သိုက်စိုးထွန်း(နတ်ရွာ)
တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ကြတဲ့နေရာမှာ ဘာသာစကားတို့၊ စာပေတို့၊ ကိုယ်ဟန် အမူအရာတို့၊ ဆက်သွယ်ရေးနည်းပညာတို့ကို အသုံးပြုကြပေမယ့် နေ့စဉ်ဘ၀မှာ အများဆုံးသုံးနေကြရတာက စကားလုံးတွေပါ။ တစ်ယောက်ကိုတစ်ယောက် စကားပြောပြီးတော့ ဆက်သွယ်ကြတာက များပါတယ်။
ဟိုးငယ်ငယ်လေးကတည်းက၊ ဥမမည်စာမမြောက်အရွယ်လေးတွေကတည်းက စကားပြောခဲ့ကြတယ်။ စကားလုံးတွေနဲ့မပြောနိုင်သေးခင်မှာပဲ အမိ၀မ်းကလွတ်လာတဲ့အချိန်ကတည်းက အလိုမကျတဲ့အခါ အူဝဲ၊ အူဝဲ လို့အော်ငိုတယ်၊ သဘောကျတဲ့အခါ တစ်ခစ်ခစ်နဲ့ရယ်တယ်။ ကလေးလေး ငိုတာ၊ ရယ်တာလေးကိုကြည့်ပြီးတော့၊ ကလေးရဲ့အရိပ်အကဲလေးကို ကြည့်ပြီးတော့ လူကြီးမိဘတွေက လိုအပ်သလိုပြုစုယုယပေးခဲ့ကြရတာ။
ဟိုးငယ်ငယ်လေးကတည်းက ပြောလာခဲ့တဲ့စကား၊ ဒီနေ့အချိန်အထိ နေ့စဉ်နေ့တိုင်းပြောဆိုနေခဲ့တဲ့စကား၊ နောင်လည်းဆက်ပြီးပြောဆိုနေဦးမယ့်စကား။ ဒီစကားကို အခုအချိန်အထိ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ပြောတတ်ဆိုတတ်နေပြီလားလို့ ပြန်စဉ်းစားကြည့်စရာကောင်းပါတယ်။ သာမန်အားဖြင့်တော့ “ဟာ၊ လူပဲဗျ၊ မွေးကတည်းကပြောလာတာ၊ မပြောတတ်ဘဲနေမလားဗျ”လို့ ပြောကြမှာပဲ။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့် လိုက်တော့ ဒီစကားတွေကြောင့်ပဲ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေလွဲကြရပြန်ပြီ၊ တစ်ယောက်နှင့် တစ်ယောက် အထင်အမြင်တွေလွဲကြရပြန်ပြီ၊ ခွန်းကြီးခွန်းငယ်တွေ များကြရပြန်ပြီ၊ အမျက်ဒေါသတွေ ပွားကြရ ပြန်ပြီဆိုတာတွေက အများကြီးဆိုမှ အများကြီးရှိနေကြပြန်တယ်။
စကားလေးတစ်ခွန်းကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ရိုက်ခတ်မှုတွေဟာ ဘယ်လောက်တောင်ကြီးမားခဲ့သလဲ ဆိုတာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ ညွှန်းပြလို့မကုန်အောင်ရှိနေပါတယ်။ “ပေါင်မုန့်မရှိရင် ကိတ်မုန့် စားကြပေါ့”လို့ ပြောလိုက်တဲ့ ပြင်သစ်မိဖုရားမေရီအင်တွိုင်းနက်ရဲ့စကား။ “၀က်လက်ခိုးမသား”လို့ ပြောဆိုလိုက်တဲ့ နရသီဟပတေ့ဘုရင်ရဲ့စကား။ “ညီသားနောင်မယ်”လို့ပြောဆိုလိုက်တဲ့ စုက္ကတေးမင်းရဲ့စကား။ “ပန်းပွတ်သည် သားမြေးတွေကောင်းစားနေကြတော့ ပန်းပွတ်လုပ်မယ့်သူရှားနေလို့”လို့ ပြောဆိုလိုက်တဲ့ အမတ်ကြီးရာဇသင်္ကြန်ရဲ့ စကား။ “စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီးခြောက်တာမပါဘူး”လို့ပြောလိုက်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စကား။ ဒါက စကားလေးတစ်ခွန်းကြောင့် ဆိုးကျိုးတွေဘယ်လောက်အထိ ဖြစ်ပေါ်သွားခဲ့သလဲ ဆိုတဲ့အချက်ကို ထောက်ပြနိုင်တဲ့အဖြစ်အပျက်တွေထဲက အနည်းငယ်ပါ။ စကားလေးတစ်ခွန်းကြောင့် ရုံးရောက်ဂါတ်ရောက်ဖြစ်ပြီး အချုပ်တွေထောင်တွေကျသွားတာတွေလည်းရှိတယ်။ စကားလေးတစ်ခွန်းကြောင့် ကောင်းကျိုးတွေဖြစ်သွားရတာလည်း အများကြီးရှိခဲ့တာပါပဲ။ ပါရမီဓာတ်ခံ ရင့်သန်ကြသူတွေကတော့ စကားလေး တစ်ခွန်း၊ ဂါထာလေးတစ်ပုဒ် နာယူလို့မဆုံးမီမှာတောင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်အထိ ဆိုက်သွားခဲ့ကြသတဲ့။
ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာလည်းပဲ အဲ့ဒီစကားလေးတွေကြောင့်ပဲ တစ်ခါတစ်ခါ အရမ်းကိုထိခိုက်နာကျင် ခံစားခဲ့ကြရတယ်။ တစ်ခါတစ်ခါ အရမ်းကို ၀မ်းသာကြည်နူးခဲ့ကြရတယ်။ တစ်ခါတစ်ခါ အူလှိုက်အသည်းလှိုက် ရယ်မောခဲ့ကြရတယ်။ ပြောသူနှင့် နားထောင်သူတို့အကြားမှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စကားလေးတစ်ခွန်းဟာ တစ်ခါတစ်ခါမှာ ဘ၀နဲ့ချီပြီး ရိုက်ခတ်မှုတွေဖြစ်သွားခဲ့တယ်။ ဘ၀နဲ့ချီပြီးမဖြစ်ဦးတောင်မှ ဒီစကားလုံးလေးတွေ ကြောင့်ပဲ စိတ်ကသိကအောင့် ဖြစ်ကြရ၊ ထိခိုက်နာကျင်ကြေကွဲခြင်းတွေဖြစ်ကြရနဲ့ တော်တော့်ကို နက်နက်ရှိုင်းရှိုင်း ခံစားကြရပါတယ်။ ငယ်ငယ်လေး ကတည်းက ပြောဆိုလာခဲ့ကြတာဆိုပေမယ့် ဒီနေ့အချိန်အထိလည်း စကား အတတ်ပညာကို မကျွမ်းကျင်မပိုင်နိုင်သေးဘူး။ စကားကောင်းကောင်းမပြောတတ်သေးဘူးလို့ ဆိုရလိမ့်မယ်။ သုဂတဂုဏ်တော်ပိုင်ရှင် မြတ်စွာဘုရားက လွဲလို့ ကျန်တဲ့သူအားလုံးကတော့ စကားအရာမှာ ပြီးပြည့်စုံအောင် တတ်မြောက်ထားကြသူတွေ မဟုတ်ကြဘူးလို့ ပြောရမှာပါပဲ။
စကားအရာအင်္ဂါလေးတန်တဲ့။ သုဘာသိတာ-ကောင်းစွာပြောဆိုရမယ်တဲ့။ ပီယဝါစာ-ချစ်ခင်စဖွယ် ပြောဆို ရမယ်တဲ့။ သစ္စာ- မှန်ကန်ရမယ်တဲ့။ ဓမ္မ-တရားနှင့်လည်းညီရမယ်တဲ့။ ဒီလေးချက်လုံးနှင့် ကိုက်ညီအောင် ပြောတတ်၊ ဆိုတတ်နေပြီလားလို့ ပြန်စဉ်းစားကြည့်လိုက်တော့ သိပ်မသေချာဘူး။ ယောင်ဝါးဝါးပဲဖြစ်နေတယ်။
