Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

15/08/2024

တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ဖို့လိုတယ်

7 mins read
Personal Development
General Knowledge
တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ဖို့လိုတယ်'s photo

အလုပ်အရမ်းများတဲ့သူတွေမှာ စိတ်ဖိစီးမှုတွေဖြစ်လေ့ရှိတယ်။ ဒီကိစ္စက မလုပ်ရသေးဘူး၊ ဟိုကိစ္စက ပေါ်လာပြန်ပြီ။ ဒီပြဿနာက မရှင်းရသေးဘူး၊ နောက်ထပ်ပြဿနာတွေက ပေါ်လာပြန်ပြီ။ ဟိုမှာလည်းအလုပ်၊ ဒီမှာလည်းအလုပ်။ ဟိုမှာလည်းပြဿနာ၊ ဒီမှာလည်းပြဿနာ။ ကြာလာတော့ သပွတ်အူကို လှည်းနင်းထားသလို၊ တံခွန်ကုက္ကား ကျွဲလျက်ထားသလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဘယ်နေရာကနေ အစဆွဲထုတ်လို့ ထုတ်ရမှန်းကို မသိတော့ဘူး။

အလုပ်တွေကများလာ၊ များပြီးရင်းကို ပိုပိုရှုပ်လာတော့ စိတ်တွေကရှုပ်၊ ခေါင်းတွေကပူ၊ လူတစ်ကိုယ်လုံး ထူပူပြီးတော့ ဘာမှကို မစဉ်းစားနိုင်တော့လောက်အောင် ဖြစ်သွားတတ်တယ်။ တစ်ချို့ အရမ်းထက်မြက်တဲ့သူတွေ ကတော့ တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ အလုပ်နှစ်ခုသုံးခုကို လုပ်နိုင်ကိုင်နိုင်တယ်၊ ဖြေရှင်းဆုံးဖြတ်နိုင်ကြတယ်လို့ ကြားဖူးပါတယ်။ ပါးစပ်ကဖုန်းပြောရင်းနဲ့ ပြောနေတဲ့ကိစ္စမဟုတ်တဲ့ စာတစ်စောင်ကို ရေးနေတာ၊ ဖုန်းနှစ်လုံးကို ဟိုဘက်နားဒီဘက်နား နှစ်ဘက်နားထောင်ပြီး နှစ်ခုလုံးကိုလိုက်မှတ်နိုင်တာတွေရှိတယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် ဒီလိုမျိုးက သာမန်လူတွေလုပ်နိုင်ကြမှာမဟုတ်ပါဘူး။

အများအားဖြင့်ကတော့ တစ်ချိန်မှာအကြောင်းအရာတစ်မျိုးတည်းကိုသာ စဉ်းစားဖြေရှင်းနိုင်ကြတာ ဖြစ်ပါတယ်။ ခက်တာက အဲ့သလို တစ်ချိန်တည်းမှာ တစ်ခုတည်းကိုသာ စဉ်းစားနိုင်တဲ့သူက နှစ်ခုသုံးခုကို တစ်ပြိုင်နက် စဉ်းစားချင်၊ ဖြေရှင်းချင်နေတတ်တယ်။ တစ်ဘက်မှာလည်း ဘဝပေးအခြေအနေတွေက တွန်းပို့လိုက် တော့ ကျဉ်းထဲကြပ်ထဲမှာ ပြဿနာတွေက စုပြုံထိုးပြီး ပြွတ်သိပ်ညပ်အောင်ရောက်လာတတ်တော့ တစ်ခုပြီးမှ တစ်ခု ကိုင်တွယ်ရမယ်ဆိုရင်လည်း ဒီဟာကိုအရင်လုပ်မယ်ဆိုပြန်တော့ ဟိုဟာကလည်းအရေးကြီးသတဲ့။ ဟိုဟာဘက် လှည့်ပြန်တော့ ဒီဟာကလည်း မဖြေရှင်းရင်မဖြစ်တော့ဘူးတဲ့။

