Author's Profile Photo

မြ (စံကားဝါမြေ)

29/08/2024

❝ လူတိုင်းတော့ Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ ဘာလို့ ငါ့ကျမှ ပိုဆိုးနေရတာလဲ? ❞

2 mins read
Life Style
Personal Development
18 Again
❝ လူတိုင်းတော့ Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ ဘာလို့ ငါ့ကျမှ ပိုဆိုးနေရတာလဲ? ❞'s photo

ဒီခေါင်းစဉ်လေးက မြတို့ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ရည်မှန်းချက်တွေ၊ အဆင်မပြေမှုတွေကို တိုင်ပင်ဆွေးနွေးချိန်မှာ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားလေးတစ်ခွန်းကို သဘောကျမိပြီးတော့ ဆောင်းပါးခေါင်းစဉ်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်ရှင်။

သူပြောတာလည်း ဟုတ်ပါတယ်။ "လူတိုင်းတော့ Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ ဘာလို့ ငါ့ကျမှ ပိုဆိုးနေရတာလဲ?" ဆိုတဲ့ စကားလေးတစ်ခွန်းကို လူတိုင်း ပြောမိကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်ရှင်။ မြကိုယ်တိုင်လည်း ဒီစကားလေးကို စိတ်ပျက်အားငယ်၊ ဝမ်းနည်းနေတဲ့အချိန်တွေမှာ အများဆုံး ပြောဖြစ်ခဲ့တာပေါ့ရှင်။

လူတိုင်းမှာ အခက်အခဲ၊ အတားအဆီး၊ ပြဿနာပေါင်းစုံက အချိန်နှင့်အမျှ ရှိကြစမြဲပါပဲ။ အပြင်ပန်းကြည့်ရင်တော့ "သူက ပျော်ရွှင်နေတာပဲ။ သူက အပူအပင် ကင်းလိုက်တာ" ဆိုပြီး ထင်မိကြမှာပါ။ တကယ်တော့ အဲ့လိုမျိုး အပူအပင် ကင်းကင်းနဲ့ ပြုံးပျော်နိုင်သူလေးတွေက ဘဝမှာ အကောင်းဆုံးအချိန်ကာလဖြစ်တဲ့ ငယ်စဉ်ကာလ ကလေးဘဝ အချိန်အခါပါပဲရှင်။ တွေးခေါ်မြော်မြင် စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိတဲ့အရွယ်ကစပြီးတော့ လောကကြီးရဲ့ အပူအပင်တွေကို ပခုံးပြောင်း ထမ်းရွက်ရတော့တာပါပဲရှင်။

မြ သူငယ်ချင်းတွေ ပြောပြတဲ့ အဆင်မပြေမှုလေးတွေကတော့ "အိမ်မှာလည်း အဆင်မပြေဘူး။ ပြဿနာတွေချည်းပဲ။ ကိုယ့်အနာဂတ်ပြဿနာနဲ့ အိမ်ကပြဿာနဲ့ ပေါင်းတော့ လူက သေချင်လာပြီ။ သူများ အသက် (၁၅/၁၆) အရွယ်လေးတွေက အလုပ်တွေလုပ်၊ ဝင်ငွေတွေ ရှိနေကြပြီ။ ကိုယ်က (၁၈)ပြည့်တော့မယ် ဘာမှ ရေရေရာရာ မလုပ်ရသေးဘူး။ ငါ ဘာလုပ်ရမလဲ တွေးရင်းနဲ့ပဲ သေချင်လာပြီ။ စိတ်ထဲမှာလည်း သူများတွေက အဆင်ပြေနေပြီး ကိုယ်တွေပဲ ဒီလိုဖြစ်နေရသလားဆိုပြီးတောင် ထင်မှတ်ရတယ်။ နေ့မှာ ပြုံးနိုင်ပေမဲ့ ညပိုင်းတွေမှာ ငိုရတာ အမော။ တစ်ခါတလေကျတော့ ငါ လေထဲမှာ မြူမှုန်လေးတွေအဖြစ် ပျောက်ကွယ်သွားချင်လိုက်တာ။ ဒီအချိန်မှာ ဆုတစ်ခုတောင်းပါဆိုရင် မြန်မြန်သေပြီးတော့ ဘယ်ကမ္ဘာ ဘယ်ဘဝမှာမှ ငါဆိုတဲ့ ဖြစ်တည်မှု မရှိပါစေနဲ့တော့လို့ တောင်းချင်တယ်။" အဲ့လောက်ထိကို ခံစားနေကြရတာပါ။

- လူတွေက ငယ်စဉ်ကတည်းက ကျောင်းမှာ အဆင့်‌ (1 to 3)ရဖို့၊
- တက္ကသိုလ်တက်ချိန် မေဂျာကောင်းကောင်းရဖို့၊
- ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ပြီး ဧည့်ခန်းမှာချိတ်ဖို့၊
- အလုပ်ကောင်းကောင်းရပြီး လစာကောင်းရဖို့၊
- အိမ်ထောင်ပြုတဲ့ခါ Perfect အဖြစ်ဆုံးသူကို ယူနိုင်ဖို့၊
- မိဘတွေ ဂုဏ်ယူရတဲ့သား/သမီး ဖြစ်ဖို့

