Yara
တစ်ညနေ...ကျွန်မ ရုံးကအပြန် ဘတ်စ်ကားမှတ်တိုင်မှာ YBS စောင့်နေခဲ့ပါတယ်။ ကျွန်မအိမ်နဲ့ရုံးက ကားလမ်းကြောင်းရဲ့ ခရီးစဉ် အစအဆုံး စီးရတာပါ။ တစ်နေ့ကို အသွား ၂ နာရီ၊ အပြန် ၂ နာရီကြာတဲ့ ခရီးစဉ်ဖြစ်တာကြောင့် တစ်နေ့တာ အချိန်ရဲ့ ၄ နာရီလောက်က ကားပေါ်မှာ ပဲ ကုန်ဆုံးရပါတယ်။
ဒါကြောင့် ကျွန်မအမြဲ ထိုင်ဖို့ ခုံနေရာကျန်သေးတဲ့ ကားကိုပဲ စောင့်စီးဖြစ်ပါတယ်။ ရုံးတက်ရုံးဆင်းချိန်ဖြစ်လို့ ကားမှတ်တိုင်မှာလည်း ကိုယ်စီ အိမ်ပြန်လမ်းကို မျက်နှာမူထားကြတဲ့သူတွေက အများသား။
ညနေပိုင်း ကားတိုးစီးရတဲ့ ဒုက္ခကလည်း ထီထိုးရသလိုပင်။ ကံကောင်းရင် နေရာရတတ်ပေမယ့် ၊ ကံဆိုးရင်တော့ စစီးကတည်းက ဆင်းမယ့်မှတ်တိုင်အထိ မတ်တပ်ရပ်လျက် လိုက်ပါသွားရတတ်ပါတယ်။
မိမိစီးရမယ့် ဘတ်စ်ကားဆိုက်လာပြီဆိုတာနဲ့ အလုအယက်တက်ကြသူတွေကြောင့် ကားမောင်းသူတောင် စတီယာရင်ကို မြဲမြဲကိုင်ထားရပါတယ်။ သူ့နေရာလေးပါ ပါသွားမှာစိုးလို့ပါ။ ကျွန်မလည်း အများနည်းတူ ဘတ်စ်ကားပေါ် ထမင်းချိုင့်အိတ်တစ်ဖက်နဲ့ တိုးတက်လိုက်ပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီနေ့က ကားအနောက်ပိုင်းအထိ တိုးစရာမလိုပဲ အရှေ့ပိုင်းလေးတင် နေရာရပါတယ်။
ကျွန်မတို့ကားက တော်တော်နဲ့ မထွက်သေးတာကြောင့် နောက်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထပ်တက်လာကြပါတယ်။ ဒီနေ့တော့ နေရာရပြီလို့ တွေးကာ အိမ်က အမေ့ကို ကားပေါ်ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်ပါတယ်။ သိပ်မကြာခင် ကား ထွက်ခါနီးလေးမှာပဲ အမျိုးသားနှစ်ဦး ကားပေါ်တက်လာပါတယ်။
တစ်ဦးက အသက် ၇၀ ဝန်းကျင်ရှိတဲ့ ဆံပင်ဖြူတွေနဲ့ နောက်တစ်ဦးကတော့ အသက် ၄၀ ခန့်ရှိတဲ့ လူမျိုးခြား ( မြန်မာ အခေါ် ကုလား)ပေါ့။ဆံပင်ဖြူတွေနဲ့ အဘက ချက်ချင်း ကားအတွင်းဘက်ကို မတိုးနိုင်သေးပါဘူး။ ပိုက်ဆံအကြွေ စောင့်ဖြတ်နေပုံရတယ်။ ထီးကောက်ကိုလည်း တောင်ဝှေးတစ်ခုလို ကိုင်ထားပါတယ်။ သန်သန်စွမ်းစွမ်းတော့ သိပ်မတွေ့ရပါဘူး။
