Noon (နွန်း)
တွတ်..တွတ်..ကူးကူ..ကူးကူ...?
ငှက်တို့ရဲ့ သီချင်းတေးတောသံလေးတွေဟာ လောကတစ်ခွင်ကို တစ်နေ့တာဘဝလှုပ်ရှားဖို့ အသိပေးတယ်။
ဖိုးဖိုး၊ဖွားဖွားတို့ရဲ့ တရားသံတွေကြားမှာ
မနက်ခင်းအလင်းရောင်လေး အစပြုချိန် မျက်လုံးလေးတွေစပွင့်လာမယ်။ တစ်နေ့တာဘဝစဖို့အတွက် မျက်လုံးလေးစပွင့်တာက အကျင့်တစ်ခုလိုမျိုးဖြစ်လာပြီ။ ထမင်းစား၊ရေချိုးလို့ ဘုရားရှိခိုးပူဇော်ပြီးတာနဲ့ ကျွန်တော်တို့တွေဟာတစ်နေ့တာ အသက်ရှင်ဖို့ရုန်းကန်ကြရတယ်။ အသံမျိုးစုံဆူညံနေတဲ့ အလုပ်ခွင်မှာ အချိန်၊လေ၊ခန္ဓာကိုယ်အနာခံပြီး မိသားစု ဝင်ငွေအတွက် အပင်ပန်းခံကြရတယ်။ ဒီလိုဝင်ငွေရှာဖို့မိသားစုကိုခွဲခွာပြီး လူပေါင်းစုံနဲ့ အလုပ်လုပ်ကြမယ်။
ဟော..ဒီလိုနဲ့ ညနေအိမ်ပြန်ချိန်လေးရောက်လာပြီ။နေရောင်ခြည်တစ်ဖြည်းဖြည်း မှောင်လာပြီ။
မိသားစုစကားဝိုင်းဖွဲ့ပြီး တစ်နေ့တာအမောဖြေကြ၊အတွေ့အကြုံတွေမျှဝေကြရင်း အိပ်ချိန်လေးရောက်လာခဲ့ပြီ။ ကောင်းကင်က ကြယ်ကိုကြည့်ရင်းမျက်လုံးကလေးတွေ မှိတ်ပြီး တောငှက်တေးလေးတွေနဲ့ တစ်နေ့တာလှုပ်ရှားမှုအတွက် အကြောဖြေကြတယ်။ ဒီလိုနဲ့ ညအချိန်လေးတွေကို အိပ်စက်ခြင်းနဲ့ ကျော်ဖြတ်တယ်။
ကယ်..နောက်နေ့တွေလည်း ဒီလိုလေးနဲ့ပဲ အသက်ဆက်ရှင်ကြရတယ်။
❝ ဒီလို တစ်ငြိမ့်ငြိမ့်နဲ့ဘဝကိုကောင်းကောင်းအသက်ရှင်နေထိုင်ခွင့်ရတာကို ဘာလို့များ ခက်ခဲအောင် လုပ်ချင်ကြရတာလဲကွယ်။ ❞
ကျွန်တော်တို့လူသားတွေရဲ့လောဘ၊ဒေါသ၊မောဟတွေကြောင့် ကမ္ဘာကြီးလည်း စိတ်ဆိုးနေပြီ။ စကြဝဠာကြီးလည်းသက်ပြင်းချနေပြီ။ နေမင်းကြီးလည်း ပူပန်နေပြီ။သဘာဝတရားကြီးကလည်း လူသားတွေကို အသက်ရှင်ဖို့အတွက် ခွင့်မပြုချင်တော့ဘူး။ သတ္တဝါတွေလည်း ကျွန်တော်တို့တတွေကို ကြောက်လန့်နေပြီကွယ့်။ ကျွန်တော်တို့တွေရဲ့ လူသားအချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့်
လူမျိုးနွယ်တွေ မျိုးတုန်းကြတော့မယ်။
နိုင်ငံတကာမှာသာမက ပြည်တွင်းမှာပါ အချင်းချင်း တိုက်ခိုက်လို့ အမြင့်တစ်နေရာကို လုယူချင်နေကြတာ။ (ဥပမာ-စစ်ပွဲတွေပေါ့)။ဗုံးတွေ၊နျူးကလီးယားတွေ၊လက်နက်တွေသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်တာတဲ့လား။အသိတရားရှိတဲ့ လူသားတွေမျိုးတုန်းတော့မယ်။