တကယ်တော့ စကားလုံးတွေဆိုတာ စောစောကပြောသလို မှန်မှန်ကန်ကန် ပြောနိုင်ဆိုနိုင်တယ်ဆိုဦးတော့ လေယူလေသိမ်း၊ အဖြတ်အတောက်၊ မျက်နှာအမူအရာ စတာတွေကြောင့်လည်း အဓိပ္ပာယ်တွေက အများကြီး ကွာဟသွားတတ်ပြန်ပါသေးတယ်။ ပြောတာကတော့ ဒီစကားလုံးပဲ။ ဒီအတိုင်းအတိအကျပဲ။ ဒါပေမယ့် ဖြတ်ရမယ့်နေရာမဖြတ်၊ ရပ်ရမယ့်နေရာမရပ်လို့၊ သံတိုသံရှည်ဆွဲတာမတူလို့ပဲ ဒီတစ်ယောက်ပြောတော့ အဓိပ္ပာယ်ကတစ်မျိုး၊ ဟိုတစ်ယောက်ကပြောပြန်တော့ တစ်မျိုး။ စကားလုံးတွေက အတူတူဆိုပေမယ့် ဘယ်လို လေသံနဲ့ပြောတာလဲ။ ချစ်တဲ့ခင်တဲ့လေသံလား။ ချိုသာအေးမြတဲ့လေယူလေသိမ်းလား။ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ လေယူလေသိမ်းလား။ မျက်လုံးအနေအထား၊ မျက်နှာအနေအထား၊ ခြေဟန်လက်ဟန်အနေအထားကရော ဘယ်လိုရှိသလဲ။
တစ်ခါတစ်ခါ ဒီတစ်ယောက်ထဲကပဲ ဒီနေရာလည်း ဒီစကား၊ ဟိုနေရာလည်း ဒီစကားပဲ ထပ်ပြီးပြောတာ တောင်မှ ဒီနေရာကလူသဘောပေါက်သွားပုံကတစ်မျိုး၊ ဟိုနေရာကလူ သဘောပေါက်သွားပုံကတစ်မျိုး။ သူတို့ရဲ့ သဘောပေါက်မှုအပေါ်မူတည်ပြီးတော့ ပြန်လည်တုန့်ပြန်ပုံတွေကလည်း ကွဲပြားသွားကြပြန်တယ်။ တစ်ခါတစ်ခါ ကျတော့ နေရာတစ်ခုတည်းမှာပဲ၊ လူတစ်ယောက်ထဲက စကားတစ်ခွန်းတည်းကို ပြောပြလိုက်တာတောင်မှ သဘောပေါက်နားလည်ပုံချင်းက တစ်ယောက်နှင့်တစ်ယောက် မတူကြပြန်ဘူးတဲ့။ နားထောင်သူအချင်းချင်း တစ်ခါတစ်ခါ အငြင်းအခုံတွေတောင်ဖြစ်ကြရတယ်။ “သူပြောသွားတာဒီလိုမဟုတ်ဘူး၊ ဒီလိုကွ” ဆိုတာမျိုးတွေနဲ့ အကြိတ်အနယ်ငြင်းကြခုံကြရတာမျိုးတွေဖြစ်ခဲ့ကြတယ်။
ပြောချင်တာကဒီလိုပါ။ စကားဟာ ကိုယ်ကိုယ်တိုင်သေသေချာချာ ဂရုတစိုက်ပြောပြလိုက်တာတောင်မှ ဒီတစ်ယောက်နားလည်ပုံကတစ်မျိုး၊ ဟိုတစ်ယောက်နားလည်ပုံကတစ်မျိုးကွဲနေသေးရင် ကိုယ်ပြောလိုက်တဲ့ စကားကို ကြားခံတစ်ယောက်ခံပြီး တစ်ဘက်လူဆီ တစ်ဆင့်စကားနဲ့ရောက်သွားတဲ့အချိန်မှာ ကိုယ်ဆိုလိုတဲ့ ဆိုလိုရင်းနဲ့ တစ်ဘက်လူသဘောပေါက်နားလည်သွားတဲ့ အဓိပ္ပာယ်နဲ့ ဘယ်လောက်များ ကွာဟသွားနိုင်ပါလိမ့်မလဲ ဆိုတဲ့အချက်ကို စဉ်းစားမိလို့ပါ။
