မောင်ဇင်(မှိုင်းဌာနီ)
လူတစ်ယောက် အလုပ်တစ်ခု၊ကိစ္စတစ်ရပ်ကိုလုပ်ဆောင်တဲ့နေရာမှာနည်းမှန်၊ကမ်းမှန် စနစ်ကျဖို့"စည်းကမ်း"ကအတော်အရေးကြီးပါတယ်။ကျွန်တော်တို့ရဲ့အနီးအနားပတ်ဝန်းကျင်တွေမှာဆိုရင် စည်းကမ်းရှိတဲ့သူတွေနဲ့မရှိတဲ့သူ ဘယ်သူ ပိုများလဲဆိုရင် စည်းကမ်းမရှိတဲ့သူကပိုများတယ်ဆိုတာ အားလုံးလည်းသိကြမယ်ထင်ပါတယ်။
ဒီလိုစည်းကမ်းမရှိတဲ့သူတွေစည်းကမ်းမဲ့တဲ့လုပ်ရပ်တွေကိုပတ်ဝန်းကျင်မှာမြင်လာရပြီဆို "ငါတို့ မြန်မာလူမျိုးတွေ စည်းမဲ့ကမ်းမဲ့တွေဖြစ်ကုန်ကြပြီပဲ" ကဆိုပြီးကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။နောက်ဆက်တွဲ စဉ်းစားမိပြန်တာက ဒီလိုစည်းကမ်းမရှိတဲ့လုပ်ရပ်တွေများလာပြီဆိုရင် "ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်"သလို ဒီစည်းကမ်းမရှိတဲ့လူတစ်ယောက်ရဲ့ လုပ်ရပ်တွေကြောင့်အဲ့ဒီ့လူရဲ့သွေးသားတော်စပ်သူ အမျိုးအဆွေအသိုင်းအဝိုင်း၊ညီအစ်ကိုမောင်နှမ၊မိဘဘိုးဘွားတွေရဲ့ မိသားစုဂုဏ်ပုံရိပ်တွေပါအကုန်ကျဆင်းကုန်ပါတယ်။ ပြောရမယ်ဆို"ဘယ်သူဘယ်သူ့အတွက်မှ အကျိုးမရှိဘူး"ဆိုတာပါပဲ။
"စည်းကမ်းရှိမှ နောင်ကောင်းစွ"ဆိုတဲ့ရှေးပညာရှင်ကြီးတွေရဲ့ဆုံးမစကားအတိုင်း ကျွန်တော်တို့မြန်မာပြည်သူ၊သားတွေဆိုရင်လည်း စည်းကမ်းကိုအလေးဂရုပြုပြီးလိုက်နာကျင့်သုံးဖို့အတော်လေးလိုနေပါပြီ။အိမ်မှာဆို "အိမ်စည်းကမ်း"၊လမ်းမှာဆို "ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း"၊ကျောင်းမှာဆို "ကျောင်းစည်းကမ်း"၊စာကြည့်တိုက်မှာဆို"စာကြည့်တိုက်စည်းကမ်း"ဆိုပြီးစည်းကမ်းတွေအမျိုးမျိုးရှိကြပါတယ်။ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရွှေမြန်မာတွေစည်းကမ်းပျက်ပုံတွေကတော့ "အမှိုက်မပစ်ရ"ဆိုင်းဘုတ်အောက်မှာအမှိုက်တွေမြင်လို့တောင်မကောင်းပါဘူး၊"ဆေးလိပ်၊အရက်ဘီယာ မသောက်ရ။"ဆိုင်းဘုတ်ဘေးမှာ အရက်ဆိုင်ဖွင့်ထားတဲ့သူ နဲ့ "ကျောင်းရှိသည် ဖြေးဖြေးမောင်း" ဆိုင်းဘုတ်ကိုမြင်ရဲ့သားနဲ့ အတင်းအရှိန်ပိုမြှင့်မောင်းတဲ့သူတွေ၊လိုင်းကားတွေထဲမှာ "ကားအတွင်းကွမ်းတံတွေး မထွေးရ" စာလေးဘေးမှာ မြင်လို့၊ရှု့လို့တောင်မကောင်းပါဘူး၊နောက်ပြီးတိုင်းပြည်ရဲ့အနာဂါတ်မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးနေပါတယ်ဆိုတဲ့ ကျောင်းတွေမှာ ကာယချိန်မရှိ၊မြက်နုတ်နေရတာတွေနဲ့ ပညာသင်နေကြတဲ့ကျောင်းသား၊သူတွေတော်တော်များများ နားနေချိန်တွေမှာ မဖွယ်မရာအပြုအမူတွေကို ဘယ်သူ့မှအရေးမစိုက်ဘဲလုပ်နေကြတာတွေက ဆရာညီမင်းညိုပြောတဲ့"အနာဂါတ်နိုင်ငံတော်"ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလို"ပေါက်လွတ်ပဲစား"တွေဖြစ်ကုန်မှာပါ။(ရိုင်းသည်မထင်ပါနှင့်)
