သုမိုး
ကျွန်တော့ရဲ့ ဘဝဖြစ်စဉ်လေးတစ်ခုကို မျှဝေချင်ပါတယ်။
ကျွန်တော်ငယ်ငယ်က စာဖတ်အရမ်းဝါသနာပါခဲ့တယ်။ စာဖတ်များပြီး ရူးသွားမှာကြောက်လို့ မိဘတွေက စာအုပ်တွေကို ဝှက်ထားရတဲ့အထိပါပဲ။
ဒါပေမယ့် အသက်(၁၀)နှစ်ကျော်လာတော့ အစ်ကိုတွေနဲ့ ဂိမ်းတူတူဆော့ရင်း ဂိမ်းကို အရူးအမူးစွဲသွားခဲ့ပါတယ်။နိုင်ငံရေးကြောင့် ကျောင်းတွေပိတ်ထားရတော့ မိုးလင်းမိုးချုပ် ဂိမ်းချည်းပဲ ဆော့နေတော့တာပေါ့။
စာဖတ်ဖို့ အချိန်ပေးရမှာကို သတိမရတော့သလို ဝါသနာတစ်ခုဖြစ်တဲ့ စာဖတ်တာကိုတောင် မေ့နေခဲ့ပါတယ်။ဘဝတိုးတက်ဖို့၊ရည်မှန်းချက် ပြည့်ဖို့ဆိုတာလည်း ခေါင်းထဲမရှိတော့။ အချိန်တိုင်း ဂိမ်းဆော့ချင်တဲ့စိတ်ပဲ ဆာလောင်နေခဲ့ပါတယ်။
ဒီအခြေအနေတွေကနေ ဆွဲထုတ်ပေးခဲ့တဲ့ သူကတော့ ကောင်မလေးတစ်ယောက်ပါပဲ။ အဲဒီအချိန်မှာ ကျွန်တော့်အသက် (၁၆)ထဲ ဝင်နေပါပြီ။ သူက ကျွန်တော့ကို အပြောနဲ့ ပြုပြင်ပေးခဲ့တာမဟုတ်ဘဲ သူ့ရဲ့နေထိုင်မှုပုံစံက ပြုပြင်ပေးခဲ့တာပါ။ ကျွန်တော့ရဲ့ ပတ်ဝန်းကျင်မှာက ဂိမ်းသမားချည်းပဲဆိုတော့ ဂိမ်းဆော့တာကို (၅)နှစ်လောက် ဂုဏ်ယူစရာအလုပ်တစ်ခုလို့ စိတ်က သံမှိုစွဲနေခဲ့ပါတယ်။
သူက စာကျက်ရပျင်းပေမယ့် သူ့မှာ လုပ်စရာအမြဲရှိနေတတ်တယ်။ အဲဒီမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိလာခဲ့တယ်။ ဂိမ်းဆော့ရင်း ကုန်သွားတဲ့အချိန်တွေကို နှမြောမိလာတယ်။ Gamer တစ်ယောက်လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့။ ခုက အပျော်ဆော့တာပဲဆိုတော့ အဲဒီအချိန်တွေမှာ ငါတစ်ခုခုကို လုပ်နေခဲ့ရင် ကောင်းသားလို့ နောင်တတွေရလာမိတယ်။
အခု ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်လာခဲ့ပြီ။ ဘဝအတွက် လုပ်ရမယ့်အလုပ်တွေကိုလည်း သတိထားမိလာခဲ့ပြီ။ ကျွန်တော့်ကို တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ သူ့ကိုလှိုက်လှိုက်လှဲလှဲကို ကျေးဇူးအရမ်းတင်မိပါတယ်။ တန်ဖိုးရှိတဲ့သူတွေ အနားမှာရှိခြင်းက ကျွန်တော့်ကို တန်ဖိုးရှိလာစေခဲ့တာပါပဲ။
ကျေးဇူးတင်ခြင်းများစွာဖြင့်
သုမိုး?
Keep Reading