ဒီသဘောတရားလေးနဲ့ပတ်သက်လို့ သင်တန်းတွေမှာလည်းလက်တွေ့စမ်းသပ်ကြည့်ခဲ့ကြတယ်။ သင်တန်း တွေမှာ လုပ်ကြတယ်လေ။ သင်တန်းသားအားလုံးရှေ့နောက်တန်းစီထားတယ်။ တစ်ယောက်နှင့်တစ်ယောက် ခပ်လှမ်းလှမ်း။ သင်တန်းဆရာက ရှေ့ဆုံးကလူကို စကားတစ်ခွန်း တိုးတိုးလေးပြောလိုက်တယ်၊ မေးလိုက်တယ်။ သူက သူကြားတဲ့အတိုင်းပဲ နောက်ကလူကို တိုးတိုးလေးပြန်ပြောပြလိုက်တယ်။ တိုးတိုးလေးမှ တကယ့်တိုးတိုး ကလေး။ ပြောသူနှင့် နားထောင်သူ နှစ်ကိုယ်ကြားကြားရတယ်ဆိုရုံကလေး။ အဲ့ဒီလူက သူ့နောက်ကလူကိုပြော၊ နောက်တစ်ခါ သူ့နောက်ကလူကို ထပ်ပြော။ ဒီလိုနဲ့ စကားတွေလက်ဆင့်ကမ်းလို့လည်းပြီးရော၊ နောက်ဆုံးလူ အလှည့်လည်းရောက်ရော သင်တန်းဆရာက နောက်ဆုံးသင်တန်းသားကို သူကြားရတဲ့စကားကို အကျယ်ကြီး အော်အပြောခိုင်းလိုက်တယ်။ နောက်ဆုံးသင်တန်းသားပြောလိုက်တဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ အကုန်လုံး ဝေါခနဲရယ်လိုက်ကြရတော့တာပဲ။ ဘာ့ကြောင့်လဲဆိုတော့ တစ်ဆင့်နှင့်တစ်ဆင့် လက်ဆင့်ကမ်းလာလိုက်တဲ့ စကားတွေက ဒီတစ်ဆင့်မှာ နည်းနည်းလေးကွဲ၊ နောက်တစ်ဆင့်မှာ နည်းနည်းလေးထပ်ကွဲ၊ ပြီးတော့ ထပ်ကွဲနဲ့ ကွဲလာကွဲလာလိုက်တာ တစ်ဖြည်းဖြည်းနဲ့ နောက်ဆုံးလူအလှည့်လည်းရောက်ရော၊ ရှေ့ဆုံးလူကို သင်တန်းဆရာ ပြောပြလိုက်တဲ့စကားနဲ့က စောက်ထိုးမိုးမျှော်တွေ၊ ဖီလာဆန့်ကျင်တွေဖြစ်ကုန်ရော။
ဒီလိုပါပဲ။ ကျွန်တော်တို့တစ်တွေရဲ့ နေ့စဉ်လူမှုဆက်ဆံရေးမှာ တစ်ဆင့်စကားဆိုတာတွေက အရမ်းအရေးပါ ပါတယ်။ အရေးကြီးပါတယ်။ အသုံးလည်းများကြပါတယ်။ ဘယ်သူကတော့ မင်းကိုဘယ်လိုတွေပြောနေတယ်နော။ ဘယ်သူကတော့ဖြင့် ဘယ်လိုတွေ ဝေဖန်နေတယ်။ ဘယ်သူကတော့ ဘယ်လိုပြောလွှတ်လိုက်တယ်။ ဘယ်သူ ကတော့ မင်းကိုချီးမွမ်းနေလေရဲ့ စသည်အားဖြင့် တစ်ဆင့်စကားတွေကို ကိုယ်တိုင်လည်းပြောနေဆိုနေကြသလို၊ ကိုယ်ကလည်း သူများဆီကတစ်ဆင့် ကြားနေကြရတယ်။
တစ်ခါတစ်ခါကျတော့ တစ်ဆင့်စကားလေးတွေက ချစ်စရာ ခင်စရာ၊ နှစ်လိုဖွယ်ရာလေးတွေ။ ဘယ်သူ ကတော့ဖြင့် ကိုယ်ကိုဘယ်လိုတွေအမွှမ်းတင်နေတာတဲ့ဆိုရင်ဖြင့် ပျော်လိုက်ကြရတာ၊ ကြည်နူးလိုက်ကြရတာ။ ဒီလိုပဲ။ ဘယ်သူကတော့ဖြင့် ဘယ်လိုပြောနေတယ်ဗျ၊ ဆင်ခြင်ဦးဗျ။ အဲ့ဒီလူက မင်းကို အပြတ်နှိပ်တော့မှာတဲ့ဗျ။ မျက်မုန်းကျိုးနေပြီတဲ့ဗျဆိုတာမျိုးကြားလိုက်ရရင်လည်း တကယ့်ကို စိတ်လက်မချမ်းမသာဖြစ်ကြရပြန်ရော။