ဘယ်ဟာကိုအရင်လုပ်ရမယ်ဆိုတာ မဝေခွဲနိုင်ဖြစ်နေတဲ့အချိန်မျိုးမှာ တစ်ခုလုပ်လိုက် မှားလိုက်၊ နောက်တစ်ခုလုပ်လိုက် မှားလိုက်နဲ့ လုပ်သမျှက အရာရာနဲ့အကြောင်းကြောင်းတွေချည်းဖြစ်ကုန်တတ်တယ်။ အကုန် ဗြောင်းဆန်ကုန်တယ်။

လုပ်ရကိုင်ရမယ့်ဟာတွေများလာတဲ့အချိန်ကျရင် ဘယ်ဟာက ပိုအရေးကြီးသလဲ၊ ဘယ်ဟာကို ဦးစားပေး အဆင့်တစ်၊ ဘယ်ဟာကိုတော့ ဦးစားပေးအဆင့်နှစ် စသည်အားဖြင့် ရှေ့နောက်စီစဉ်တတ်ဖို့အရေးကြီးလာတယ်။ တစ်ခါတစ်ခါကျတော့ ရှေ့ကိုပို့ရမယ့်ဟာနောက်ပို့မိပြီး နောက်ပို့ရမယ့်ဟာတွေကို ရှေ့တန်းတင်မိပြန်ရော။ အဲ့သလိုလေး ရှေ့နောက်လွဲလိုက်မိတာနဲ့ ဘ၀ကလည်း ဦးစောက်ကျွမ်းပြန်တွေလိမ့်ကုန်ရော။ ဦးစားပေးအဆင့်က မမှန်၊ မမှန်တော့ အရင်ဖြေရှင်းရမယ့်ဟာကို မဖြေရှင်းဘဲထား။ မဖြေရှင်းဘဲထားတော့ ပြဿနာက ကြာလေလေ ကြီးထွားလာလေလေဖြစ်လာ။ ဒီလိုနဲ့ပဲ ဘယ်လိုမှမတတ်နိုင်တော့တဲ့ကိစ္စကြီးအဖြစ်ပြောင်းလဲသွားတတ်တာမျိုး။

ဦးစားပေးအဆင့်တွေကို မှန်မှန်ကန်ကန်စီတတ်ပြီဆိုဦးတော့ တစ်ခုချင်းတစ်ခုချင်း ကိုင်တွယ်ဖြေရှင်း ရမယ့်ဟာလေးတွေကို အချက်ကျကျ ဖြေရှင်းနိုင်ဖို့ လိုလာပြန်ရော။ အချိန်မီအချိန်ကိုက်မဖြေရှင်းနိုင်ရင် ဒီတစ်ခုမှ မပြီးသေးဘူး၊ နောက်တစ်ခုကပေါ်လာပြန်ရော။

တစ်ခါတုန်းက စာသိပ်မရေးတတ်တဲ့သူက ရွာလူကြီးလုပ်နေသတဲ့။ ဧည့်စာရင်းတိုင်ရသေးတဲ့ခေတ် ဆိုတော့ တစ်ရပ်တစ်ကျေးကလူတွေ ညအိပ်ညဉ့်နေလာတည်းရင် ရွာလူကြီးအိမ်လာပြီး သတင်းပို့ကြရတယ်။

လူတစ်ယောက်ရောက်လာတယ်။ နာမည်ဘယ်သူလဲလို့မေးတယ်။ ရေးလိုက်တယ်။ နေရပ်လိပ်စာ မေးတယ်။ သခွတ္တနယ်ကတဲ့။ ခက်ပြီ။ သခွတ္တနယ်ကို ဘယ်လိုစာလုံးပေါင်းရမှန်းမသိဘူး။ အကြိမ်ကြိမ်အခါခါ စဉ်းစားပေမယ့် ဒီရွာနာမည်ကို ဘယ်လိုရေးရမယ်ဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ နေပါဦးကွာ၊ ဖြည်းဖြည်းပေါ့၊ မင်းဟာကသိပ်အရေးမကြီးပါဘူး၊ လက်ဖက်လေးစားပါဦး၊ ရေနွေးလေးသောက်ပါဦးဆိုပြီး နွားကျွေးရလို့ အလုပ်ရှုပ်နေသလိုလို၊ နွားစာစဉ်းနေရလို့ပဲ မအားသလိုလိုနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ပြီး အချိန်ဆွဲနေလိုက်တယ်။