ပြောရရင် ဘုရားဟော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်မထားနိုင်ကြတော့ဘူး။
ဗြဟ္မစိုရ်တရားလေးပါး
၁။မေတ္တာ-လောကမှာအရေးပါဆုံးသော၊အလိုအပ်ဆုံး၊နှလုံးသားတိုင်းမှာရှိသင့်တဲ့ စိတ်
၂။ကရုဏာ-မေတ္တာရှိရင်တောင် အချင်းချင်းဆက်နွယ်နိုင်ဖို့ အလိုအပ်ဆုံးသော စိတ်
၃။မုဒိတာ-မနာလိုတာတွေမရှိဘဲ သူတစ်ပါးအောင်မြင်မှုကို ဝမ်းမြောက်တဲ့စိတ်
၄။ဥပေက္ခာ-ကိုယ့်အပေါ် မကောင်းတဲ့အရာ၊မကောင်းတဲ့သူကို ကမ္ဘာနှစ်ခြမ်းကွဲသလို ထားနိုင်တဲ့စိတ်
ဒါတွေ မရှိကြတော့ဘူး၊
ကိုယ့်ရဲ့အသက်ကိုကျ ငှဲ့ကွက်ပြီးသူတစ်ပါးအသက်ကို လုယူနေတာ သတိထားမိကြရဲ့လား။ သူတစ်ပါးဆိုတဲ့ မသိနိုးနိုးလူသားတွေက ဘာမဟုတ်ဘဲ ကိုယ့်ကြောင့် သေကြေကြရတယ်။
သူတို့ခမျာ ဘဝအတွက် ရုန်းကန်ဖို့ လမ်းတစ်ဝက်ပဲ
လျှောက်လမ်းခွင့်ရတော့တယ်။
ကယ်..ကျန်သူတို့ကတော့ နေရာအမြင့်မှာအခွင့်အလမ်းကို ခံစား၊ မျှော်စား ဖို့ ဘဝအဆုံးရှင်သန်ဖို့အတွက် လမ်းမှားကိုဆက်သွားနေကြတာကွယ်။ သူတို့ ပျော်ပါးနေတာကိုကြည့်ပြီး လမ်းတစ်ဝက်ပဲ လျှောက်ခွင့်ရတဲ့သူတွေကို သနားမိတယ်။ အို..သူတို့ကတော့ အခွင့်သာသာကြီးကို လုယူစားသောက်နေလို့ပေါ့။
ဒီလိုဖြစ်ခဲ့တာတောင် အမြင့်နေရာတစ်ခုအတွက်နဲ့ကိုယ့်ရဲ့ စိတ်ဆန္ဒကို လမ်းမှားရောက်နေပြီးထွက်လာတဲ့ ရည်မှန်းချက်နဲ့ မာနနဲ့အတူ ရှေ့တန်းတင်နေတုန်းပဲလား။ ကျွတ်..ကျွတ်..လူသားတွေ တော်တော်မိုက်တဲ့ သတ္တဝါပါလား။ လူသားတွေစိတ်ထဲမှာတော့
တိရိစ္ဆာန်တွေက အသိစိတ်မရှိကြဘူးပေါ့။ အမှားအမှန်မခွဲခြားနိုင်ဘူးလို့ ထင်နေကြတာပါလား။
တကယ်တော့ လူသားတွေကသာ အမှားအမှန်ကို မခွဲခြားနိုင်တော့တာ။ လူသားတွေက တိရိစ္ဆာန်ထက်ပိုကြောက်ဖို့ ကောင်းလာတာ။ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်ကြတော့ဘူး။ လောဘ၊ဒေါသ၊မောဟတွေကို စိတ်အပေါ် လွှမ်းမိုးခွင့်ပြုလိုက်တာ အခုဆို ကိုယ့်ရဲ့စိတ်၊ကိုယ့်ရဲ့ရုပ်နာမ်၊
ကိုယ့်ရဲ့ခန္ဓာကို မမြင်နိုင်ကြတော့ဘူး။
