Author's Profile Photo

Jane Catherine - the storyteller

24/08/2024

ဘယ်လိုပုံစံမျိုးနဲ့ ချစ်တတ်တာလဲ

2 mins read
Life Style
Personal Development
General Knowledge

သင့် relationshipမှာ ပြဿနာရှိ​နေတယ် ဆိုပါစို့။ သက်တမ်းရှည်တဲ့ Relationshipတစ်ခုတော့ ရှိပါရဲ့ ကိုယ်ကပဲ သည်းခံအ​လျှော့​ပေးရင်း စိတ်ဆင်းရဲစွာ ချစ်​နေရတာလား။ ဒါမှမဟုတ် တစ်လထဲမှာပဲ တွဲလိုက်ပြတ်လိုက် တွဲလိုက်ပြတ်လိုက်နဲ့ သံသရာ လည်​နေတာလား။ ဒါမှမဟုတ် … ချစ်သူအဆင့်​တောင် မ​ရောက်လိုက်ဘဲ ရပ်သွားတာမျိုးလား။ ဒီအကြောင်းနဲ့ပတ်သက်လို့ စိတ်ပညာက ဘာတွေပြောထားသလဲ။

ကျွန်မတို့ရဲ့ relationshipsတွေ စိတ်ချမ်း​မြေ့စွာ ကြာရှည်တည်မြဲဖို့အတွက် အ​ရေးကြီးတဲ့ အချက်တစ်ခု​တော့ နှလုံးသားချင်းတွယ်တာမှုပုံစံ ဖြစ်တဲ့ attachment stylesပဲ ဖြစ်ပါတယ်။ Attachment stylesကို John Bowlbyက​နေ စပြီး ၁၉၆၀ခုနှစ်ဝန်းကျင်မှာ စတင်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက​တော့ က​လေးငယ်နဲ့သူ့မိခင်တို့ကြားမှ ဆက်ဆံ​ရေးကို အဓိက လေ့လာခဲ့တာပါ။ ၁၉၈၀လောက်ကျမှ အရွယ်​ရောက်ပြီးသူ​တွေရဲ့ relationship တွေမှာ သက်​ရောက်ပုံ​တွေကို လေ့လာခဲ့ကြကာ adult attachment styles ဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်။ မိမိရဲ့ attachment styles ကို နားလည်ခြင်းဖြင့် ပိုမို​ကောင်းမွန်တဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါဆို ဘာ​တွေလဲ ဘယ်နှစ်မျိုးရှိလဲ။

Adult attachment stylesမှာ

1. မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဆိုတဲ့ self-esteem နဲ့

2. အခြားသူ​တွေအ​ပေါ် မိမိက မျှော်လင့်ယုံကြည်တဲ့ interpersonal trust ဆိုပြီး အ​ရေးကြီးတဲ့ dimension ၂ခု ရှိပါတယ်။

အဲဒီ့နှစ်ခုရဲ့ ဒီဂရီ အနိမ့်အမြင့်နဲ့ စီစဥ်လိုက်ရင် styles လေးမျိုးထွက်လာပါတယ်။ secure attachment style တစ်မျိုး၊ insecure attachment styles သုံးမျိုးပါ။ Secure attachment style ဆိုတာကတော့ တစ်ပါးသူကို အကောင်းဆုံး ချစ်ပေးနိုင်တဲ့ အဖွဲ့ပေါ့။ Insecure attachment styles တွေကတော့ အဆင်မပြေတဲ့ relationship တွေ ဖြစ်လာဖို့ လမ်းစတွေပါပဲ။ အဲဒါ​တွေက ဘာတွေလဲ အသေးစိတ် သွားကြည့်ရအောင်။