ဒီလိုနဲ့ အချိန်ဆွဲနေတုန်း နောက်ထပ်တစ်ယောက်က ဧည့်စာရင်းလာတိုင်တယ်။ ဘယ်ကလဲလို့ မေးလိုက်တော့ အလ္လကပ္ပကတဲ့။ သခွတ္တနယ်မှမပြီးသေးဘူး၊ အလ္လကပ္ပကထပ်ရောက်လာပြန်တော့ မခက် ပေဘူးလား။

ဒီလိုပါပဲ။ ကိုယ့်ရဲ့လက်တွေ့ဘ၀မှာလည်း သခွတ္တနယ်မှမပြီးသေးခင် အလ္လကပ္ပက ထပ်ရောက်လာတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီတစ်ခုက ရှင်းမပြီးသေးဘူး၊ နောက်တစ်ခုကလာပြန်ပြီ။ အဲ့ဒီအချိန်မှာ ကိုယ်ဖြေရှင်းရမယ့် ကိစ္စတစ်ခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ကိုင်တွယ်နိုင်ဖို့တော့လိုမှာပဲ။

ဟုတ်တယ်။ တစ်ချို့ကိစ္စတွေက ကျွမ်းကျင်တဲ့သူအဖို့ဘာမှမဖြစ်လောက်တဲ့ကိစ္စလေးဖြစ်ပေမယ့် မကျွမ်းကျင်သူအဖို့မှာတော့ ချာလပတ်ကိုလည်နေရော။ ဘိလပ်မြေအိတ်ကလေး၊ ဆန်အိတ်ကလေးတွေကို ထိပ်က ချုပ်ရိုးဖြည်ပြီးဖွင့်တယ်ဆိုပါစို့။ သိပ်မလုပ်တတ်တဲ့သူဆိုရင် ဒီနားကအစလေးကိုက်ဖြတ်လိုက်၊ ဟိုဘက်တိုးပြီး ကိုက်ဖြတ်လိုက်နဲ့ တော်တော်လက်၀င်တဲ့ကိစ္စ။ စိတ်ကိုမရှည်နိုင်စရာ။ လုပ်တတ်တဲ့သူအတွက်ကျပြန်တော့ အလွယ်လေး။ အစလေးတစ်ခုကိုဆွဲထုတ်လိုက်တာနဲ့ အကုန်အဆင်ပြေသွားတယ်။ ဒီလိုပါပဲ။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အဓိကကျတဲ့ပွိုင့်တစ်ခုတော့ ရှိနေတတ်စမြဲပါ။ ဒါကိုရအောင်ရှာပြီးတော့ ကိုင်တွယ်ဖြေရှင်းနိုင်ရင် အဆင်ပြေတာ ပါပဲ။

ပြဿနာတစ်ရပ်အပေါ်မှာ တုန့်ပြန်တဲ့စိတ်အခြေအနေအပေါ်မူတည်ပြီးတော့လည်း ဒီကိစ္စကို ဖြေရှင်းနိုင်ခြင်း၊ မဖြေရှင်းနိုင်ခြင်းက ကွဲပြားသွားတတ်ပြန်တယ်။ တစ်ချို့က စိတ်အရမ်းပူတတ်တယ်။ တစ်ခုခုတဲ့ဟေ့ဆိုတာနဲ့ ခြေမကိုင်မိ၊ လက်မကိုင်မိတွေဖြစ်ကုန်ရော။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။ ဒီလိုဆိုရင်လည်း မဖြစ်ဘူး။ တစ်ချို့ကျတော့လည်း ပြဿနာတစ်ခုမရှိလိုက်နဲ့၊ ရှိလိုက်တာနဲ့ အုန်းဒိုင်းဖုန်းခွမ်း ဆိုတာမျိုး ထလုပ်တတ်တယ်။ အရမ်းသွေးဆူတတ်တယ်။ သူ့ဆီကိုရောက်သွားတဲ့ကိစ္စရပ်တိုင်းက သေးတဲ့အမှုက ကြီးသွားပြီးတော့ ကြီးတဲ့အမှုက ရှင်းမရနိုင်တော့လောက်အောင် ဆိုးရွားသွားတတ်တယ်။ အဲ့သလို ပိုပိုဆိုးသွားတာ ကိုပဲ အဟုတ်ထင်နေပြန်ရော။