ကျွန်မလည်း တခြားထိုင်နေတဲ့ သူတွေကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဘယ်သူများ အဘကို နေရာဖယ်ပေးမလဲပေါ့။ အရင်တုန်းကတော့ ဒီလိုမျိုး အသက်အရွယ်ကြီးသူ တစ်ဦးဦးကို မြင်တာနဲ့ ကျွန်မ နေရာဖယ်ပေးတတ်ပါတယ်။ ဒါမဲ့ တချို့က နှစ်မှတ်တိုင်လောက်သာ သွားမှာဖြစ်တာကို နေရာမှာထိုင်ပြီး ဆင်းသွားတဲ့အခါကျတော့ တခြားသူတစ်ဦးနေရာယူသွားတာကြောင့် အစအဆုံးစီးရတဲ့ ကျွန်မကတော့ ခြေထောက်တွေ တောင့်နေအောင် မတ်တပ်ရပ်ရပါတယ်။
ဒီလိုပါပဲ အကြောင်းအမျိုးမျိုးကြောင့် နောက်တော့ ကျွန်မနေရာရတာနဲ့ ဖယ်မပေးချင်တော့ပါဘူး။ ငါက အစအဆုံးစီးမှာပဲ ဆိုပြီး ပေကာ ထိုင်နေလိုက်ပါတယ်။ နေရာဖယ်ပေးသင့်တဲ့သူတွေ ရောက်လာသည့်တိုင် ဘုန်းကြီးနဲ့ သီလရှင်ကလွဲလို့ ကျွန်မ ထမပေးတော့ပါဘူး။ ဒီအခါ နောက်ဆက်တွဲ ဘာကို ခံစားရသလဲဆိုတော့ လိပ်ပြာမလုံတာပါ။ ငါလုပ်ပေးလို့ ရနိုင်ရက်နဲ့၊ ငါဖယ်ပေးလို့ ရရဲ့သားနဲ့၊ နောက်ပြီး ကားပေါ်က တခြားသူတွေက ကျွန်မကို နေရာ မဖယ်ပေးလို့ဆိုပြီး တစိုးတစိ အပြစ်မပြောကြပေမဲ့ ကျွန်မနားထဲမှာတော့ အပြစ်တင်သံတွေ ကြားနေသယောင် ထင်မှတ်မိပါတယ်။ ဘယ်သူမှ မသိပေမယ့် ကိုယ်လုပ်တဲ့ လုပ်ရပ်ကို ကိုယ့်ဟာကို သိတာကြောင့် စိတ်မလုံဖြစ်ရပါတယ်။
တစ်ခါတရံ လူတို့ရဲ့ သဘာဝကိုက တစ်ခုလောက် ကူညီပေးလိုက်ပြီးရင် အဲ့ဒီကူညီမှုကနေ ရောင်ပြန်လာမယ့် အရာကို မျှော်တတ်ကြပါတယ်။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါကျတော့ ကူညီမိတာကိုပဲ ယူကြုံးမရသလိုလို၊ လူတွေကို ကူညီရင်းနဲ့ပဲ သင်ခန်းစာရသွားသလိုလိုတွေ တွေးမိတတ်ကြပါတယ်။ ကျွန်မလည်း ဒီသဘော တွေးမိတာကြောင့် ကူညီပေးဖို့ကို လက်တွန့်နေမိတာပါ။ အဓိကအချက်ကတော့ မျှော်လင့်ချက်ကြောင့်ပါပဲ။ ဒီလို ကိုယ့်အကျိုး တစ်စုံတရာ အတွက် မျှော်ကိုးပြီး ကူညီခြင်းက စစ်မှန်တဲ့ စိတ်စေတနာမဟုတ်မှန်း နားမလည်တာကြောင့်ပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ ကျွန်မ တွေဝေမနေတော့ပဲ နေရာဖယ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
" အဘ ဒီမှာလာထိုင်ပါ..." လို့ ပြောပြီး နေရာဖယ်ပေးလိုက်ပါတယ်။ အဘက ပထမတော့ ရပါတယ်လို့ ငြင်းပေမယ့် နောက်တော့ ဝင်ထိုင်လိုက်ပါတယ်။ ကျွန်မက မတ်တပ်ထရပ်လိုက်ကာ ကားအနောက်ဖက်ခြမ်းကို လမ်းလျှောက်သွားလိုက်ပါတယ်။ အဲ့အချိန် ခံစားလိုက်ရတဲ့ ခံစားချက်ကို ကျွန်မ ခေါင်းစဉ်မတပ်တတ်ပါဘူး။ ဒါပေမဲ့ စိတ်မလုံခြင်းကနေ ရှောင်ထွက်လိုက်နိုင်တယ်လို့တော့ ပြောနိုင်ပါတယ်။
