Author's Profile Photo

အယ်ဟုန်သော်(မယ်လတ်)

16/08/2024

ဟင်းလေးချက်(29.7.2024ရတနာပုံနေ့စဥ်ထုတ်သတင်းစာ(ဝတ္ထုတိုကဏ္ဍ)

3 mins read
General Knowledge
Startup
18 Again
ဟင်းလေးချက်(29.7.2024ရတနာပုံနေ့စဥ်ထုတ်သတင်းစာ(ဝတ္ထုတိုကဏ္ဍ)'s photo

" အမေ့နှယ်..ဒီဆေးလိပ်ကြီး သောက်နေပြန်ပါကော
ချောင်းက ဆိုးလှပါဘိနှယ် ချောင်းဆိုးတာလေးသက်သာခါမှ သောက်တော့လေ အခုနေတုန်းတော့ ဆေးလိပ်သောက်တာလေး လျှော့ပါအုန်းလား"

တမာအရိပ်အောက် ထန်းလက်ကုလားထိုင်ကြီးပေါ် ပြောင်းဖူးဖက်ဆေးလိပ်တိုကြီးဖွာနေတဲ့ ဒေါ်ငွေမြိုင်ကို
မိဝိုင်းက မီးဖိုချောင် ထရံကဲလားပေါက်က ခေါင်းပြူကြည့်ရင်း ပြောနေသည်။

မိဝိုင်းပြောလိုက်မှ လက်ထဲက ပြောင်းဖူးဖက်ဆေးလိပ်တိုကြီးကို ကုလားထိုင်လက်တန်းနဲ့ ထိုးချေပြီး ဆေးလိပ်မီး သတ်လိုက်သည်။

မိဝိုင်း ခမျာ အမေ့ကိုပြောရ ။မိဝိုင်းအောက်က မောင်နှမအငယ်တွေပြောရ ။ အကိုဖြစ်သူ ဖိုးမြ အိမ်ထောင်ကျသွားတော့ အိမ်မယ်ကျန်တဲ့ မောင်နှတွေထဲ မိဝိုင်းအကြီးဆုံးပေါ့။

နို့ညှာကောင်ဖိုးသာနဲ့ အငယ်ဆုံးဖိုးလှက ရွာထဲရှိအလယ်တန်ကျောင်းတွင် ကျောင်းတက်နေတုန်းအရွယ်တွေမို့ ကူဖော်လောင်ဖက်မရသေး။

စိုက်ချိန်ပျိုးချိန် ရာသီဆိုရင်ဖြင့် အထက်အောက်ညီမ ဖြစ်သူမိဇာ နဲ့အတူ ကောက်စိုက်ပျိုးနှုတ် တောလုပ်တောကိုင်အလုပ်တွေ မိဝိုင်းဦးစီးပြီး လုပ်ရသည်။ အကို
ဖိုးမြကတော့ လာကူပါတယ် ဆိုသော်လည်း
သူ့အိမ်ထောင်နဲ့သူ ရုန်းကန်နေရတာမို့ ရံဖန်ရံခါလောက်သာ ရောက်လာတတ်သည်။

အမကြီးတော့ အမိအရာပီပီ မိဝိုင်းက အငယ်တွေကြိုက်တတ်တဲ့ဟင်းလေး ကိုယ်တိုင်ကိုယ်ကျ ချက်ကျွေးရမှ စိတ်ကျေနပ်သည်။ အမေကြိုက်အတွက်ဆိုလဲ ရှိတာလေးနဲ့ဖွယ်ဖွယ်ရာရာ အရသာရှိအောင် မိဝိုင်းချက်ပြုတ်နိုင်သည်။

ဒီနေ့လဲ ရွာတောင်ပိုင်းအရီးသိန်းတို့အိမ်က ဝက်ပေါ်သည်ဆိုလို့ မိဝိုင်း ဝက်သား၅၀ သားဝယ်လိုက်တယ်။ ဝက်သားခုတ်ထစ်ဆေးကြောနေရင်း

