SarPhat Author

ကျွန်မတို့တွေက ကိုယ့်အကြောင်းကိုယ်ပြောတယ်ဆိုတဲ့နေရာမှာ သူများကိုပြောဖို့ဆိုရင် တအားကိုစိတ်အားထက်သန်လေ့ရှိကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောဖို့ကျ တွန့်ဆုတ်နေကြပြန်ရော။
ဒီစာဖတ်နေတဲ့လူရော ကိုယ့်အကြောင်းကိုယ် သေချာသိပါသလား။ "ကိုယ်အကြောင်းကိုယ်သိတယ်" ဆိုတာက ကိုယ်ဘာအရောင်လေးကြိုက်တတ်သလဲ၊ ဘာအစားအစာကြိုက်လဲဆိုတာတင်မဟုတ်ဘဲ deep question တွေဖြစ်တဲ့ ဘယ်လိုအရာတွေက ကိုယ့်ကိုပျော်ရွှင်စေလဲဆိုတာမျိုးတွေပါ ပါပါတယ်။ လူတော်တော်များများက ဒီလိုမေးခွန်းတွေဆို မဖြေတတ်ကြတော့ဘူး။ Who are you? ဆိုတဲ့ ရိုးရှင်းတဲ့မေးခွန်းတစ်ခုကိုတောင် နာမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်တွေမပါဝင်ဖို့ ဖြေဖို့ဆိုရင် အတော်စဉ်းစားနေကြရတယ်။ ဒါဟာ self awareness အားနည်းခြင်းရဲ့ လက္ခဏာပါပဲ။
ကျွန်မက "အပြင်မှာ ကိုယ်ပြုမိတဲ့အပြုအမူတွေဟာ အတွင်းထဲကအရာရဲ့ reflection ဖြစ်တယ်"ဆိုတဲ့အချက်ကို လက်ခံထားသူပါ။ ဒါကြောင့် ကျွန်မ လူတွေနဲ့ miscommunication လုပ်မိတိုင်းမှာ ကျွန်မရဲ့အတွင်းထဲကို ပြန်ကြည့်ရတယ်။ အဲ့တာဟာ journaling လုပ်တာပါပဲ။ အရိုးရှင်းဆုံးပြောရရင် ကျွန်မတို့ရဲ့စိတ်ခံစားချက်၊ အတွေးတွေကို အရှိကိုအရှိအတိုင်း အပွင့်လင်းဆုံး ချရေးတာပါ။
ဥပမာဆိုရရင် ကျွန်မမှာ anger issue ရှိပါတယ်။ ကျွန်မက သိပ်စိတ်တိုလွယ်တတ်တဲ့သူပါ။ spiritual ပိုင်းလိုက်လာပြီးနောက်ပိုင်းမှာ အဲ့ဒီ့ပြသာနာက တော်တော်ငြိမ်သွားပေမဲ့ ဒီရက်ပိုင်းထဲ ပြန်ပေါ်လာပြီး ကျွန်မ စိတ်တိုတဲ့အခါ စကားလုံးရွေးချယ်မှုတွေကို ဂရုမစိုက်မိတော့ဘူး၊ အပြစ်တွေတင်တတ်လာတယ်၊ အချို့လူတွေကိုဆို အော်တောင်အော်မိပါတယ်။ ဒီအခြေအနေမှာ ကျွန်မက ဘာကြောင့်အဲ့ဒီ့လောက်တောင် ဒေါသကြီးမိရသလဲဆိုတဲ့အဖြေကို ရှာနိုင်ဖို့ ကျွန်မအတွင်းထဲက inner self ကို မေးခွန်းတွေ မေးရပါတော့တယ်။ ကျွန်မ ဒေါသထွက်ရတဲ့အကြောင်းဟာ ဘာလဲ၊ ကျွန်မတုန့်ပြန်လိုက်မိတဲ့အပြုအမူအပေါ်ကို စိတ်ငြိမ်သွားတဲ့ကျွန်မ ဘယ်လိုခံစားရလဲ၊ နောက်တစ်ခါကျရင် ကျွန်မဒေါသထွက်တဲ့အခါ ဘယ်လို manage လုပ်နိုင်မလဲ စသည်ဖြင့် ဒီလိုမေးခွန်းတွေပါ။
Journaling လုပ်ဖို့ဆို ပထမဆုံးလိုအပ်တာက self acceptance ပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်ပေါင်းစုံကို judge မလုပ်ဘဲ အရှိအတိုင်းလက်ခံပေးဖို့ လိုအပ်တယ်။ ဥပမာ - ကိုယ်က independent ဖြစ်သူလို့ ခံယူထားတယ်၊ ဒါပေမဲ့ ကိုယ်အမြဲလျစ်လျှူရှုခဲ့တဲ့ ကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်းက တစ်စုံတစ်ယောက်ရဲ့ အကူအညီကို အမြဲတမ်းလိုအပ်နေခဲ့တယ်။ ဒီလိုမျိုးပေါ့။ အဲ့ဒီ့အစိတ်အပိုင်းဟာ ငါ့ဆီမှာရှိနေပါလားဆိုတာကို လက်ခံနိုင်မှသာ ကျန်တဲ့ step တွေဆက်သွားနိုင်မှာပါ။
ကျွန်မတို့တွေ ကလေးဘဝတုန်းကလည်း အခြားလူကြီးတွေက ကိုယ်တွေကိုလျစ်လျူရှုတယ်၊ ကိုယ်တွေအရွယ်ရောက်လာတော့လည်း ကိုယ်ကိုယ်တိုင်က ကိုယ်ကိုယ်ကိုယ် ပြန်လျစ်လျူရှုတယ်။ ဒီလိုပုံစံနဲ့ ဘဝကိုရှင်သန်နေတာ နှစ်တွေမနည်းတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးပေးကြည့်ပါ။ သင်ဘယ်သူလဲဆိုတဲ့ အရိုးရှင်းဆုံးမေးခွန်းကို ဖြေနိုင်ဖို့ journaling ကို စတင်လိုက်ဖို့ တိုက်တွန်းပါတယ်။
Google မှာဖြစ်စေ၊ Pinterest မှာ ဖြစ်စေ journaling prompts လို့ရှာကြည့်ရင် question တွေကျလာပါလိမ့်မယ်။ တစ်နေ့ကိုတစ်ခုပဲ အနည်းဆုံးဆယ်မိနစ်-ဆယ့်ငါးမိနစ်လောက် အချိန်ပေးပြီး ချရေးကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့နိုင်ကြပါစေ။
Hsu Wadi Hnin
Jan 5, 2024 (Friday)
Keep Reading