တစ်ချို့ကတော့ ခိုတွေလိုပဲ။ ဘာရယ်လို့မပြောလိုက်နဲ့၊ ပြောလိုက်တာနဲ့စပြီး ညည်းပြတော့တာပဲ။ ဟိုဟာကလည်းမရှိဘူး၊ ဒီဟာကလည်း မကောင်းဘူး။ ဘယ်အပိုင်းကလည်းအားနည်းနေတယ်၊ ဘယ်အပိုင်း ကလည်း အားနည်းနေတယ်။ ဒီကိစ္စကို ဘယ်လိုများရှင်းရပါတော့မလဲဆိုပြီး ဘာမှလုပ်မကြည့်ရသေးခင်မှာပဲ မပြီးနိုင်မစီးနိုင်အောင် ညည်းနေတော့တယ်။ သူပြောပုံတွေကြည့်ပြီး ဘေးကလူက သနားရတော့မလိုလို၊ သူ့အလုပ်ကို ကိုယ်သာ၀င်လုပ်လိုက်ရတော့မလိုလို တွေဖြစ်ကုန်တော့တယ်။

တစ်ချို့က စိတ်မြန်ကိုယ်မြန်သမား။ တစ်ခုခုဆိုတာနဲ့လုပ်ပြီးသွားပြီ။ သူ့အားနည်းချက်ကတော့ စေ့စပ် သေချာမှုနည်းတာပဲ။ အလျင်စလိုလုပ်လိုက်တော့ လိုအပ်ချက်တွေကများသွားတတ်တယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ယောက်ယက်ခတ်နေတယ်။ စိတ်ကမငြိမ်ဘူး။ ဂနာမငြိမ်ဘူး။ ပျာယီးပျာယာနိုင်လွန်းတယ်။ အများအားဖြင့်တော့လည်း ပျာသလောက် ဖွဲမထွက်အောင်ဖြစ်ရရှာတယ်။

ပျာယာခတ်တဲ့သူနဲ့ ဆန့်ကျင်ဘက်ကတော့ သွေးအေးတတ်လွန်းသူတွေပါ။ ဘာအလုပ်တွေပဲရှိနေရှိနေ၊ ဘာအလုပ်တွေပဲ အရေးတကြီးဖြစ်နေသည်ဖြစ်စေ အေးတိအေးစက် လေးတိလေးကန်ပဲ အလုပ်လုပ်လေ့ရှိတယ်။ တစ်ဘက်က ဘယ်လောက်အသည်းအသန်အကူအညီတောင်းနေဦးတော့ ဖြည်းဖြည်းပေါ့ဆိုတာမျိုးနဲ့ တုန့်ပြန်တယ်။ တော်တော်ကို နေနိုင်လွန်းသူကြီးတွေပေါ့။

ကြုံလာသမျှ အခက်အခဲတွေကို လျှော့တွက်လွန်းတာလည်းမကောင်းဘူး။ ပိုတွက်လွန်းတာလည်း မကောင်းဘူး။ လျှော့တွက်လွန်းတော့ ဘာလုံ့လဝီရိယမှ မစိုက်ထုတ်။ အားမထည့်တော့ ဘာမှအကောင်အထည် မပေါ်တော့ဘူး။ ပိုတွက်လွန်းတော့လည်း စစ်မရောက်ခင်က မြားကုန်ပြီးဘာကိုမှ ရင်ဆိုင်နိုင်စွမ်းမရှိတော့ လောက်အောင်ဖြစ်နေလိမ့်မယ်ထင်တယ်။ ကိုယ့်ကိုယ်ကိုလည်း လျှော့တွက်လွန်းတာ၊ ပိုတွက်လွန်းတာတွေ မဖြစ်သင့်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုသာ စဉ်းစားရမှာပါ။