1. Secure attachment style – self-esteemရော interpersonal trustပါ မြင့်တဲ့ styleမျိုး ဖြစ်ပြီး ၄မျိုးထဲမှာ​ အ​ကောင်းဆုံး ပုံစံပါ။ Relationship ထဲမှာ စိတ်လုံခြုံမှုကို ခံစားရသလို ချစ်သူကိုလည်း တန်းတူ လုံခြုံမှု ပေးနိုင်ပါတယ်။ ကိုယ်ကလည်း သူစိတ်ညစ်​နေတဲ့အချိန်ဆို ကူညီ​ဖေးမတတ်သလို ကိုယ်စိတ်ညစ်ရင်လည်း ရင်ဖွင့်ဖို့ ဝန်မ​လေးတတ်ကြပါဘူး။ ဒါ​ပေမဲ့လည်း တစ်ချိန်လုံး မှီခို​နေတာ မဟုတ်ဘဲ ရိုးသားပွင့်လင်းစွာ မျှမျှတတ ချစ်တတ်ကြတာမို့ ပျော်ရွှင်ပြီး တည်မြဲတဲ့ relationship ကို တည်​ဆောက်နိုင်ကြပါတယ်တဲ့။

2. Dismissive Avoidant attachment style – self-esteem မြင့်ပြီး interpersonal trust နိမ့်တဲ့ အမျိုးအစားပါ။ သူက​တော့ မိမိကိုယ်ကိုယ် ယုံကြည်​ပေမဲ့ သူတပါးက ထိခိုက်​စေမှာ စိုးတဲ့အတွက် ချစ်သူကို လက်တစ်ကမ်းအကွာမှာပဲ ထားတတ်သူပါ။ သူဟာ အလွန်အမင်း လွတ်လပ်မှုကို တောင်းဆိုပြီး နည်းနည်းလည်း တစ်ကိုယ်​ကောင်းဆန်တတ်ပါ​သေးတယ်။ စိတ်ခံစားချက်​တွေကို တံခါးပိတ်​သော့ခတ်
ထားတတ်သူမျိုးဖြစ်ပြီး ချစ်သူက လိုအပ်​နေချိန်မှာ​တောင် “ဂရုမစိုက်ဘူး”လို့ ပြောထွက်တတ်သူ​တွေပါ။ မိမိက ခံစားရမှာစိုးတဲ့အတွက် အရင်ဆုံး လမ်းခွဲထားခဲ့တတ်သူမျိုး​တွေ ဖြစ်ပါတယ်။

3. Anxious Preoccupied attachment style – သူက​တော့ self-esteem နိမ့်ပြီး interpersonal trust မြင့်တဲ့သူ​တွေမှာ တွေ့ရတတ်ပါတယ်။ secure styleနဲ့မတူဘဲ အရမ်းကို နီးနီးကပ်ကပ်နေချင်တတ်ပါတယ်။ သူတို့မှာ နွေး​ထွေးတဲ့အချစ်အစား အမြဲတစ်ခုခုလိုနေသလို ခံစားရတဲ့ emotional hunger ကိုသာ ခံစားရပြီး အဲဒီ့လိုအပ်ချက် ပြည့်ဖို့အတွက် ချစ်သူကို အားကိုး​မှီခိုလေ့ရှိကြပါတယ်။ အဲဒီ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့အတွက် ချစ်သူဟာ မိမိကို မချစ်​တော့ဘူးလား၊ အသစ်ရှာ​နေပြီလား စသဖြင့် သဝန်တိုသံသယဝင်ကာ အားငယ်​ပြီး ပိုမိုတွယ်ကပ်နေ​လေ့ ရှိပါတယ်။ စိတ်မ​ကောင်းစရာက​တော့ သူတို့ရဲ့ နီးကပ်ချင်တဲ့ အပြုအမူဟာ ချစ်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်​စေကာ တွန်းထုတ်သလို ဖြစ်သွားတတ်ပါတယ်။ အဲလိုနဲ့ ကွာ​ဝေးသွားတဲ့အခါ သူတို့ရဲ့ သံသယကို ပိုမို အား​ကောင်း​အောင် လုပ်​ပေးလိုက်သလိုလည်း ဖြစ်တတ်ပါ​သေးတယ်။