တကယ်တော့ စဉ်းစားသင့်ပါတယ်။ အဲ့ဒီတစ်ဆင့်စကားဆိုတာတွေက တစ်ဘက်ကပြောလိုက်တဲ့စကား အတိုင်း၊ တစ်ဘက်လူပြောချင်ဆိုချင်တဲ့ဆိုလိုရင်းအတိုင်း အမှန်တကယ်ရော တိတိကျကျ ဖြစ်နေခဲ့ပါရဲ့လား ဆိုတာကို ပြန်လည်ဆန်းစစ်သင့်ကြပါတယ်။ သာမန်အားဖြင့်ကတော့ စကားဆိုတာမျိုးက သူ့ရဲ့စကားလုံး အတိုင်းပဲ စပြီးရင် စရာကနေတစ်ဖြည်းဖြည်း ကားကားသွားတတ်တာမျိုးပါ။
တစ်ဆင့်စကားတွေဟာ တစ်ခါတစ်ခါမှာ လူမှုဆက်ဆံရေးနယ်ပယ်ကို အရမ်းကြီး အနှောင့်အယှက် ပေးနေကြတယ်။ အစက အရမ်းချစ်ခင်ကြတဲ့သူနှစ်ယောက် တစ်ဆင့်စကားတွေကြောင့် သေတစ်ပန်သက်တစ်ဆုံး အမုန်းကြီးမုန်းသွားတတ်ကြတယ်။ အစကစည်းလုံးညီညွတ်နေခဲ့တဲ့ အဖွဲ့အစည်းတစ်ခုမှာ ကြားစကားတွေလည်း ၀င်လာရော၊ တစ်ယောက်နှင့်တစ်ယောက် မခေါ်နိုင်မပြောနိုင်ကြတော့လောက်အောင် တွေဖြစ်ကုန်ကြရော။ အကုန်ခွာပြဲကုန်တယ်။ ဝါးအစည်းပြေကုန်ကြတယ်။ လူကလေးသုံးယောက်ထဲရှိ၊ တစ်ယောက်က၀င်ပြီး ဟိုဘက်ဒီဘက် အကောက်ကြံ၊ ခလောက်ဆံလိုက်တာနဲ့ နှစ်ဖွဲ့ကွဲကုန်ရော။
ဒါ့ကြောင့် အဲ့ဒီတစ်ဆင့်စကားတွေရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့လိုလိမ့်မယ်လို့ ပြောချင်ပါတယ်။ တစ်ဆင့်စကားတွေကြောင့် တစ်ယောက်နှင့်တစ်ယောက် အမုန်းတွေမပွားကြရအောင်၊ သံသယတွေမ၀င်ကြ ရအောင်၊ ရန်မီးတွေမတောက်လောက်ကြရအောင် အထူးတလည်ကို သတိထားပြီး ပြောဆိုဆက်ဆံနေထိုင်ကြမှ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။
အလိုလိုနေရင်းကမှ စကားလုံးတွေရဲ့ အတိမ်အနက်က ပြောင်းလဲတတ်ပါတယ်ဆိုမှ မူရင်းပြောဆိုသူရဲ့ စကားတွေအပေါ်မှာ ပြန်လည်ဖောက်သည်ချသူရဲ့ အတ္တနောမတိတွေနဲ့ ရောယှက်ပေါင်းစပ်ချလိုက်တော့ နောက်ထပ်ကြားရသူ သဘောပေါက်နားလည်သွားတဲ့အဓိပ္ပာယ်က မူလကာယကံရှင်ရဲ့ ဆိုလိုရင်းနဲ့ တော်တော်လေးကို ကွာဟသွားတတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ စာနယ်ဇင်းကျင့်၀တ်မှာ “သတင်းရေးသားရာတွင် စာရေးသူ၏အာဘော် လုံး၀မပါ၀င်စေရ”လို့ ထည့်သွင်းထားကြတာဖြစ်ပါလိမ့်မယ်။ အာဘော်တွေ၊ အတ္တနောမတိ တွေရဲ့ အန္တရာယ်က ကြီးမားလွန်းလို့ ကျင့်၀တ်နဲ့တောင် ထိန်းသိမ်းယူရတဲ့အထိပါ။