"အမေ ၊ ဝက်သားကို ဝက်သားနီအချိုချက်လေး ချက်ပေးမရလား "

မိဝိုင်းအမေးကို ဒေါ်ငွေမြိုင်ချက်ချင်းမဖြေသေးပဲ
ဒန်ကရားထဲကနေ ရေနွေးကြမ်းပန်းကန်ထဲ ရေနွေးငှဲ့ နှစ်ချက်သုံးချက်မှုတ်ကာ ရေနွေး တစ်ကျိုက်သောက်ပြီးမှ

" ညည်းမောင်တွေ ကြိုက်သလိုချက်ရုံပ ဟိုရက်ဆီက
အငယ်မ မိဇာလှမ်းထားတဲ့ သရက်သီးခြောက်တွေရှိတယ်မှတ်တာပဲ ဟော ..ဟို ထရံမယ်ချိတ်ထားတဲ့ပုတ်တောင်းထဲမယ်လဲ ဇီးဖြူသီးခြောက်နဲ့ ဖန်းခါးသီးလဲ ရှိတယ် ဟိုတစ်ခါရွာလာတဲ့ မန်းလေးက ညည်းအဖေအမျိုးတွေ ချက်ပြတဲ့ အမရပူရဟင်းလေးချက် ချက်ချင်ချက် ညည်းချက်ချင်တယ်ဆိုရင်ပြောတာနော် အမေကဘယ်လိုချက်ချက် စားတတ်တယ် ညည်းသဘော"

ဒေါ်ငွေမြိုင်ပြောပြီး ထုံးစံအတိုင်း ပြောင်းဖူးဖက်ဆေးလိပ်ကြီး မီးညှိပြီး ရဲခနဲရဲခနဲ​ဖွာနေတော့သည်။

ဆေးကြောထားတဲ့ ဝက်သားတုံးတွေထဲ ကြက်သွန်ဖြူထောင်းထည့် ၊ ဂျင်းထောင်းထည့် ၊ ကြက်သွန်နီထောင်းထည့် ဆားထည့်နယ်ပြီး အရသာဝင်အောင် ခနနှပ်ထားလိုက်သည်။

ဝက်သားခနနှပ်ထားတုန်း မိဝိုင်းက သရက်သီးခြောက် ဖန်းခါးသီးခြောက် နဲ့ဇီးဖြူသီးခြောက်တို့ကို ထည့်ပြုတ်လိုက်သည် ။


မိဝိုင်း ဖိုခနောက်ထဲ ထင်းထပ်ထည့်ကာ မြေအိုးထဲကို​ နှပ်ထားတဲ့ဝက်သားတွေထဲ ငပိနည်းနည်းနဲ့ ဆီထည့်ကာ လုံးချက်လေး ချက်လိုက်သည် ။ ဝက်သားလေးတွေ အကြောတင်းလာမှ ပြုတ်ပြီးထောင်းထားတဲ့ သရက်သီးခြောက်၊ ဇီးဖြူသီးခြောက် ၊ဖန်းခါးသီးခြောက် အနှစ်လေး မိဝိုင်းထည့်လိုက်သည်။ခဏကြာတော့ ရပါပြီ မိဝိုင်းရဲ့ အမရပူရဝက်သားဟင်းလေးချက်။

ပဲရာဇာကို ကြာဆံလေးနဲ့ အရည်သောက်ဟင်းချက်လိုက်သည်။ဟင်းလေးချက်အိုးကို ကြောင်အိမ်ထဲထည့်ကာ နှီးစကာတစ်လုံးယူပြီး အရွက်ကြော်တစ်ခွက်ဖို့ ခြံနောက်ကန်စွန်းခင်းထဲ မိဝိုင်းထွက်လာခဲ့သည်။

