Author's Profile Photo

Leo Nann

20/08/2024

လူသားနှင့်စာပေ

1 min read
Life Style
General Knowledge
Culture
လူသားနှင့်စာပေ's photo

ကမ္ဘာဦးအစ ကျောက်ခေတ်မှလူသားများသည် လွန်စွာ စူးစမ်းတတ်သူများဟု ဆိုရပေမည်။ယင်းတို့သာ
မစူးစမ်း၊မရှာဖွေ ၊မလေ့လာခဲ့ကြပါလျှင် ယနေ့ခေတ်၏တီထွင်မှူများ၊ဆန်းသစ်မှုများ ရှိမလာနိုင်။

၎င်းတို့သည် မျိုးဆက်သစ်များအား ရှာဖွေတွေ့ရှိသမျှ အသိပညာ ဗဟုသုတတို့ကို နည်းအမျိုးမျိုးဖြင့်
လက်ဆင့်ကမ်းခဲ့ကြပါ၏။ ကိုယ်တိုင်သင်ပေး၍ဖြစ်စေ၊တစ်စုံတစ်ခု၌ရေးခြစ်ခဲ့ကြ၍ဖြစ်စေ လက်ဆင့်ကမ်းခဲ့ကြသည်။

ရှေးဦးကျောက်ခေတ်(အရိုင်းခေတ်)မှသည်ခေတ်အဆက်ဆက် ယဥ်ကျေးမှုစတင်ထွန်းကားလာကြချိန်တွင် ကျောက်သားများ ၊နံရံများမှပေရွက်များ၊ထန်းရွက်များသို့ ကူးပြောင်းရေးသားလာကြသည်။ထိုမှတစ်ဆင့် လက်ရှိ ကျွန်ုပ်တို့အသုံးပြုနေကြသော စာရွက်များ၊စာအုပ်များအဖြစ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပါ၏။
ရှေးခေတ်လူများက စာပေတို့ကို ခေတ်အဆက်ဆက်
အစဥ်တစိုက်ရေးသားပြုစုခဲ့ကြ၍သာ မျိုးဆက်သစ်များဖြစ်သောကျွန်ုပ်တို့သည် သမိုင်းကြောင်းနှင့်
အတိတ်ပုံရိပ်များကို သိမြင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဗဟုသုတအများစုသည် စာပေထဲတွင်ရှိနေချေ၏။
"စာအုပ်စာပေ လူ့မိတ်ဆွေ"ဆိုသည့်စကားအတိုင်း
လူသားနှင့် စာအုပ်များမှာ မိတ်ဆွေများဖြစ်ကြသည်။အပြန်အလှန်အမှီသဟဲပြုနေကြသည်ဟုဆိုလျှင်လည်းမမှားနိုင်။လူသားတို့ကြောင့်သာ စာပေဆိုသည့်အရာပေါ်ပေါက်လာခြင်းဖြစ်သကဲ့သို့ စာအုပ်စာပေများရှိခြင်းကြောင့်သာ လူသားတို့မှာ အသိဉာဏ်တိုးပွားလာကာ နေထိုင်မှုအဆင့်အတန်းမြင့်မားလာရခြင်းဖြစ်သည်။

စာအုပ်တစ်အုပ်ဖတ်ခြင်းသည် ခရီးတစ်ခေါက်ထွက်ခြင်းနှင့် အတူတူပင်ဖြစ်လိမ့်မည်။လက်တွေ့မဟုတ်သော်လည်း စာတွေ့ ဗဟုသုတအတွေ့အကြုံကို သိရှိနိုင်သည်။
တစ်ထိုင်တည်းဖြင့် ကမ္ဘာပတ်နိုင်သောနည်းဖြစ်သည်။
စာပေမှ "လှပသောပင်လယ်ပြာပြာတွင်  အကြီးတန်သော မုန်တိုင်းများရှိကြောင်းကို
သိရှိနိုင်သကဲ့သို့ တစ်နေ့တာ၏ အဆုံးသတ်တွင် ပေါ်ထွက်လာတတ်သော
ငွေသော်တာလမင်း၏ မျက်နှာပြင်တွင် ချိုင့်ခွက်ကြီးများရှိကြောင်း"ကိုလည်း သိကြရသည်။

စာဖတ်ခြင်းသည် လူမျိုးအစုံကို တစ်ပြိုင်တည်း
တွေ့မြင်နိုင်စေသောအရာဖြစ်ပါ၏။ထို့အပြင် အတိတ်သမိုင်းကိုလည်း ခံစားနိုင်သည်။

ကျွန်ုပ်တို့မမီလိုက်သော အတိတ်တွင် ကွေ့လူမျိုးတို့သည် မိမိတို့လူမျိုးကို အသက်ထက်ချစ်ကြကြောင်းကို သိကြရသကဲ့သို့ အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျမှာ ဉာဏ်ကြီးသော ဘုရင်တစ်ပါးဖြစ်ကြောင်းကိုလည်း တွေးမြင်ကြရသည်။ရှင်ငြိမ်းမယ်အားသူမ၏ ချစ်သူမောင်ကလွန်စွာမြတ်နိုးကြောင်းကိုလည်း ပိတ်ကားဇာတ်ရုပ်တစ်ခုသဖွယ် သိရှိခံစားနိုင်သည်။ တရုတ်ပြေးမင်း၏ အုပ်ချုပ်မှုညံ့ဖျင်းပုံကိုလည်းသိရသည်။
မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ပုံလည်း
တွေးဆနိုင်သည်။ ဤသည်မှာ စာအုပ်စာပေ၏ ဗဟုသုတပေးနိုင်စွမ်းပင်။

"နွားကွဲလျှင် ကျားဆွဲ"တတ်ကြောင်းကိုလည်း သမိုင်းစာပေက ထောက်ပြနေသည်။

ထို့မျှမကသေးချေ။

စာပေသည် နုနယ်သော အသိအမြင်ကို 
ကျယ်လာစေနိုင်သော သော့ချက်လည်းဖြစ်၏။ စာပေလိုက်စားသူသည် မိမိကိုယ်ကို အလိုလို ယုံကြည်မှုရှိလာပြီး သာမန်သူထက် တွေးခေါ်နိုင်စွမ်းရှိသည်။
"စာမဖတ်သူမှာ  မျက်စိကန်းသူနှင့်တူသည်"ဟု ရှင်မဟာရဋ္ဌသာရကဆိုခဲ့ဖူးသည်။


"စာပေမြင့်မှ လူမျိုးတင့်မည်"ဟူ၍လည်း ဆိုရိုးရှိသည် မဟုတ်ပါလော။ နိုင်ငံတစ်နိုင်ငံစာပေအဆင့်အတန်းကိုကြည့်ခြင်းအားဖြင့် ထိုနိုင်ငံ၏ ယဥ်ကျေးမှုနှင့်တိုးတက်မှုအခြေအနေကို သိနိုင်သည်။ လူသားနှင့် စာပေသည် ကင်းကွာ၍မဖြစ်။စာပေမရှိလျှင် ငြိမ်းချမ်းမှုမရှိနိုင်။လူသားတို့၏ ဘဝလမ်းကြောင်းကို မှန်အောင် တည့်မတ်ပေးနိုင်သောအရာမှာ စာဖတ်ခြင်းသာဖြစ်သည်။သို့ဖြစ်ပါ၍ စာပေသည် လူသားအားလုံးအတွက် လွန်စွာ အရေးကြီးပါ၏။
------------------------------------
အားလုံးကိုအစဥ်လေးစားလျက်....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)