ဒီသဘောလေးတွေကို နားလည်ထားပြီးတော့ တစ်ဆင့်စကားကြားရတဲ့အခါတိုင်း ပြန်လည်စဉ်းစား သုံးသပ်ကြည့်သင့်ပါတယ်။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဆိုတဲ့အတိုင်း အသေအချာချင့်ချိန်ပြီးမှ လက်ခံသင့်ပါတယ်။ ပြောလိုက်တယ်ဆိုတဲ့သူကဘယ်သူလဲ။ အခုကိုယ့်ရှေ့မှာလာပြောနေတာကဘယ်သူလဲ။ သူ့ရဲ့သဘောသဘာ၀က ဘယ်လိုရှိသလဲ။ စကားကိုအမြဲတမ်း တည်တည်တံ့တံ့ပဲ ပြောလေ့ဆိုလေ့ရှိတဲ့သူလား။ ခလောက်ဆန်တတ်တဲ့ သူလား။ အမွှေစိန်လား။ တို့မီးရှို့မီးသမားလား။ ဒါကိုချိန်ဆပြီးတော့မှ တစ်ဘက်ကပြောလိုက်တာကတော့ဖြင့် ဘယ်လိုဖြစ်နိုင်လောက်တယ်ဆိုပြီးတော့ ပြန်လည်သုံးသပ်ပြီးမှ ယုံကြည်သင့်ပါတယ်။ ချွန်တွန်းလုပ်တတ်တဲ့ အကျင့်ရှိတဲ့သူက နေရာတကာ ချွန်တွန်းတွန်းနေရမှကို ကျေနပ်တာမို့ ဒီလိုပုဂ္ဂိုလ်မျိုးတွေပြောတဲ့စကားကို သိပ်ပြီး နားမယောင်မိဖို့၊ တစ်ဘက်လူကို သွားပြီး ဒေါသတကြီးပြန်လည်မတုန့်ပြန်မိဖို့လိုပါတယ်။
တစ်ချို့ကတော့လည်း စကားအရှုပ်မခံဘူး။ ခပ်အေးအေးပဲနေတယ်။ သူကြားသမျှမြင်သမျှအရာတွေ အားလုံးထုတ်ဖော်မပြောဘူး။ သိုသိုသိပ်သိပ်ပဲနေလေ့ရှိတယ်။ ဒါပေမယ့် ပြောသင့်ပြောအပ်တဲ့စကားကို ပြောဖို့ဆိုဖို့ အချိန်ကျလာပြီဆိုရင်တော့ ချင့်ချင့်ချိန်ချိန်နဲ့ အသိပေးပြောဆိုလာလေ့ရှိတယ်။ သတိပေးလေ့ရှိတယ်။ ဒီလိုလူမျိုးက ပြောလာတယ်ဆိုရင်တော့ တကယ်ကို အရေးတယူ အလေးအမြတ်ပြုပြီး ဆင်ခြင်စရာရှိတာဆင်ခြင်၊ ပြုပြင်စရာ ရှိတာ ပြုပြင်ကြရမှာပါ။
တစ်ဆင့်စကားတွေ၊ ကြားစကားတွေကြားလာရပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ တုန့်ပြန်ပြောဆိုပုံက တကယ်အရေးကြီးပါတယ်။ သတိကိုတမံ၊ ဥာဏ်ကိုမြေကတုတ်ဆိုတဲ့ကိန်းမျိုးနဲ့ဆောင်ရွက်နိုင်မှ အဆင်ပြေမှာပါ။
“အေး၊ အဲ့ဒီကောင်က ငါ့ကိုဒီလိုပဲပြောလိုက်သလား။ ဟုတ်ပြီ။ ငါကလည်း ငါ့အကြောင်းသိအောင် ဒင်းကို ပြရသေးတာပေါ့”ဆိုတာမျိုးနဲ့ ရှူးရှူးရှဲရှဲသွားလုပ်လိုက်ရင်တော့ ပြဿနာက အေးဖို့လမ်းစမမြင်တော့ပါဘူး။ တစ်ဘက်ကပြောလိုက်တာကရိုးရိုး၊ ကြားခံလူကပြန်ပြောလိုက်တော့တစ်မျိုး။ ဒီလိုတွေဖြစ်ကုန်တော့ ဒီဘက်ကလည်း ဒေါသတစ်ကြီးနဲ့ ပြန်လည်တုန့်ပြန်။ ဒါကို ဟိုကလူလည်းကြားရော၊ ပြဿနာက ထပ်တက်ပြန်။ မပြီးနိုင်မစီးနိုင်တွေဖြစ်။