ကားအနောက်ဖက်ကို လမ်းလျှောက်သွားတဲ့ ကျွန်မရဲ့ ခြေလှမ်းတွေက winner ရသွားတဲ့ miss universe နဲ့တောင် ခပ်ဆင်ဆင်ရယ်။ ကိုယ်ဖယ်ပေးခဲ့တဲ့ နေရာနဲ့ ပတ်သက်ပြီး တပ်မက်မှု မရှိသလို၊ တစ်စုံတရာလည်း မမျှော်လင့် မိပါဘူး။
နေရာဖယ်ပေးလိုက်တဲ့ ကျွန်မရဲ့ မြင်ကွင်းကို အစအဆုံး သတိထားမိသူကတော့ အဘနောက်က တက်လာတဲ့ အသက် ၄၀ အရွယ် လူမျိုးခြား ဦးလေးတစ်ယောက်ပါ။ သူကလည်း ကျွန်မလိုပဲ ကားအနောက်ဖက်ကို တိုးလာတာကြောင့် ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်မိသွားပါတယ်။
အချိန် ၁ နာရီနီးပါးလောက်စီးပြီး ခရီးလမ်းရဲ့ သုံးပုံတစ်ပုံကျော်ကျော်လောက် ရောက်တဲ့အချိန်မှာတော့ ခရီးသည် အနေအထားက အစပိုင်းထက် ပိုကြပ်လာပါတယ်။ လူလည်း ပိုများလာပါတယ်။ ကျွန်မတို့လည်း နေရာ ရွှေ့ရင်း ရွှေရင်းနဲ့ပဲ လူမျိုးခြား ဦးလေးကြီးနဲ့ ကျောချင်းယှဉ်လျက်ဖြစ်သွားပြန်ပါတယ်။ သတိရလို့ အဘနေရာကို လှမ်းကြည့်မိတော့ အဘ မဟုတ်တဲ့ တခြားသူတစ်ဦးကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်မဘယ်လိုမှ မခံစားရပါဘူး။ မျှော်လင့်ချက် မပါတဲ့ ကူညီခြင်းဟာ ဒီလိုမျိုးပါလား ဆိုပြီး ဂုဏ်ယူနေမိပါသေးတယ်။ ဘာမှမဟုတ်တဲ့ ကူညီမှုလေးတစ်ခုက ကျွန်မကိုယ်ကျွန်မ ကြီးကျယ်မြင့်မြတ်သွားသလို ခံစားရစေပါတယ်။ ရယ်စရာတော့ အကောင်းသား။
သိပ်မကြာခင် ကျွန်မ ပခုံးကို လူတစ်ယောက်က လှမ်းပုတ်တာကြောင့် လှည့်ကြည့်မိတော့ လူမျိုးခြား ဦးလေးကြီးဖြစ်နေပါတယ်။
" ဝင်ထိုင်လိုက် သမီး..." ဆိုပြီး သူ့ရှေ့က နေရာကို ညွှန်ပြနေတာကြောင့် ကျွန်မ အနည်းငယ်ကြောင်သွားရပါတယ်။
"ရပါတယ် ဦးလေး..." လို့ အားနာနာနဲ့ ပြန်ပြောလိုက်ပါတယ်။ အမှန်တော့ ကျွန်မ ခြေထောက်ညောင်းနေပါပြီ။ ဒါပေမဲ့လည်း ဒီနေရာက ဦးလေးကြီး နေရာလေ။ ဦးလေးလည်း ကျွန်မလိုပဲ ခရီးစဉ်အစတည်းက မတ်တပ်ရပ်လာတာဆိုတော့ ညောင်းမှာပေါ့။
" ထိုင်လိုက် ရတယ်... ရပ်နေတာ ကြာလှပြီကို ထိုင် ထိုင်..." ဆိုပြီး ထပ်ပြောလာတာကြောင့် ကျွန်မလည်း မငြင်းတော့ပဲ ကျေးဇူးတင်စကားပြောကာ ဝင်ထိုင်လိုက်ပါိတယ်။