ဆိုတဲ့ အချက်တွေက ပခုံးထက်မှာ အမြဲထမ်းထားရတဲ့ ကမ္ဘာပေါ်က အလေးဆုံး တာဝန်တွေပဲ ဖြစ်ကြပါတယ်။ မိဘတစ်ချို့မသိခဲ့တာက ကိုယ့်သား/သမီးရဲ့ တကယ်ဝါသနာ အပါဆုံးအိမ်မက်ကို မေးပေးဖို့ မေ့နေတတ်ကြပါတယ်။ သား/သမီးတွေက မိဘဂုဏ်ယူဖို့ တာဝန်တစ်ခုလို ထမ်းရွက်ရင်းနဲ့ပဲ "ငါ ဘာကို ဝါသနာပါလဲ၊ ငါ ဘာဖြစ်ချင်တာလဲ၊ ငါရဲ့ ရည်မှန်းချက်က ဘာလဲ?" ဆိုတဲ့ ကိုယ်ရဲ့ စိတ်ဆုံးဖြတ်ပြီး လုပ်ချင်တဲ့ အိပ်မက်တွေဟာ ပျောက်ဆုံးလာကြပါတော့တယ်။

ဒီစာသားလေးကို တွေ့ပြီးချိန်မှာ မြရဲ့ သူငယ်ချင်းတစ်ယောက်က ယခုလို ပြောလာပါတယ်။ "မြရယ် ဒီစာသားလေးက ကျွန်မဖြစ်နေတာနဲ့ အတူတူပဲ။ အမေတို့ကို ပြချင်လိုက်တာမှ တအားပါပဲ။ ခံစားချက်တွေအားလုံးကို ထုတ်ပြလို့ရရင်ကောင်းမှာပဲ။" ဆိုပြီး သူ့ရဲ့ ဝမ်းနည်းအားငယ်နေတဲ့ အသံလေးကို ကြားယောင်မိပါတယ်။ နောက်ထပ် သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်နဲ့လည်း ထပ်တူကျခဲ့ပါတယ်။

တကယ်တော့ ဘယ်သူမှ Perfect မဖြစ်သလို ကိုယ့်တစ်ယောက်ထဲ အဆိုးဆုံး ဖြစ်နေတာလဲ မဟုတ်ပါဘူး။ ကိုယ့်မှာ ပျော်ရွှင်ရတဲ့ အချိန်ရှိသလို စိတ်ညစ်ရတဲ့အချိန်တွေကိုလည်း ရှောင်လွှဲလို့ မရနိုင်ပါဘူး။ သူများတွေက ပျော်ရွှင်နေကြပြီး ကိုယ်ပဲ စိတ်ညစ်စွာနဲ့ ပူလောင်နေတယ်လို့ ထင်ရတာက သူများတွေမှာလည်း သောကတွေရှိပါတယ်။ အဲဒီသောကတွေကို ဘေးလူတွေ မမြင်ရလေအောင် မျက်နှာဖုံးစွတ်ပြီး ဖုံထားကာ အပေါ်ယံ အပြုံးနဲ့ ပြောဆိုဆက်ဆံနေခြင်း ဖြစ်ပါတယ်ရှင်။

မြမှာလည်း စိတ်ညစ်စရာတွေ၊ စိတ်သောကရောက်ရတဲ့ ပြဿနာတွေက "တောင်"လို ပုံနေတာပါပဲ။ သို့သော် မြက မျက်နှာပေါ်မှာတော့ (၂၄)နာရီ အပြုံးပန်းကပန်ဆင်ဆင်ထားပါတယ်။ အပြုံးပန်းကိုလည်း အပေါ်ယံ အပြုံးထက် ရင်ထဲကနေ နှစ်နှစ်ကာကာ ပြုံးပျော်နိုင်တဲ့ အပြုံးပန်းလေးကို ပန်ဆင်ထားပါတယ်။ တစ်ခါတစ်ရံမှာတော့ အပေါ်ယံအပြုံးလေးတွေလည်း ရှိတတ်တာပေါ့ရှင်။

ဒါ့ကြောင့် လူတိုင်းက အခုချိန်မှာ စိတ်သောကတွေ ရောက်နေကြတာ အမှန်ပါ။ အဲဒီစိတ်သောက အပူတွေကို မြရဲ့ စာဖတ်သူလေးတွေက အပြုံးပန်းဆိုတဲ့ အေးချမ်းမွှေးပျံ့လှတဲ့ ပန်းလေးတစ်ပွင့်ကို ပန်ဆင်ပြီး အပူအပင်များ ငြိမ်းအေးပြီး ပျော်ရွှင်ကျန်းမာစွာ နေထိုင်ကြပါစို့လို့ ပြောကြားရင်းနဲ့ ယခု မြရဲ့ "လူတိုင်းတော့ Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ ဘာလို့ ငါ့ကျမှ ပိုဆိုးနေရတာလဲ?" ဆိုတဲ့ ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
29.8.2024(Thursday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)