စိတ်က ကြောက်စရာအကောင်းဆုံးနဲ့ ဆုံးမဖို့အခက်ဆုံး ဒြပ်မဲ့ပဲကွယ့်။
နောက်ဆုံးစိတ်ကပဲ လူသားတွေကို အနိုင်ယူလိုက်ကြပြီ။ စိတ်သာ ကျွန်တော်တို့အပေါ်ကို လွှမ်းမိုးသွားရင် ဘယ်ဘုရား၊ဘယ်တရားမှ ကယ်လို့မရသလို ကျွန်တော်တို့တွေရဲ့ အသိစိတ်ကို အသိတရားလက်ကိုင်ထားနိုင်ဖို့က ကျွန်တော်တို့တွေကိုယ်တိုင်ပဲ လုပ်နိုင်စွမ်းရှိတယ်။
မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ လောကပါလတရား တစ်နည်းအားဖြင့် ကမ္ဘာလောကကို စောင့်ရှောက်ပေးတဲ့ တရားနှစ်ပါးရှိတယ်။ ဟီရိဩတ္တပ္ပ(ရှက်၊ကြောက်ခြင်း)ပေါ့။ ဟီရိဩတ္တပ္ပ မရှိတော့တဲ့အခါ လူသားတွေရဲ့ကမ္ဘာက တိရိစ္ဆာန်ကမ္ဘာလို ဖြစ်သွားနိုင်တယ်။ အပေါ်က စစ်ပွဲဆိုတဲ့အပိုင်းမှာ ဟီရိဩတ္တပ္ပမရှိတော့တဲ့အခါ စိတ်ကိုအနိုင်ပေးသလို ဖြစ်သွားတယ်။
သူတစ်ပါးကို သတ်ရမှာ မကြောက်တော့ဘူး။ ကိုယ့်ရဲ့ စိတ်ဓာတ်ကို အခြေခံပြီး ပေါ်လာတဲ့ ရူပကိုလည်း ရှက်မနေတော့ဘူး။
ကိုယ့်ပတ်ဝန်းကျင်မှာလည်း တစ်ခါတစ်လေ ဟီရိဩတ္တပ္ပ မရှိတာတွေကို မြင်နိုင်မှာပါ။
မနက်ခင်းမိုးလင်းလာရင် အရက်တွေသောက်၊မူးရူးဆဲဆိုပြီး အိမ်မှာသောင်းကျန်းတာတွေ။ ကလေးငယ်တွေကို မသင်ပေးဘဲ ရိုက်ရင်းဆဲဆိုနေတာတွေ အမြဲတွေ့နိုင်ပါတယ်။အများအမြင်ကကြည့်ရင် ရွံစရာ၊ရှက်စရာပါ။ဒါက အကြမ်းဖျင်းရှင်းပြတာပါ။
စိတ်ကို မထိန်းချုပ်နိုင်တဲ့အခါ တရားကကယ်ပေးတာမဟုတ်ဘဲ ကိုယ့်ကို လမ်းမှန်ပြန်ရောက်အောင်ပဲ ညွှန်ပေးနိုင်တာ။ ကိုယ်သာ တရားတော်က ညွှန်ပြပေးတဲ့ လမ်းမှန်ကို ကိုယ့်အသိစိတ်နဲ့ လုပ်ဆောင်နိုင်မှ ကယ်တယ်ဆိုတဲ့ အဆင့်ဖြစ်သွားတာ။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ကိုယ့်စိတ်က ကိုယ်ကိုပြန်သတ်နိုင်တာမလို့ စိတ်ကိုအလိုမလိုက်ပါနဲ့။ အလိုလိုက်လွန်းသွားရင် တစ်နေ့တာဘဝကို ခက်ခဲအောင်လုပ်ချင်တာထက် တစ်သက်တာ ဘဝကို ခက်ခဲအောင်လုပ်မိသွားလိမ့်မယ်။
?️ဒီလိုမျိုး စိတ်ကြောင့်တစ်နေ့တာဘဝကို ခက်ခဲအောင်မလုပ်ချင်ကြရပါနဲ့ လူသားတို့ရေ ?
ချစ်ခြင်းမေတ္တာဖြင့်~
Noon (or) Noon Hnin Wai
Keep Reading