ကျွန်မထိုင်လိုက်ပြီး မိနစ် ၂၀ နီးပါး ကြာတဲ့အထိ ဦးလေးကြီးက နေရာမရသေးပါဘူး။ ကျွန်မထိုင်တဲ့ ခုံရှေ့မှာ မတ်တပ်ရပ်နေပါတယ်။ သိပ်မကြာခင်ပဲ ဦးလေးကြီးရဲ့ပခုံးကို တစ်စုံတစ်ဦးက ပုတ်လိုက်ပါတယ်။ ဦးလေးကြီး ကျောအနောက်ဘက်က လူငယ်လေးဆီကပင်။
" ဦး... ထိုင်ပါ..." ဆိုပြီး နေရာဖယ်ပေးတာဖြစ်ပါတယ်။ဦးလေးကြီးလည်း ကျွန်မတုန်းကလိုပဲ ခေတ္တကြောင်အမ်းသွားပါတယ်။
" နေ နေ... ရတယ်..." လို့ ဦးလေးကြီးက လက်ကာပြလိုက်ပါတယ်။
ဒါပေမဲ့ လူငယ်က " ထိုင်ပါ ဦးလည်း ရပ်နေတာကြာလှပြီ" လို့ ပြန်ပြောလိုက်ပါတယ်။
ဒီအချိန် ဦးလေးကြီး မျက်နှာတစ်ချက်ပြုံးသွားတာကို တွေ့လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မလည်း ပြုံးမိသွားပါတယ်။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာထက် လုပ်ရပ်က ထပ်တူတန်ပြန်လာတယ်လို့ပဲ ဆိုရမလိုပင်။ အခုလိုဖြစ်ရပ်မျိုး ကျွန်မ YBS စီးနေတဲ့ သက်တမ်းတစ်လျှောက် တစ်ကြိမ်မှ မကြုံဖူးပါဘူး။ ကျွန်မကို နေရာဖယ်ပေးသူတွေ၊ ကျွန်မက နေရာဖယ်ပေးဖူးသူတွေ ရှိပေမယ့် တစ်ချိန်တည်းမှာပဲ အခုလိုမျိုး တစ်ဦးနဲ့တစ်ဦး အဆင့်ဆင့်ဖေးမတာမျိုးကတော့ ပထမဆုံး မြင်ဖူးခြင်းပါ။
လူမျိုးခြား ဦးလေးကြီးလို့ ကျွန်မပြောရခြင်းက လူမျိုးရေးခွဲခြားချင်လို့ မဟုတ်ပါဘူး။ ဖေးမ ကူညီချင်စိတ် အရင်းခံသာ ရှိစေဦးတော့ ဘာသာ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှုတွေက အရေးမပါဘူးဆိုတာ ပြောပြချင်ရုံပါ။
ဒါပေမဲ့ အဲ့ဒီနေ့က လူငယ်လေး ဖယ်ပေးတဲ့ နေရာကို ဦးလေးကြီး မထိုင်သွားပါဘူး။ "ဦးက ရှေ့မှတ်တိုင် ဆင်းမှာ..." လို့ပြောပြီး ဆင်းသွားတာကြောင့်ပါ။
ကျွန်မရဲ့ အသိစိတ်ထဲမှာ ပီတိဆိုတဲ့ ခံစားမှုလေး တစ်ခုကို ခံစားမိသွားပါတယ်။ အဲ့နေ့က အဘလည်း ခုံနေရာရသလို၊ ကျွန်မလည်း နေရာရပါတယ်။ လူငယ်လေးလည်း နေရာရပြီး ဦးလေးကြီးလည်း ဝင်မထိုင်သွားပေမယ့် နေရာရပါတယ်။ တစ်ဦးတစ်ယောက်က အစပြုလိုက်တဲ့ ကူညီမှုလေးတစ်ခုက ဆင့်ကဲ ဆင့်ကဲ ဖြစ်သွားတာကြောင့် ပီတိဖြစ်ရပါတယ်။ ကျွန်မအတွက်တော့ ပြန်တွေးတိုင်း အမှတ်ရနေစေမယ့် ပီတိလေးတစ်ခုပါပဲ....။
# အပြုံးများစွာဖြင့်
#Yara
Keep Reading