အိမ်ရှေ့ စဥ့်အိုးထဲကရေနဲ့ ကန်စွန်းရွက်တွေကို မိဝိုင်းသေချာဆေးလိုက်သည်။ ကြက်သွန်ဖြူနဲ့ ခြံနောက်ကတစ်ပါထဲခူးလာတဲ့ ငရုပ်သီးစိမ်းဆီသပ်ပြီး ကန်စွန်းရွက်ကြော် တစ်ဒယ်ကြော်လိုက်သည်။ ဟင်းအားလုံးကျက်သွားတော့ မိဝိုင်းခူးခပ်ပြီး ကြောင်အိမ်ထဲကဟင်းလေးချက်အိုးထုတ်လိုက်တော့ နည်းသွားတယ်လို့ စိတ်ထဲထင်လိုက်မိသည်။ ထင်တာမဟုတ်ဘူး နည်းကိုနည်းသွားတာ။

"ဟဲ့ ဖိုးသာ နဲ့ ဖို့းလှ နင်တို့ ကြောင်အိမ်ထဲကဟင်းလေးချက်တွေနှိုက်စားကြသေးလား "

" ဟာ.မမမိဝိုင်းကလဲ ကျုပ်တို့မစားပေါင်ဗျာ၊ စားချင်ရင်ပြောပြီးမှစားမှာပ"

"မိဇာ ညည်းရောနှိုက်စားမိနေလား"

ဒေါ်ငွေမြိုင်ပန်းကန်ထဲ ဝက်သားသုံးထပ်သားတစ်တုံး လှမ်းဦးချနေရင်း မိဇာက မိဝိုင်းအမေးကို ပြန်ဖြေလိုက်သည်။

"အလိုတော် ။ ကြံကြီးစီရာနှယ် ၊ အိုးစွပ်မစားခွက်စွပ်မစား ။ လူကိုသူခိုးငြိုးရောမယ် မမမိဝိုင်းနှယ်။

" မေးကြည့်ရတာပလို့ ၊ ငါချက်ထားတာ များတယ်မှတ်တာ ၊အခုနည်းသွားတယ် မှတ်လို့ပအေ"

ဒီနေ့ညနေထမင်းဝိုင်းကတော့ဖြင့် တော်တော့်ကိုမြိန်ပါရဲ့။ ဟင်းလေးချက်တစ်အိုးလုံးကို ပြောင်တလင်းခါသွား​သည်။ပဲကြာဇံဟင်းချိုနဲ့ ကန်စွန်းရွက်ကြော်ပင် သိပ်မတို့ကြ။

လက်ဆေးရေအင်တုံထဲ လက်နှိုက်ဆေးပြီး ဖျင်လက်သုတ်ပါဝါကြီးနဲ့ လက်သုတ်နေရင်း ဒေါ်ငွေမြိုင်က

"ဖိုးသာနဲ့ဖိုးလှ မင်းတို့အကိုကြီး ဖိုးမြအိမ်သွားပြီး အမေကခေါ်ခိုင်းတယ် သွားပြောချေ ငါ့ခေါင်းအုံးအောက်ကဖျင်အိတ်ရှုံ့ ထဲမယ်တစ်ရာယူသွား အပြန် မမြအုန်းသမီးဆိုင်က ပြောင်းဖူးဖက်ဆေးလိပ်ဝယ်ခဲ့"

ပုဆိုးစုတ်တစ်ထည်နဲ့ ထမင်းစားပွဲပေါ် သန့်ရှင်းရေးလုပ်နေတဲ့မိဇာက ဒေါ်ငွေမြိုင်ကို..

"အမေ့နှယ် ၊ ကိုဖိုးမြကို ဘာလို့သွားခေါ်ခိုင်းရတာတုန်းတော်ကြာ သူ့မိန်းမက ကျုပ်တို့အိမ်ဝင်ထွက်တာ ကြိုက်ချင်မှကြိုက်မှာ သောင်သောင်သာသာရှိတဲ့ သူ့မိန်းမ မရွှေဥက ကိုဖိုးမြကကျုပ်တို့အိမ်ကို ခိုးပေးနိုး၊ ခိုးကျွေးနိုးထင်လိမ့်မယ် အခုသွားခေါ်ခိုင်းတာ ဘာအခန့်ရှိလို့တုန်း"