ကိုယ့်ကို စေတနာနဲ့လာပြောပေးတာလား။ ဒီလူရဲ့ပုံစံက ကိုယ့်အပေါ်မှာ ကောင်းရာကောင်းကျိုးဖြစ်ထွန်း စေချင်တဲ့ပုံ အမှန်တကယ်ပေါ်ပေါက်နေရဲ့လား၊ ဒါမှမဟုတ် ခလောက်ဆန်တဲ့သဘောနဲ့ ပိသုဏဝါစာ ကုန်း စကားတွေလာပြောနေတာလားဆိုတာကို အကဲခတ်နိုင်အောင် ကြိုးစားရမှာပါ။ ကိုယ်နှင့်သူအကြားမှာရှိနေတဲ့ ချစ်ချင်းခင်ခြင်းလေးကို ဖျက်ဆီးဟန့်တားလိုတဲ့သဘောမျိုးနဲ့ပြောနေတာဆိုရင်တော့ နောက်နောင်ကို ဒီလိုမျိုး မပြောသင့်ကြောင်း ဟန့်တားသင့်ရင် ဟန့်တားရမှာပါ။ တကယ့်ကို ကိုယ့်အကျိုးအတွက်ပြောနေတာဖြစ်ရင်လည်း လက်ခံသင့်သလောက်လက်ခံရမှာပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ သူပြောနေတာတွေက ဟိုဘက်ကလူ ပြောလိုက်တာတွေနဲ့ တစ်ထပ်တည်းတော့ ဘယ်လိုနည်းနဲ့မှ ကျနိုင်မှာမဟုတ်ဘူးဆိုတာလေးကို သတိချပ်ထားသင့် ပါတယ်။
တစ်ခါတစ်ခါကျတော့ သူကတော့ ကိုယ့်ကို စေတနာနဲ့လာသတိပေးတာမှန်တယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဥာဏ်အရကိုက ဟိုတစ်ဘက်က ပြောဆိုလိုက်တဲ့စကားအပေါ်မှာ အဓိပ္ပာယ်ကောက်ယူပုံတွေ အလွဲလွဲ အချော်ချော်တွေဖြစ်ကုန်တတ်တာကိုလည်း သတိပြုရဦးမယ်။ ဒီလိုအခါကျတော့ သူ့ရဲ့စေတနာလေးကိုပဲ ကြည့်ပြီးတော့ နားလည်ပေးနိုင်ရမယ်။ သြော်၊ ဒါသူ ဒီလိုပဲသဘောပေါက်လို့ ဒီလိုလာပြောရှာတာပါလား ဆိုပြီးတော့ သူ့ရဲ့စေတနာလေးအပေါ်မှာ အသိအမှတ်ပြုပေးသင့်ပါတယ်။ အမှန်ကတော့ ဘယ်လိုဆိုလိုတာပါဆိုတာလေး ကိုလည်း သူ့ကိုပြန်ပြောပြပေးလိုက်နိုင်ရင်လည်း ပြောပြပေးလိုက်သင့်တယ်။
တစ်ချို့ကကျတော့ အရာရာကို အေးတိအေးစက်နိုင်လွန်းတယ်ပဲပြောရမလား။ ဘယ်သူကဘာတွေပဲ လာပြောလာပြော၊ နကမ္ပတိ-မတုန်လှုပ်ဘူး။ မတုန်လှုပ်ဘူးဆိုတာ တည်ငြိမ်တာကိုပြောတာမဟုတ်ဘူး။ တစ်ဘက်လူကို အလေးမထားတဲ့ဟန်၊ ဂရုမစိုက်တဲ့ဟန်နဲ့ “သွားစမ်းပါကွာ၊ ဒါမျိုးတွေရိုးနေပြီ”ဆိုတဲ့ အပေါက်မျိုး ချိုးတယ်။ ဒီတော့ စေတနာမှန်နဲ့လာပြောရတဲ့သူက စိတ်ပျက်ရော။ တစ်ချို့ကကျတော့လည်း အလောတကြီးတုန့်ပြန်တယ်။ တစ်ခါတစ်ခါ ပထမလူကိုတောင် တစ်ခါတည်း လှမ်းခေါ်လိုက်ပြီးတော့ တည့်ရှင်းတယ်။ ကြားစကားပြောတဲ့လူရဲ့ရှေ့မှာပဲ တည့်ရှင်းတယ်။ “မင်းက ငါ့ကို ဒီလိုပြော နေတယ်ဆိုကွ၊ သူပြောမှသိရတော့တယ်။ ကိုင်းပြောစမ်းပါဦး၊ မင်းလိုကောင်ကငါ့ကိုဘာ့ကြောင့်ဒီလိုပြောရတာလဲ”ဆိုတာမျိုး။ ဒီတော့ မူလပြောလိုက်တဲ့သူက ဘာမှန်းညာမှန်းမသိဘဲ ပြဿနာတောထဲချက်ချင်းရောက်သွားရသလို ကြားစကား လာပြောတဲ့သူလဲ အကြပ်အတည်းဆိုက်သွားတာပေါ့။
