SarPhat Author
ကျွန်မတို့ရဲ့ဘဝမှာ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ လောကဓံတရားတွေဆိုတာ အကောင်းအဆိုး ဒွန်တွဲစွာနဲ့ တစ်လှည့်စီဖြစ်ပေါ်နေတတ်ပြီး ဒီလောကဓံတရားကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ကျော်ဖြတ်ဖို့ နေ့ရက်တိုင်းမှာ ကောင်းမွန်တဲ့အလေ့အကျင့်လေးတွေကို ပျိုးထောင်လုပ်ဆောင်ကြရအောင်။
၁။ နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းမယ်။
ပိုင်ဆိုင်ထားတဲ့အရာတွေကို ကျေးဇူးတင်တာ၊ ချစ်ခင်တဲ့သူတွေ နေကောင်းကျန်းမာလို့ ကျေးဇူးတင်တာ စသဖြင့် အသေးမွှားလေးတွေကစလို့ ကျေးဇူးတင်စိတ်ထားပြီးနေထိုင်ကြည့်ပါ။
၂။ ကောင်းမွန်စွာ ချက်ပြုတ်စားသောက်မယ်။
တန်ဖိုးဖြတ်မရတဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအစာတွေထက် ကိုယ့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာတွေကို အချိန်မှန်မှန် စားသောက်ဖို့လိုပါတယ်။
၃။ အိပ်ရေးဝဝ အိပ်ကြမယ်။
အိပ်ချိန်လုံလုံလောက်လောက် ထားရှိပြီး အနားယူဖို့လည်းလိုပါတယ်။ အိပ်ရေးပျက်တာများရင် ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်နိုင်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ဖြစ်လာနိုင်တဲ့အတွက် အိပ်စက်အနားယူချိန် လုံလောက်အောင် ဂရုစိုက်သင့်ပါတယ်။
၄။ လေကောင်းလေသန့် ရှူရှိုက်မယ်။
တစ်နေ့တာမှာ ဘယ်လောက်ပဲအလုပ်များနေပါစေ အချိန်ပေးပြီး လေကောင်းလေသန့်ကို တစ်ဝကြီးရှူရှိုက်ဖို့ မမေ့ပါနဲ့။ ကောင်းမွန်သန့်စင်တဲ့လေကို ရှူရှိုက်ခြင်းက ကျန်းမာရေးအတွက် အလွန် အထောက်အကူဖြစ်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။
၅။ တစ်ရက်ကို အနည်းဆုံး နာရီဝက်အချိန်ပေးပြီး စာဖတ်မယ်။
ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆို စာအုပ်တွေကနေ ခရီးသွားလို့ရပါတယ်။ စာအုပ်တွေကနေတစ်ဆင့် စာရေးသူရဲ့ ဘဝတစ်လျှောက်မှာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို အချိန်တိုအတွင်းလေ့လာနိုင်ပြီး ကိုယ့်ဘဝမှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို စာဖတ်ခြင်းကရရှိတဲ့ အသိပညာ၊ ဗဟုသုတတွေနဲ့ လက်တွေ့အသုံးချပြီး တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။
၆။ ကြင်နာမှုတွေကို လက်ဆင့်ကမ်း ဝေမျှမယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ကြင်နာမယ်၊ အနားကသူတွေကိုလည်း ကူညီဖေးမပြီး ကြင်နာစွာ ဂရုစိုက်ထွေးပွေ့မယ်။ တစ်ပါးသူရဲ့ လှပတဲ့အပြုံးတွေ ထွက်ပေါ်လာအောင် ကူညီဖေးမပြီး ကမ္ဘာကြီးကို အပြုံးပန်းတွေနဲ့ အလှဆင်မယ်။
စာဖတ်သူတို့ရော နေ့ရက်တိုင်းမှာ ဘယ်လိုအလေ့အကျင့်ကောင်းတွေကို လုပ်ဆောင်နေလဲဆိုတာ မျှဝေသွားခဲ့ပါဦးနော်။
Keep Reading