Jane Catherine - the storyteller
အချစ်အကြောင်းကို အတွေးအခေါ်ပညာရှင်တွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တွေက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ အဲဒါဆို သိပ္ပံပညာရပ်တစ်ခုဖြစ်တဲ့ စိတ်ပညာကရော ဘယ်လို ရှင်းပြပါသလဲ။
အချစ်အကြောင်းကို ၁၉၇၀ခုနှစ်ဝန်းကျင်ကမှ social psychologistsတွေက စတင်လေ့လာခဲ့တာ ဖြစ်ပြီး အဲဒီ့အချိန်ကဆိုရင် အခွန်ငွေတွေ ဖြုန်းတီးတဲ့ သုတေသနဆိုပြီး ဝေဖန်မှုတွေ၊ ရှုတ်ချမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆက်လက်လေ့လာမှုတွေအရ ဒီသုတေသနတွေဟာ ကလေးဖွံ့ဖြိုးမှုနဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ ကျန်းမာရေးမှာ အထောက်အကူဖြစ်တာကို တွေ့ရှိလာရပါတယ်။
အချစ်ဟာဘဝပျော်ရွှင်မှုမှာ အရေးကြီးတဲ့ သော့ချက်တစ်ခု ဖြစ်သလို ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှုတို့လို အခြေခံကျတဲ့ စိတ်ခံစားချက်လည်း ဖြစ်ပါတယ်။ ပြီးတော့ သူက self-efficacy နဲ့ self-esteem ကိုလည်း မြင့်တက်စေပါတယ်တဲ့။ (self-efficacy နဲ့ self-esteem အကြောင်းကို နောက်စာတွေမှာ ထပ်ရှင်းပြပေးပါမယ်နော်)
Evolutionary theoristတွေကတော့ အချစ်ဟာ လူသားမျိုးနွယ် အရှည်တည်ရှိဖို့အတွက် လိုအပ်တဲ့ အရာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ သူက ပူးပေါင်းဆောင်ရွက်မှုကို အားပေးပြီး တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ဖြစ်စေတာမို့ တာဝန်ခွဲဝေရာမှာ (ရှေးလူမှုအဖွဲ့အစည်းမှာဆို ယောက်ျားဖြစ်သူက အစာရှာသွားရင် ကျန်ရစ်သူမိန်းမက ကလေးတွေကို စောင့်ရှောက်ကျန်ရစ်တာမျိုး) လွယ်ကူစေပါတယ်။ အဲလိုနဲ့ သားရဲတိရစ္ဆာန်တို့ အန္တရာယ်က ကင်းလွတ်စေပါတယ်။
အချစ်မှာ အမျိုးမျိုးရှိပါတယ်။
• သူငယ်ချင်းအချစ်- တစ်စုံတစ်ယောက်ကို နှစ်သက်သဘောကျပြီး အတိုင်းအတာတစ်ခုအထိ ရင်းနှီးမှုရှိကြပါတယ်
• အရူးအမူးအချစ် (infatuation) - ဒါကတော့ commitment မပါဘဲ attractionသက်သက် အချစ်မျိုးပါ။ တစ်ဖက်သားရဲ့ အရည်အချင်းတစ်ရပ်ရပ်ကို သဘောကျတာမျိုးကြောင့်သာဖြစ်ပြီး ရေရှည်အတွက် ကြိုတင်ပြင်ဆင်တာ၊ အားထုတ်တာတွေ ပါလေ့မရှိပါဘူး။ ဒါမျိုးက relationship တစ်ခုရဲ့ အစပိုင်းမှာ တွေ့ရတတ်ပြီး ဒီကနေတဆင့် ပိုပြီးနက်ရှိုင်းတဲ့ အဆင့်ရောက်သွားကြတာပါ။
• ပြင်းပြတဲ့အချစ် (passionate love) - တမ်းတမှုနဲ့attractionရောထားတာမျိုးပါ။ တစ်ဖက်သားကို အမြဲအကောင်းမြင်ပြီး အမြဲလိုလို နီးနီးကပ်ကပ် ရှိချင်နေတာမျိုးပါတဲ့။
• တည်ငြိမ်တဲ့အချစ်- သူကတော့ ယုံကြည်မှု၊ ကြင်နာမှု၊ ကျွမ်းဝင်မှုနဲ့ ဂရုတစိုက်အချိန်ပေး အားထုတ်မှု တို့နဲ့ ဖွဲ့စည်းထားပြီး အချိန်ကာလ ကြာရှည်စွာ တည်မြဲတတ်ပါတယ်။ relationshipမှာ အချိန်ကြာလာတဲ့အခါ ကူးပြောင်းလာတာမျိုး ဖြစ်ပါတယ်။
• တစ်ဖက်သတ်အချစ်- ဒါကတော့ အချစ်ခံရသူက ခံစားချက်ကို ပြန်လည်မတုန့်ပြန်တဲ့အခါမှာ ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်ကို လေးလေးနက်နက် ချစ်မိဖို့အတွက် လွှမ်းမိုးတဲ့ အရာတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့
1. အချိန်- သူတစ်ပါးကို နားလည်သည်းခံမြတ်နိုးပေးဖို့ဆိုရင် မိမိကိုယ်တိုင်ကလည်း အဆင်သင့်ဖြစ်နေမှ ရမှာပါ။ relationship တစ်ခုအတွက် အချိန်ပေးဖို့ မသေချာ မရေရာဖြစ်နေမယ်ဆိုရင် အချစ်ကကလည်း ကိုယ့်ဆီရောက်လာဖို့ မသေချာပါဘူးတဲ့။
2. Early attachment styles- ဒါက မိမိငယ်စဥ်က မိခင် ဒါမှမဟုတ် စောင့်ရှောက်မှုပေးတဲ့သူနဲ့ နှလုံးသားချင်းတွဲဆက်မှု ပုံစံကို ပြောတာပါ။ တကယ်လို့ ခိုင်မြဲခဲ့မယ်ဆိုရင်တော့ နောက်ပိုင်း ချစ်သူသက်တမ်းတစ်လျှောက်ရော၊ အိမ်ထောင်ရေးမှာပါ အဆင်ပြေနိုင်ပါတယ်တဲ့။ attachment styles အကြောင်းကို အရင်ဆောင်းပါးမှာ အကျယ်တဝင့်ဖတ်နိုင်ပါတယ်။
3. Similarity- တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက် တူညီကြသလဲဆိုတာကလည်း အဆုံးအဖြတ်ပေးပါတယ်တဲ့။
ပျော်ရွှင်စရာကောင်းတဲ့ relationship တစ်ခု ပိုင်ဆိုင်ရခြင်းဟာ စိတ်ကျန်းမာရေးသာမက ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ အကယ်၍ relationshipမရှိရင်တောင် မိမိကို ဂရုစိုက်ချစ်ခင်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေရှိခြင်းဟာ အသက်ရှည်ကျန်းမာဖို့ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။
Keep Reading