ဒီတော့ ကိုယ်ကပြောမယ့်သူလား။ ဒါဆိုရင် ကိုယ့်စကားကို တစ်ဆင့်ပြန်ပြောမယ့်သူတွေရဲ့အန္တရာယ်ကို ကြိုတွေးပြီးတော့ အဓိပ္ပာယ်နှစ်ခွဖြစ်စေမယ့်စကားမျိုးကို အထူးရှောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် အနှောင့်အသွား မလွတ်တဲ့စကားတွေကို မပြောတာကကောင်းပါတယ်။ လူနှစ်ယောက်ကြားမှာ တစ်ခြားလူအကြောင်း ပြောတယ် ဆိုရင် ကောင်းရာကောင်းကြောင်းကိုပဲပြောတာကောင်းပါတယ်။ မကောင်းသတင်း၊ မကောင်းအတင်းကတော့ မပြောဘဲနေတာအကောင်းဆုံးဖြစ်မှာပါ။ ဘယ်နေရာမှာမှ သိပ်မပြောတာအကောင်းဆုံးပါ။ နံရံတိုင်းမှာ နားရှိသတဲ့။ ကိုယ်ပြောလိုက်တဲ့စကားက တစ်နေ့နေ့တစ်ချိန်ချိန်တော့ တစ်ဘက်ကာယကံရှင်ဆီရောက်သွားမှာမို့၊ ရောက်သွားမှာကလည်း မူရင်းအတိုင်းမဟုတ်ဘဲ ဖွပြီးသားလေး၊ ခပ်ဖွဖွလေးဖြစ်ပြီးမှ ရောက်သွားမှာမို့ မကောင်းသတင်း၊ မကောင်းအတင်းမှန်သမျှ လုံး၀မပြောဘဲနေလိုက်တာက အကောင်းဆုံးဖြစ်မှာပါ။
ကိုယ်က ကြားခံအနေနဲ့ စကားဖောက်သည်ချတတ်တဲ့သူလား။ ဒါဆိုရင်တော့ ပြင်သင့်ပါတယ်။ ဆင်ခြင်သင့်ပါတယ်။ တစ်ဘက်နှင့်တစ်ဘက် ချစ်ခင်ကြင်နာမှုတွေတိုးလာနိုင်မယ့်စကားမျိုးဆိုရင်တော့ များများ ပြောပေးပြီးတော့ ကိုယ်ဒီလိုပြောလိုက်လို့ ဟိုတစ်ဘက်မှာ ရန်မီးလေးတွေထတောက်သွားနိုင်တယ်ဆိုတာကို နည်းနည်းလေးဖြစ်ဖြစ် ကြိုရိပ်မိတယ်ဆိုရင် လုံး၀မပြောဘဲနေလိုက်တာက အကောင်းဆုံးပါ။ ဟိုတစ်ဘက်က အမှန်တကယ်ကို ရန်မူတဲ့စကားတွေပြောလွှတ်လိုက်တယ်ဆိုဦးတော့၊ ဒါက သူ့စရိတ်နှင့်သူသွားပါစေ၊ ကိုယ့် ပယောဂကြောင့် ဒီနှစ်ယောက်အကြားမှာ ရန်မီးပွားသွားတာမျိုးမဖြစ်အောင် ရှောင်ရမှာပါ။ သူပြောချင်ရင် သူ့ဘာသာတိုက်ရိုက်သာပြောပါစေတော့။ ကိုယ်ကတော့ ကြားမ၀င်တော့တာအကောင်းဆုံး။
ကိုယ့်ဆီလာပြီးပြောနေပြီလား။ ဆင်ခြင်သင့်ပါတယ်။ သုံးသပ်သင့်ပါတယ်။ ချင့်ချိန်ပြီးမှ ယုံသင့်ပါတယ်။ ဒီကနေ့ခေတ်မှာ အဲ့ဒီကြားစကားတွေကြောင့် ကမောက်ကမ၊ ကပြောင်းကပြန်ဖြစ်ခဲ့ကြရတာတွေ မနည်းလှဘူး ဆိုတာကို သေသေချာချာသတိလေးချပ်ပြီးတော့မှ ယုံသင့်တာယုံ၊ ပယ်သင့်တာပယ်လိုက်သင့်ပါတယ်။
ကြားလေသွေးလို့ ဝေးရတဲ့အဖြစ်တွေ ဝေးသထက်ဝေးကြပါစေ။
သိုက်စိုးထွန်း(နတ်ရွာ)
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ထုတ်
The Voice Daily သတင်းစာ
Keep Reading