စည်းကမ်းဘာလို့မရှိလဲ မေးခွန်းရဲ့အောက်မှာreasonတွေအများကြီးရှိပါတယ်။ဥပမာ
လွတ်လပ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့(USA,UK,"စလုံး(or) Singapore")တို့လိုမျိုးနိုင်ငံတွေမှာ "စည်းကမ်း"ရှိတာကို အခရာကျတဲ့ကဏ္ဍကနေသတ်မှတ်ထားကြပါတယ်။ဥပမာဗျာ USမှာဆိုရင် ဆေး၊ဆေးခြောက်နဲ့gunပါကိုင်ခွင့်ရှိပါတယ်၊ဒါပေမယ့် စည်းကမ်းနဲ့အညီ ပဲကိုင်တွယ်ထိန်းချုပ်ပေးထားတာပါ။UKမှာဆိုရင်ဖွံ့ဖြိုးတိုးတက်လို့ လူတွေ၊ကားတွေထူးထပ်ရှုပ်ယှက်ခတ်နေပေမယ့်သူတို့လမ်းပေါ်မှာအမှိုက်တစ်စကျရင်ဒဏ်ငွေရိုက်ပါတယ်၊ပါကင်ထိုးမှားရင် ဒဏ်ရိုက်ပါတယ်။ Singaporeမှာဆိုရင်လူမျိုးစုံရှိကြပါတယ်၊ကွမ်းစားတဲ့သူတွေလည်းရှိတာကြောင့် လမ်းပေါ်မှာကွမ်းတံတွေးထွေးမိရင် ၂နာရီ၊၄နာရီလောက်အချုပ်ထဲရောက်တယ်လို့ပါသိရပါတယ်။နောက်ထပ်ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် ယောက်ျားလေးတစ်ယောက် under wearမဝတ်ဘဲ အပြင်ထွက်ရင်ထောင်ဒဏ်၃နှစ်ထိကျနိုင်ပါတယ်။ တစ်ပါးနိုင်ငံတွေရဲ့စည်းကမ်းသေဝပ်မှုကိုသိစေချင်တာကြောင့်ပြောပြဝေမျှရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့လို အရာရာနောက်ကောက်ကျနေတဲ့နိုင်ငံတွေမှာတော့ စည်းကမ်း ဆိုင်းဘုတ်တွေက ဆိုင်းဘုတ်သာသာပါပဲ။အဓိကကတော့ ဒါစည်းကမ်းပါလို့ ထုတ်ထားတဲ့လူတွေကိုယ်တိုင်က မလိုက်နာမကျင့်သုံးလို့ပါပဲ။ဒီလိုတာဝန်ရှိသူတွေကိုယ်တိုင်ကစည်းကမ်းကိုအရေးမစိုက်ရင် ကျွန်တော်တို့တိုင်းပြည်စုတ်ပြတ်သတ်နေအုံးမှာပါ။ဒါတွေကိုအနာဂါတ်လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ Generation Zတွေအနေနဲ့ပြုပြင်ပြင်ဆင်ကြရမှာပါ။
ဆိုတော့နိဂုံးချုပ်အနေနဲ့ စာရေးသူကျွန်တော်အထူးသတိပေး မှာကြားချင်တာက ဒီနိုင်ငံမှာမွေး၊ဒီနိုင်ငံကဆန်စား၊ဒီနိုင်ငံရဲ့ ရေသောက်ကြတဲ့ မြန်မာပြည်သူ၊သားများအနေနဲ့ စည်းကမ်း ကိုအလေးဂရုပြုပြီးလိုက်နာပေးကြပါ။စည်းကမ်းကိုမလိုက်နာသူတွေကို ဆန်ကုန်မြေလေးတွေ၊နိုင်ငံကြီးသားမပီသသူတွေလို့ခေါ်လို့ရပါတယ်ဗျာ။ထမင်းစားသူများပီပီ မကောင်းတဲ့အကျင့်ဆိုးတွေဖျောက်ဖျက်၊ "စည်းကမ်း"နဲ့ဆင်ခြင်သုံးသပ်နိုင်ကြပြီး နိုင်ငံ့အကျိုး၊မိမိအကျိုးကို အကောင်းဆုံးထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်းပတ္ထနာပြုရင်း ဒီဆောင်းပါးလေးကိုအပြီးသတ်ပါရစေခင်ဗျာ။
အဆုံးထိလိုက်ပါဖတ်ရှု့ပေးတဲ့ မိဘပြည်သူမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။
ဖောင်တိန်ဖြင့်ရှင်သန်နေမည့်
မောင်ဇင်(မှိုင်းဌာနီ)။(၂၅.၈.၂၄)
Keep Reading