"အိုအေ. ငါ့သားငါ့အိမ်လာတာ ဘာပြုသေးသတုန်းအေ၊
ဒင်းမကျေနပ်တော့ရော ငါကဂရုစိုက်ရိုးလား အခန့်ရှိမှ
မိဘအိမ်ကို သားသမီးလာရရိုးလား ဒင်းကရွှေဥဆို ငါကလဲငွေမြိုင်ပါအေ့ "

မီးဖိုချောင်ထဲ အိုးခွက်ပန်းကန်ဆေးနေတဲ့ မိဝိုင်းတော့ဘာမှဝင်မပြောပဲ နေလိုက်သည် ။

ဖိုးသာနဲ့ဖိုးလှတို့ နှစ်ယောက်နဲ့အတူတူ ကိုကြီးဖိုးမြပါလာသည်။ သူ့သားကြီးဖိုးမြကို မြင်တာနှင့် ဒေါ်ငွေမြိုင်မျက်နှာကြီးက လပြည့်ညထွက်တဲ့လမင်းပမာ ဝင်းပသွားရတော့သည်။ သောက်လက်စ ရေနွေးကြမ်းပန်ကန်းကိုချပြီး မီးဖိုချောင်ထဲရှိ မိဝိုင်းအား

"မိဝိုင်း နင့်အကိုဖိုးမြပါလာတယ် ထမင်းခူးလိုက်ဟေ့
လာ..ဖိုးမြ... မင်းနှမချက်ထားတဲ့ ဟင်းလေးချက်လေးနဲ့အမေကထမင်းစားစေချင်လို့ အခေါ်လွှတ်လိုက်တာ ဘာအခန့်မှမရှိပေါင်ဘူး"

ထမင်းခူးနေတဲ့ မိဝိုင်းလန့်သွားသည် ။ ပဲနီလေးကြာဇံဟင်းနဲ့ ကန်စွန်းရွက်ကြော်ပဲရှိတော့သည်။ ဟင်းလေးချက်က ခုနကမိသားစုလိုက် တစ်အိုးလုံးပြောင်လွေးပြီးသွားပြီကိုး။

"အမေ့ ၊ ဟင်းလေးချက်ကမရှိတော့ဘူးလေတော်၊
စောစောကပဲ အမေနဲ့ကျုပ်တို့မောင်မတွေစားတာ အိုးပြောင်ရောပဲလေ"

ဒေါ်ငွေမြိုင်လှမ်းအော်လိုက်သော စကားကြောင့် မိဝိုင်းပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

ဒေါ်ငွေမြိုင်လှမ်းအော်လိုက်သည်က.....

"ထမင်းခူးမှာသာခူးခဲ့စမ်းပါအေ လျှာရှည်ပါဘိနှယ်
ညည်းကန်စွန်းရွက်သွားခူးနေတုန်း ကြောင်အိမ်ထဲက ဟင်းလေးချက်အိုးထဲက တစ်ပန်းကန်လုံးစာငါခပ်ထားတယ် ကြောင်အိမ်အောက်ဆုံးထပ်မယ် ဝှက်ထားတယ် နင့်အကိုဖိုးမြကိုကျွေးလိုက် ဟိုအိမ်မယ်ကျ ငါ့သားလေးအစားဆင်းရဲ အနေဆင်းရဲရှာမှာ..."

ဖိုးမြကတော့ထမင်းနဲ့ ဟင်းလေးချက်ကို
လက်ခယ်နဲ့ လက်သန်းကြွယ်မှာဝတ်ထားတဲ့ရွှေထူထူအိအိလက်စွပ်ကြီးတွေ မြုပ်လုနီးပါ နယ်ကာနယ်ကာ အားရပါးရ စားလေတော့သည်။
အယ်ဟုန်သော်(မယ်လတ်)

https://d37prn8pxyven1.cloudfront.net/3706d2a5366546bb92a8a351982aa546/img/2024-08-17T01:41:46.019943.jpg

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကိုယ့်ကိုယ်ကိုယ်ကုစားနည်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) အကျင့်ဆိုးဖျောက်နည်း