Yara
လူတစ်ယောက်ကို ချစ်မိဖို့ဆိုတာ လွယ်ကူရဲ့လား?။
'ချစ်ခြင်းအစ ရင်ခုန်ခြင်းက' လို့ဆိုကြတယ်။ မမှားဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ အချစ်နဲ့ ပတ်သက်လို့ ခံစားပုံချင်း၊ ခံယူပုံချင်း၊ ထုတ်ဖော်ပြပုံချင်းက မတူနိုင်ကြလို့ပါ။
'Love at first sight ' ဆိုတာမျိုးက ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာတော့ အတော်လေးစီးမြောခံစားလို့ကောင်းပါတယ်။ တကယ်တမ်း အပြင်လောကမှာတော့ မြင်မြင်ချင်း အချစ်ဆိုတာ မရှိဘူးလို့ပဲ ပြောပါရစေ။ ဒါနဲ့ ပတ်သက်လို့တော့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒီလိုပြောရတာက ဖြစ်နိုင်ချေရှိတဲ့ ဖြစ်တန်စွမ်းတွေကို ချိန်ထိုးပြီး ကောက်ချက်ချထားတာပါ။
ရိုးရိုးလေးတွေးကြည့်ကြစို့။ လူတစ်ယောက်ကို ပထမဆုံးတွေ့တာနဲ့ အရင်ဆုံးသတိထားမိမှာက ဝတ်စားဆင်ယင်ပုံပါ၊ အပြင်အဆင် good တယ်ဆိုမှ ရူပါကို လှမ်းအကဲခတ်ကြတာပါ။ ခပ်ချောချော လူတစ်ယောက်ဖြစ်နေတယ်ဆိုရင် တဒင်္ဂတော့ ငေးမောသွားမိမှာအမှန်ပါ။ လည်တိုင်လေး၊ မျက်ခုံး မျက်လုံးလေး၊ ဆံပင်လေး၊ လက်ကလေး စသဖြင့် ကြည့်မိကောင်း ကြည့်မိပါလိမ့်မယ်။ သဘောကျမိပြီး ကြည့်မဝဖြစ်နေပါလိမ့်မယ်...။ ဒါက အချစ်တော့ မဟုတ်ပါဘူး။ တပ်မက်မှု၊ သာယာမှုလို့ပဲ ခေါင်းစဉ်တပ်ပါရစေ။ ဘာလို့လဲဆိုတော့ အဲ့ဒီသာယာတပ်မက်မှုဟာ သူ့ထက်ပိုသာတဲ့ လူတစ်ယောက်ဆီလည်း အချိန်မရွေးရောက်သွားနိုင်လို့ပါ။
အဲဒီကတစ်ဆင့်မှ ကြိုက်တယ်ဆိုပြီး ဖြစ်လာတာပါ။ စားစရာတစ်ခုခုကို ကျွန်မတို့ ကြိုက်သလိုပေါ့။ ဒီစားစရာလေး စားရရင် ကောင်းမှာပဲ၊ ခံတွင်းတွေ့တယ်ဆိုပြီး ကြိုက်တယ်။တကယ်လို့ အဲ့ဒီ စားစရာမပါလည်း ကျွန်မတို့ရဲ့ အစာရပ်ဝန်းက ပြည့်ပြည့်စုံစုံ လည်ပတ်နေတာပါပဲ။ သူ မပါလည်း ကိုယ့်ရဲ့ တစ်နေ့တာက ဖြတ်သန်းလို့ရနေတယ်၊ အဆင်ပြေနေတယ်ဆိုရင် ကြိုက်တယ်ဆိုတဲ့ ကာလထဲမှာပဲ ရှိနေပါသေးတယ်။
အဲဒီကတစ်ဆင့်တက်ပြီး စိတ်ဝင်စားလာပါတယ်။ ဒီလူနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ပြည့်ပြည့်စုံစုံမဟုတ်တောင်မှ အကျဉ်းချုပ်လောက်ဖြစ်ဖြစ်တော့ စုံစမ်းလာမယ်။ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုစိတ်နေစိတ်ထား၊ အတွေးအခေါ်ရှိသလဲ ဆိုပြီး သိချင်စိတ်ရှိလာမယ်။ သေချာတာကတော့ ဒီလိုအဆင့်ဟာ dating အဆင့်ပဲဖြစ်ပါတယ်။ ဒီအချိန်ထိ ချစ်ခြင်းမေတ္တာဆိုတာ ကပ်မပါလာသေးပါဘူး။