အကြောင်းပြချက်လေးတွေပေးတာလည်း များလွန်းရင်မကောင်းပြန်ဘူး။ ပြဿနာတစ်ခုကြုံလာပြီ။ ဒီအခြေအနေကို အကောင်းဆုံးဖြစ်အောင် ကိုယ်ဘာလုပ်ရမလဲ၊ ကိုယ်ဘာလုပ်နိုင်သလဲ၊ ကိုယ်ဘယ်လောက်အထိ လုပ်နိုင်သလဲ။ ဒါတွေကို အရင်စဉ်းစားတာကောင်းပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဟိုဟာကလည်းအဆင်မပြေဘူး။ ဒီဟာကလည်းအဆင်မပြေဘူး။ တကယ်ဆို ဒီဟာတွေက ဒီလိုတွေဖြစ်နေရမှာ စသည်အားဖြင့် ဆင်ခြေဆင်လက် တွေချည်း ထုတ်ပြနေရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

ဘယ်သူ့မှာပဲဖြစ်ဖြစ် အခြေအနေအရပ်ရပ်အပေါ်မှာ ဆင်ခြေကန်စရာအကြောင်းအချက်တွေကတော့ ကိုယ်စီကိုယ်စီရှိကြမှာပါပဲ။ သူများတွေလည်း ဒီလိုအခက်အခဲမျိုးတွေကို ကြိုးစားရုန်းကန်ပြီးတော့ ဖြေရှင်း သွားကြတာပါပဲ။ ကျော်လွှားသွားကြတာပါပဲ။ ကိုယ်လည်းသူတို့လို ကြိုးစားလိုက်ရုံပေါ့။ အားခဲလိုက်ရုံပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ဟိုဟာကြောင့်၊ ဒီဟာကြောင့်ဆိုပြီး လက်ညှိုးချည်းစွတ်ထိုးနေရင်တော့ ခေတ်သစ် အင်္ဂုလိမာလ တွေနဲ့တွေ့သွားနိုင်ပါတယ်။

ကြိုးစားရမယ်။ ဖြေရှင်းရမယ်။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အင်တိုက်အားတိုက်ဆောင်ရွက်ရမယ်။ တကယ်တမ်းကျတော့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှဆိုတဲ့စကားလုံးက တော်တော်ကိုကျယ်ပြန့်သွားပါတယ်။ ကိုယ့်အစွမ်းအစကို အလုံးစုံထုတ်သုံးနိုင်ဖို့တော့ လွယ်ပါ့မလားမသိဘူး။

ဒီနေရာမှာ ကိုယ့်ကိုယ်ကိုညာတတ်တာလေးတွေကိုလည်း သတိထားဦးမှဖြစ်မယ်ထင်တယ်။ တစ်ခုခုကို မဖြစ်မနေလုပ်ရတော့မယ်၊ ကြိုးစားရတော့မယ်ဆိုကာမှ သိပ်ပြီးတော့ အာရုံကမစိုက်ချင်ဘူး။ တစ်ခြားတစ်ခုခုကိုပဲ အာရုံရနေတယ်။ ဒီတော့ဘာလုပ်သလဲ။ ကြိုးစားချင်ယောင်ပဲဆောင်နေတယ်။ တကယ့်တကယ်ကတော့ စိတ်ပါ လက်ပါမလုပ်ဖြစ်ဘူး။ စိတ်ရောကိုယ်ရောနှစ်မထားတဲ့အခါကျတော့ ကိုယ်လုပ်သမျှလုပ်ငန်းတိုင်းကလည်း သိပ်ပြီး အရာထင်မှာမဟုတ်ဘူးပေါ့။ ဒီအခြေအနေမှာ ငါလည်းကြိုးစားနေတာပဲ၊ သူ့ဟာသူမအောင်မြင်တာတော့ ငါလည်း မတတ်နိုင်ဘူးဆိုပြီး ဆင်ခြေကန်ရင်းနဲ့ စိတ်နှလုံးကို ဒုံးဒုံးချလိုက်မိတတ်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ပြန်စဉ်းစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းတွေပြန်မေးသင့်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်အပေါ်မှာ တကယ့်ကို သေသေချာချာ အင်တိုက်အားတိုက်ကြိုးစားအားထုတ်နေဖြစ်ခဲ့ရဲ့လား ဆိုတာကိုပါ။ သေချာမလုပ်ဖြစ်ခဲ့ဘူးဆိုတာကိုတွေ့ရရင် ပြန်လုပ်ပေါ့။ ပြန်ကြိုးစားပေါ့။ တကယ်လုပ်ရင်တော့ အဟုတ်ဖြစ်တတ်ပါတယ်။ အချိန်လည်းမီပါသေးတယ်။ နောက်မကျသေးပါဘူး။ ဘယ်အရာမှ နောက်ကျသွားတယ် ဆိုတာမရှိပါဘူး။ တစ်ခုခုကို အမှန်တရားအတိုင်း၊ ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း သိလိုက်ရပြီ ဆိုရင် အဲ့ဒီအချိန်ဟာ ကိုယ်သိတဲ့အသိတစ်ခုကို စတင်အကောင်အထည်ဖော်ဖို့အတွက် အချိန်ကောင်းပါပဲ။

