Author's Profile Photo

Leo Nann

28/08/2024

မပြောပြပါနဲ့

2 mins read
Life Style
Personal Development
General Knowledge
မပြောပြပါနဲ့'s photo

သင့်ပတ်ဝန်းကျင်ကလူတွေက
ဘယ်လိုလူမျိုးတွေလဲ??

တစ်ခါတစ်ရံမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အကျင့်စရိုက်တွေ၊လုပ်ဆောင်ချက်တွေက
မိမိတို့အပေါ်မှာ သက်ရောက်မှုများစွာရှိနေတတ်ပါတယ်။
ဆိုလိုတာက ပတ်ဝန်းကျင်ကောင်းမှာနေတဲ့အခါ
"ရေမြင့်ရင် ကြာမြင့်"ဆိုသလို
သင့်ဘဝက ကောင်းစားသွားနိုင်ပါတယ်။ပတ်ဝန်းကျင်မှာ သင့်အပေါ် မလိုမုန်းထားသူတွေ ပိုများနေတဲ့အခါကျ
သင့်ကို ဆွဲချဖို့ချောင်းမြောင်းနေတဲ့ရပ်ဝန်းကို ရင်ဆိုင်ရမှာ အသေအချာပါပဲ။

"လူ့အကြောင်းကို ပေါင်းကြည့်မှသိ"ဆိုတဲ့စကားရှိသော်လည်း
လက်တွေ့မှာတော့ ပေါင်းသင်းကြည့်ရုံမျှနဲ့လည်း ဒီလူ ကောင်းတယ်၊မကောင်းဘူးဆိုပြီး ပုံသေတွက်ဆလို့မရနိုင်ပါဘူး။
လူ့စိတ်ကို ဖောက်ပြီး
မမြင်နိုင်တာကြောင့် လူတိုင်းကိုယုံကြည်လို့မရပါဘူး။

ဗီလိမ်တွေဆိုတာ ဇာတ်ကားတွေမှာတင်
ရှိတာမဟုတ်ပါဘူး။ကျွန်ုပ်တို့ရဲ့ လက်တွေ့ဘဝထဲမှာရှိတဲ့ လူတွေကြားမှာလည်း
ကိုယ့်ကို ချောက်ချဖို့သက်သက်
စောင့်နေသူတွေကသတ်သတ်ကိုရှိပါတယ်။
ဒါ့ကြောင့် "ကိုယ်ဘာတွေလုပ်မယ်"၊"ကိုယ့်ရဲ့အနာဂတ်အတွက်ဘာတွေ စီစဥ်ထားတယ်"ဆိုတဲ့ အကြောင်းတွေကို အတတ်နိုင်ဆုံး
ဘယ်သူ့ကိုမှ ပြောမပြတာ အကောင်းဆုံးပါပဲ။
သင့်အစီအစဥ်တွေကိုသိသူနည်းလေ
ဖျက်ဆီးခံနိုင်ရခြေနည်းလေပါဘဲ။

လူတိုင်းကို ပြောမပြသင့်တဲ့
အချက်လေးတွေရှိပါတယ်။ဘာတွေလည်းဆိုတာ ကြည့်လိုက်ကြရအောင်။

(က)သင့်ရဲ့ အလုပ်အကြောင်း ပြောမပြနဲ့။

သင့်ရဲ့အလုပ်အကြောင်းကိုလူတိုင်းကို
မပြောပြသင့်တာ ဘာကြောင့်ဖြစ်မလဲ။
သင်က ထိုသူတွေထက်
အဆင့်နိမ့်နေတဲ့အလုပ်ခွင်ကိုရထားမယ်ဆိုရင် သိပ်ပြီးပြဿနာမရှိသေးပါဘူး။ဒီလိုမှမဟုတ်ဘဲ သင်က သူတို့ထက် ပိုအဆင်ပြေတဲ့ နေရာတစ်ခုရထားမယ်ဆိုရင် သင့်အပေါ်ကိုမနာလိုစိတ်တွေ ဒလဟောယိုဖိတ်လာစေမှာ ပါ။မနာလိုစိတ်က ကြောက်စရာသိပ်ကောင်းပါတယ်။
မနာလိုမရှုစိတ်ကြီးထွားလာတဲ့အခါ 
သင့်ကို ဆွဲချဖို့အထိ ကြံစည်လာနိုင်တာကြောင့်ပါ။


