှာ လိုအပ်တာ ကူညီရင်းနဲ့ ဝယ်သူတွေလက်ထဲကို ဟင်းချက်ဘူးတွေကို ဂရုတစိုက် လိုက်လံပို့ဆောင်ပေးရတဲ့ ဒိုင်ခံ Deliveryသမားလေး တစ်ယောက်ပေါ့ရှင်။ ( ဒါလေးကတော့ မြ ဘဝမှာ ပထမဦးဆုံး ကျောင်းစာပြင်ပ အလုပ် လုပ်ဖူးခြင်း ဖြစ်ပါတယ်ရှင်။ )
တကယ်တော့ Deliveryပို့တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူးရှင်။ Customerတွေ မှာယူထားတဲ့ ပစ္စည်းတွေကို မကြေကွဲ၊ မပျက်စီးစေဖို့ တာဝန်ရှိပါတယ်။ အဲ့တာအပြင် ကိုယ်ပို့ဆောင်ပေးရမယ့် ပစ္စည်းက လက်ခံသူထံ မရောက်မချင်း လမ်းမှာ ထိခိုက်နစ်နာမှု မရှိရလေအောင် တာဝန်ကြီးတစ်ခုအနေနဲ့ ထမ်းဆောင်ကြရတာပါ။
ဒါ့အပြင် မြက ဟင်းချက်ဘူးလေးတွေ ပို့တဲ့သူဆိုတော့ နေ့လယ်စာအမီ ပို့ရပါတယ်။ အဲဒီအခါမှ အချိန်ဟာ ဘယ်လောက်ထိ တန်ဖိုးရှိကြောင်း နားလည်လာခဲ့ပါတယ်။ နောက်ထပ်တစ်ချက်က Deliveryပို့တဲ့သူတွေအနေနဲ့ မိမိဒေသမှာရှိတဲ့ မြို့၊ ရွာ၊ လမ်းအမည်တွေ၊ ဆိုင်းဘုဒ်အမည်တွေကိုလည်း မှတ်ထားရပါသေးတယ်။
ပါဆယ်ပို့တဲ့အခါမှာ လမ်းကြောကို ချိန်တတ်ဖို့ကလည်း အလွန်ကို အရေးကြီးပါတယ်။ ဥပမာ - တောင်အရပ်ကို ပါဆယ်ပို့မယ်ဆိုရင် တောင်အရပ်မှာရှိတဲ့ ပါဆယ်တွေကို ယူသွားပြီး ပို့ပေးရမှာပါ။ အဲလိုမဟုတ်ဘဲ တောင်ရော၊ မြောက်ရော အတူတူ အကုန်ပေါင်းပြီး ယူသွားမယ်ဆိုရင် တောင်ပဲ အရင်သွားရမလား၊ မြောက်အရပ်ကို အရင်ပို့ရမလား ဝေခွဲမရဖြစ်ပြီး ဟိုမရောက်၊ ဒီမရောက်နဲ့ အချိန်မမီမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်ရှင်။
"လူအများနဲ့ ပြောဆိုဆက်ဆံရာမှာ အရေးအကြီးဆုံး အချက်က "Smile (အပြုံး)" ပါပဲ။ ကိုယ်က ဘယ်လောက်ပဲ ပင်ပန်းနေပါစေ အပြုံးပန်းကိုတော့ အမြဲပွင့်လန်းနေရပါမယ်ရှင်။" မြဆိုရင် ဟင်းချက်ပို့တဲ့အခါမှာ အပြုံးပန်းကိုလည်း အမြဲပန်ဆင်ထားပြီး ပို့ဆောင်တော့ ဝယ်ယူအားပေးသူ တိုးလာတဲ့အပြင် အကယ်၍ အချိန်မီ မရောက်ခဲ့ရင်လည်း ဝယ်ယူသူလေးတွေက နားလည်ပေးကြပါတယ်ရှင်။ ဒီတော့ အပြုံးပန်းလေးတစ်ပွင့်ကြောင့်လည်း နှစ်ဦးနှစ်ဖက် အဆင်ပြေစေတာပေါ့ရှင်။
အဲဒီတုန်းက မြမှာ ဖုန်းသုံးချိန်ရယ်လို့ မရှိဘူး။ တစ်မနက်ကြီးလုံး ရောင်းချပြီး နေ့လည်ခင်းကျ နောက်ရက် ဟင်းချက်ဖို့အတွက် ကြက်သွန်နီနွှာ၊ ကြက်သွန်ဖြူနွှာ၊ ငရုတ်သီး အညှာချွေ အဲ့လို လုပ်ရတဲ့အချိန်တွေကျမှ ဇာတ်ကားကြည့်ရင်း ဖြစ်စေ၊ စာအုပ်ဖတ်ရင်း ဖြစ်စေ၊ သီချင်းနားထောင် ဖြစ်စေ ကုန်ဆုံးစေတာပေါ့ရှင်။
ခုချိန်များမှာတော့ တစ်နေ့တစ်နေ့ ဖုန်းလေးသုံးလိုက်၊ စာအုပ်လေးဖတ်လိုက်၊ စာလေးရေးလိုက်နဲ့ပဲ ပြင်ပလောကကို လျှောက်မလည်ပတ်ဖြစ်ခဲ့တာ ကြာခဲ့ပြီလေ....။
ဒါလေးကတော့ "မြရဲ့ ရှင်သန်ရာ ဘဝတစ်ကွေ့" မှာ Deliveryပို့ဆောင်သူအဖြစ် လုပ်ဆောင်ခဲ့ဖူးတော့ ယခုလက်ရှိ Deliveryပို့ဆောင်သူလေးတွေရဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲလေးတွေကို မြ လက်တွေ့နဲ့ရင်းပြီး ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ် ဖြစ်ပါတယ်ရှင်။
( မြရဲ့ ယခုဆောင်းပါးလေးအတွက် ပုံ Edit ပေးပါသော ညီမလေးတစ်ဦးအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ )
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
30.8.2024(Friday)
Keep Reading