အလုပ်တစ်ခုကို အမှန်တကယ်လုပ်တာကိုင်တာထက် တစ်ချို့ကလည်း ဒီဟာအပေါ်မှာ ကိုယ်ကြိုးစားပြီး လုပ်ကိုင်ဆောင်ရွက်ပါတယ်ဆိုတဲ့ ပတ်၀န်းကျင်ရဲ့ထင်မြင်ချက်တစ်ခုရရုံ၊ နာမည်ကောင်းတစ်ခုရရုံအတွက်သာ လုပ်ကိုင်တာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒီလိုမျိုးလုပ်တာထက် တကယ့်ကို စိတ်ပါလက်ပါ ကြိုးစားဆောင်ရွက် တာမျိုး၊ မှန်မှန်ကန်ကန်ဆောင်ရွက်တာမျိုးကို ပိုပြီးလိုလားသင့်ပါတယ်။

နောက်တစ်ခါ မှန်မှန်ကန်ကန်ဖြေရှင်းတာထက် ပုံမှန်ဖြေရှင်းဆောင်ရွက်သွားဖို့လည်း လိုနေပြန်တယ်။ ကောက်ရိုးမီးလိုစိတ်ထားမျိုးနဲ့ ဟုန်းခနဲလောင်ပြီး ဟုတ်ခနဲငြိမ်းသွားတာမျိုးနဲ့ဆိုရင်တော့ သိပ်အဆင်ပြေမှာ မဟုတ် ပါဘူး။ ဇွဲရှိရမယ်။ အချိန်မှန်ရမယ်။ ဒီကနေ့တော့စိတ်ပါလက်ပါရှိလို့ လုပ်လိုက်ပြန်ပြီ။ နောက်နေ့ကျတော့ မေ့သွား ပြန်ပြီဆိုတာမျိုးလုပ်ဖို့မသင့်ပါဘူး။ အလုပ်တစ်ခုကို တစ်ရက်ကိုဘယ်အချိန်ကနေစ၊ ဘယ်အချိန်ကျရင်ဆုံးမယ်။ ဒါဆို နောက်ရက်တွေမှာလည်း အဲ့ဒီအတိုင်းပဲ ဖြစ်နေသင့်ပါတယ်။ စိတ်ပါတဲ့အခါလေးပဲ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် လုပ်နေပြီးတော့ စိတ်မပါတဲ့အချိန် ချောင်ထိုးထားလို့မဖြစ်ပါဘူး။
နောက်တစ်ခုက ကိုယ့်ရဲ့ထင်မြင်ယူဆချက် မလွဲဖို့ သိပ်အရေးကြီးပြန်ပါတယ်။ သုံးသပ်ချက်လွဲမသွားဖို့ အရေးကြီးပါတယ်။ ဘယ်အခက်အခဲကိုပဲဖြစ်ဖြစ် သေသေချာချာ ရင်ဆိုင်ကျော်လွှားရင် အောင်မြင်နိုင်မယ် ဆိုတာလေးကိုတော့ ခေါင်းထဲမှာ ရိုက်သွင်းထားဖို့လိုပါလိမ့်မယ်။ ဖြစ်မှာမဟုတ်ဘူး၊ ရမှာမဟုတ်ဘူးဆိုတာမျိုးချည်း အောက်မေ့နေရင်တော့ တကယ်လည်း ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုမဟုတ်ဘဲ ရပါတယ်ကွာဆိုပြီး ပေါ့ပေါ့ဆဆတွေးတောလုပ်ကိုင်ရင်လည်း အဆင်မပြေနိုင်ပြန်ပါဘူး။