(ခ)သင့်ရဲ့ လစာအကြောင်းပြောမပြနဲ့။

ဒီအချက်ကလည်း အထက်မှာဖော်ပြခဲ့တဲ့အချက်နဲ့အလားတူပါဘဲ။
"ငါဒီလရတဲ့လစာက ကျေနပ်စရာကြီးဟယ်၊ဘောနပ်တွေပါ ပါသေးတယ်။"
ဒီစကားလေးကို သင့်ရဲ့မိတ်ဆွေတွေ၊သူငယ်ချင်းတွေကို ပြောပြလိုက်တဲ့အခါ
လူတိုင်းက ကိုယ့်အတွက် အမှန်တကယ်ပီတိဖြာပေးနေတယ်လို့ ထင်လား။
တချို့တွေကတော့ ထပ်တူဝမ်းသာကောင်းဝမ်းသာပေးနေနိုင်ပါတယ်။သို့ပေမဲ့ တချို့ကကျ ရင်ထဲမှာကြိတ်ပြီးလောင်နေတတ်ကြတာပါ။
ဒါ့အပြင် သင့်ရဲ့လစာကနည်းနေတဲ့အခါမှာလည်း ကွယ်ရာမှာဖြစ်စေ၊ပေါ်တင်ဖြစ်စေ နှိမ်ကြဦးမှာပါ။ဒီတော့ပြောမပြတာအကောင်းဆုံးပါပဲ။

(ဂ)သင့်ရဲ့အောင်မြင်မှုတွေအကြောင်းပြောမပြနဲ့။

မိမိ ဘယ်လိုအဆင်ပြေနေကြောင်း၊ဘယ်လောက်ထိ အလားအလာကောင်းနေကြောင်းတွေ
ပြောပြပြီးလေမကျယ်ပါနဲ့။ကိုယ်အောင်မြင်တာကို ကိုယ့်စိတ်ထဲတင်ထားပါ။
ထုတ်ပြနေလို့ အကျိုးမရှိပါဘူး။ရိုက်ချချင်တဲ့သူ မျက်စိစူးသွားမှ အဖျက်ဆီးခံနေရပါလိမ့်မယ်။


(ဃ)သင့်ရဲ့အိပ်မက်တွေအကြောင်းပြောမပြနဲ့။

သင်ရည်မှန်းထားတာတွေ၊သင့်ရဲ့အစီအစဥ်တွေကို အကောင်အထည်မဖော်ရသေးဘဲ ဘယ်သူ့ကိုမှကြိုမပြောပြပါနဲ့။သင်ပြောမိသွားတဲ့သူက သင့်ကိုပံ့ပိုးမဲ့သူ ဖြစ်ခဲ့ရင် ကိစ္စမရှိပါဘူး။သို့ပေမဲ့ ယှဥ်ပြိုင်တိုက်ခိုက်လိုသူဖြစ်နေခဲ့ရင် သင့်အစီအစဥ်တွေကို ခိုးယူသွားနိုင်လို့ပါ။
သင်ကိုယ်တိုင် အကောင်အထည်ဖော်တဲ့အခါကျ သင်က သူ့ကို ကော်ပီယူပါတယ်ဆိုပြီး လူပုံအလယ်မှာ အစွပ်စွဲခံရနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်အကြောင်းကို ပါးစပ်က ထုတ်မပြောခင်မှာ အရင်စဥ်းစားပါ။ပြောသင့်ရဲ့လားတွေးပါ။

ကိုယ့်အကြံတွေကိုလျှို့ဝှက်ထားပြီး
အလုံးစုံ အောင်မြင်ပြီးစီးသွားမှ ချပြတာက
ပိုအထာကျပါတယ်။အန္တရာယ်လည်းပိုကင်းပါတယ်။

တို့တစ်တွေရဲ့ ပတ်ဝန်းကျင်မှာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးတွေကသိပ်ကိုများပါတယ်။ဒါ့ကြောင့် ပြောသင့်သလောက်ကိုပဲ ပြောပြီး
ကိုယ့်အတွေးအမြင်၊အစီအစဥ်တွေကို
တတ်နိုင်သမျှ လျှို့ဝှက်ထားကြပါလို့ ပြောလိုက်ပါရစေ။ကိုယ့်ကြိုးစားမှုက ကိုယ့်အတွက်ပဲ ဖြစ်ပါစေ။သူတစ်ပါးထံ
အပါမခံပါနဲ့။

------------------------------------------------
အားလုံးကို အစဥ်လေးစားလျက်.......
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်