အဲ့နောက်မှ တစ်စတစစ မြင်ပါများ၊ တွေ့ပါများပြီး စိတ်အာရုံထဲ တဖြည်းဖြည်းတွေးရင်း တရေးရေးပေါ်လာပြီဆိုရင်တော့ စွဲလမ်းနေပါပြီ။ သူ့အကြောင်းတွေးရင်း အချိန်တွေကုန်မှန်းမသိ ကုန်နေပြီဆိုရင်တော့ ချစ်စိတ်လေးဝင်လာပြီလို့ ပြောလို့ရပါတယ်။ သူ့အပေါ် ဂရုစိုက်လာမယ်၊ အလေးထားလာမယ်၊ဒါဟာ သူက ကိုယ့်ရဲ့ priority အဆင့်ကို ရောက်မှန်းမသိ ရောက်လာတာပါ။
ဒီလိုကနေ ချစ်ခြင်းမေတ္တာ စတင်ပေါက်ဖွားလာပါပြီ။ သူက ဒါလေးဆို ကြိုက်တတ်တယ်၊ ဒါဆို သူမကြိုက်ဘူး၊ ဒီအကျင့်ဆို သူမုန်းတယ်၊ သူက ဒီလိုလူမျိုးပဲဆိုတာကို ရှင်းရှင်းလင်းလင်း သိလာပါမယ်။ အဲ့ကတစ်ဆင့် သံယောဇဉ်ကပ်ပါလာပြီး ချစ်ခြင်းမေတ္တာက အမြစ်တွယ်မှန်းမသိ တွယ်လာပါတော့တယ်။
အချစ်မှာ မေတ္တာတရားလေး တွဲပါမှ ပိုပြီး ပြည့်စုံပါတယ်။ သူစိမ်းနှစ်ယောက် ချစ်ကြတဲ့အခါမှာ အချစ်ချည်းပဲဆိုရင် ရေရှည်လက်တွဲဖို့ မကျိန်းသေနိုင်ပါဘူး။ သံယောဇဉ်၊ မေတ္တာ၊ စေတနာနဲ့ နွေးထွေးမှုတွေ လွှမ်းခြုံနိုင်မှ သက်တမ်းရှည်မှာပါ။
အချစ်သက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကောင်းခြင်း၊ဆိုးခြင်း dark side တွေကို သိလာတာကြောင့် အချစ်တွေ လျော့လာတာ၊ ပေါ့လာတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအချိန်မျိုးမှာ သံယောဇဉ်တွေနဲ့ပဲရှေ့ဆက်ကြရတာပါ။
"ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဘယ်လောက်ပဲ ပိုက်ဆံရှိသူဖြစ်ပါစေ ကိုယ့်အပေါ် စေတနာရှိဦးမှ၊ ကိုယ့်အပေါ် မေတ္တာထားနိုင်ဦးမှ အဆင်ပြေမှာလေ..."လို့ သိပ်မကြာသေးခင်က အိမ်ထောင်ပြုသွားတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့ ပြောစကားလေးကို သဘောကျမိပါတယ်။
မှန်ပါတယ်။ ကိုယ့်အပေါ် မေတ္တာစေတနာမထားနိုင်ရင် ပါးစပ်ကချစ်တယ်ပြောနေလည်း အလကားပါပဲ။ အခုခေတ်ဆိုရင် keyboard ပေါ်က ချစ်စကားလှလှလေးတွေကို သာယာတတ်တာပါ။ လက်တွေ့မှာ ဂရုစိုက်မှု၊ နွေးထွေးကြင်နာမှု မပေးနိုင်ပဲ ဟန်ဆောင်နေတာကလည်း အချိန်တန်ရင် သက်တမ်းကုန်သွားနိုင်ပါတယ်။
ချစ်သူ မကြိုက်တဲ့အရာကို ရှောင်ကြဉ်တာ မေတ္တာတရားပါ။ ချစ်သူ လိုအပ်တဲ့အချိန် ရှာစရာမလိုပဲ အသင့်ရှိနေပေးတာ နွေးထွေးမှုပါ။ ချစ်သူ ရှုံးနိမ့်နေချိန် တွဲကူ ယုယပေးတာ ကြင်နာမှုပါ။ ချစ်သူ စိတ်ဆိုးနေချိန် မငြူမစူရှင်းပြပေးတာ အလေးထားမှုပါ။ ချစ်သူရဲ့ အားနည်းချက်တွေကို အပြစ်မရှာပဲ ချစ်နေပေးတာက လေးစားမှုပါ။ အသေးအဖွဲလေးကအစ အလိုက်သိတတ်တာက ဂရုစိုက်မှုပါ။
လူတစ်ယောက်ကို ချစ်မိဖို့က မလွယ်ပါဘူး။ ကိုယ်ချစ်တယ်ဆိုတာကို တစ်ဖက်လူရဲ့ နှလုံးသားထဲက ခံစားရစေဖို့အတွက်ဆိုရင် ပိုပြီး အနုစိတ်ပါတယ်။ ဒါကြောင့်သိမ်မွေ့နက်နဲတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို အလေးထားတတ်ကြပါစေ။
# ချစ်ခြင်းများစွာဖြင့်
Yara
Keep Reading