4. Fearful Avoidant attachment style – self-esteem ရော interpersonal trust ပါ နှစ်မျိုးလုံး နိမ့်တဲ့ အမျိုးအစားဖြစ်ပြီး styles၄ခုမှာ အဆိုးဆုံးပုံစံလို့ ဆိုနိုင်ပါတယ်။ သူက ထိခိုက်ခံရမှာ စိုးတဲ့အတွက် ချစ်သူနဲ့ နီးနီးကပ်ကပ်နေရမှာလည်း ကြောက်သလို ဝေးကွာသွားတဲ့အခါ အထီးကျန်ဆန်ဖို့လည်း ကြောက်တတ်ကြပါတယ်။ သူတို့ဟာ မိမိရဲ့ မလုံခြုံတဲ့ ပူပန်​ကြောင့်ကြမှု​တွေကို မဖျောက်ပစ်နိုင်ဘဲ ရင်ထဲမှာ မုန်တိုင်းထန်​နေကြသူ​တွေပါ။ ဒါ့အပြင် စိတ်ခံစားချက်​တွေ မတည်ငြိမ်တာ​ကြောင့် relationship မတည်​ဆောက်ပဲ နေရင်​နေ၊ မ​နေရင်လည်း အတက်အကျ အလွန်ကြမ်းတဲ့ relationship မျိုး ဒါမှမဟုတ် abusive relationship တွေထဲ ပိတ်မိတတ်ပြီး အလွန်စိတ်ပင်ပန်းရတတ်ပါတယ်။

Attachment styles တွေဟာ ငယ်ငယ်က မိခင်နဲ့ ဆက်ဆံ​ရေးရဲ့ လွှမ်းမိုးမှုကို ခံရတယ် ဆို​ပေမဲ့လည်း တစ်ဘဝလုံး စွဲမြဲသွားတတ်တာ မဟုတ်ပါဘူးနော်။ သူက ဘဝမှာ ကြုံ​တွေ့ရတဲ့ အ​တွေ့အကြုံအ​ပေါ် မူတည်တာ​ကြောင့်ရယ် ပင်ကိုစိတ်သ​ဘောကို လိုက်ပြီးရယ် ပြောင်းလဲတတ်တာမျိုး ဖြစ်ပါတယ်တဲ့။

အကယ်၍ ကိုယ်က insecure attachment styles ​ဖြစ်နေ​တယ်ဆိုရင်

• ကိုယ့် attachment style ကို သိနားလည်ရင် မိမိစိတ်ခံစားချက်ကို သတိထားဆင်ခြင်ကာ ပြောင်းလဲလို့ ရနိုင်ပါတယ်။

• ကိုယ့်ကို အပြည့်အဝလုံခြုံနားလည်မှု​ပေးတဲ့ secure attachment style ရှိတဲ့သူနဲ့ တွေ့တဲ့အခါ ကိုယ်လည်း secure styleပြောင်းသွားတာမျိုး ရှိတတ်ပါတယ်။

• ဒါမှမဟုတ် နှစ်​ယောက်အတူတူ therapy ယူတာမျိုးလည်း လုပ်နိုင်ပါတယ်။

အခုဆို attachment stylesကို အလွယ်တကူ စစ်​နိုင်တဲ့ website တွေလည်း ရှိ​နေပြီဆို​တော့ အ​ပေါ်က အချက်​တွေနဲ့ တိုက်ကြည့်လို့ မလုံ​လောက်ဘူးဆိုရင် အမြန်​လေး သွားပြီး စစ်ကြည့်ကြပါ​နော်။

အားလုံးပဲ ပျော်ရွှင်ရတဲ့ relationshipကို တည်​ဆောက်နိုင်ကြပါ​စေရှင်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)