အဓိကကတော့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကြုံလာသမျှလောကဓံတွေအပေါ်မှာ ကြည်လင်ရွှင်လန်းတဲ့ စိတ်နှလုံးလေးနဲ့၊ စိတ်ရွှင်လက်ရွှင်နဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့လိုပါတယ်။ လုပ်ရမယ့်လုပ်ငန်းတိုင်း ကိုလည်း တစ်ဆင့်ချင်း၊ တစ်ထစ်ချင်း၊ တစ်ခုပြီးတစ်ခု ဆောင်ရွက်သွားနိုင်ဖို့လိုပါတယ်။ အကန့်အကန့်လေးတွေ ခွဲပြီး ဝေဖန်သုံးသပ်နိုင်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လုပ်စရာတွေများလှချည်လားဆိုတာကိုချည်း အမြဲတမ်း တွေးနေရင်တော့ စိတ်မောလူမမောဖြစ်ပြီး ဘာကိုမှရင်ဆိုင်နိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး။ မလွဲမရှောင်သာ လုပ်နေကိုင်နေ ရတယ်ဆိုဦးတော့ စိတ်မကြည်မလင်နဲ့လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဘယ်နေရာမှာမှ သိပ်ပြီး ထိရောက်နိုင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ဘယ်ဟာကိုပဲလုပ်လုပ်၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့၊ စိတ်ကလေး ကြည်ကြည် လင်လင်နဲ့ ရင်ဆိုင်ဖြေရှင်းသွားရင်တော့ အရာအားလုံးမှာ အကောင်းဆုံးတွေချည်း ဖြစ်မလာရင်တောင်မှ မညံ့တဲ့ ရလဒ်တွေတော့ ရလာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

တိုက်တွန်းနေရတာပါပဲ။ စိတ်ကိုကြည်လင်အောင်ထားဖို့၊ ခေါင်းအေးအေးထားဖို့။ သူများကို တိုက်တွန်း ရတာကတော့ လွယ်ပါတယ်။ ကိုယ့်ဘာသာ လိုက်နာဆောင်ရွက်ရတာကျတော့ တော်တော့်ကို ခက်ခဲသွားပြီ။ တစ်ခါတစ်ခါ အလုပ်တွေများပြီးရင်းများနေတဲ့အချိန်မျိုးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။ ပုံမှန် လုပ်ရိုးလုပ်စဉ် အလုပ်ကိစ္စလေးတွေတောင်မှ ထူပူနေတဲ့အချိန်မှာ လုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းတွေ ဖြစ်ကုန်တတ်တယ်။ မှားကုန်တတ်တယ်။ လွဲကုန်တတ်တယ်။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချမှ ဖြစ်မယ်။ သူ့ကို မောင်းမထုတ်နိုင်ရင် ကိုယ့်အတွက်အခက်တွေ့နိုင်တယ်။

မဖြစ်ဘူး။ ဒါတွေကို ပြန်ပြင်မှရမယ်။ သူများကိုပြောနေတာထက် ကိုယ့်ကိုယ်ကိုလည်း ပြန်ပြင်နိုင်အောင် ကြိုးစားရဦးမယ်။ တကယ်တော့ ကြုံလာသမျှ အခက်အခဲအထုအထောင်း လောကဓံတရားတွေကို အပြုံးမပျက်ဘဲ စိတ်ကြည်ကြည် ခေါင်းအေးအေးနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ဖို့လိုတယ်ဆိုတာက အပြောလွယ်သလောက် တကယ့်လက်တွေ့မှာတော့ သိပ်မလွယ်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်လည်း သိတော့သိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် တစ်ဖြည်းဖြည်း ပြန်ပြင်ယူရမှာက ကိုယ့်တာ၀န်ပဲမဟုတ်လား။


သိုက်စိုးထွန်း(နတ်ရွာ)

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ထုတ်
The Voice Daily သတင်းစာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း