Author's Profile Photo

SarPhat Author

14/03/2024

အောင်မြင်ချင်လား? ပျင်းစရာကောင်းတာတွေများများလုပ်

5 mins read
Life Style
Personal Development
Entrepreneurship
အောင်မြင်ချင်လား? ပျင်းစရာကောင်းတာတွေများများလုပ်'s photo

လူအများစုက လူငယ်ဘဝမှာ ပျော်ပျော်နေဖို့ ပြောလေ့ရှိတယ်။

ဒါပေမဲ့ ပျင်းစရာကောင်းတဲ့အရာတွေပဲ ကျွန်တော်တို့ကို ပိုပြီး တိုးတက်စေလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အော်စကာဆုပေးပွဲမှာ Oppenheimer ဇတ်ကားနဲ့ ဒါရိုက်တာဆု ရသွားတဲ့ Christopher Nolan ကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ 

ဒီဘဲက Smartphone တောင်သုံးတဲ့ လူမဟုတ်ဘူး။ သူ့ရဲ့ လက်ထောက်က email တွေ စာတွေကို သူ့အစား ပြန်ဖြေပေးရတယ်။

သူဟာ ဆိုရှယ်မီဒီယာတောင် တစ်ခါတလေမှ သုံးလေ့ရှိတယ်။ ဇတ်ညွှန်း ရေးတဲ့အခါမှာလည်း ဝိုင်ဖိုင်တောင် မချိတ်ထားတဲ့ ကွန်ပျူတာ အဟောင်းကြီးနဲ့ ရေးလေ့ရှိတယ်။ 

ဒီဘဲရဲ့ ဘဝဟာ တော်တော်ပျင်းစရာ ကောင်းပါလားလို့တွေးနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီပျင်းစရာ ကောင်းတဲ့အရာတွေကပဲ သူ့ကို အောင်မြင်မူတွေ ပိုင်ဆိုင်စေနိုင်ခဲ့တာပါ။ 

သူအဲ့ဒီလို အောင်မြင်မူတွေရနေတဲ့ အချိန်မှာ လူတော်တော်များက တော့ Facebook ပေါ်ကပွဲတွေ Tiktok ပေါ်က ဗီဒီယိုအတိုတွေ နဲ့ ကိုယ့်ကိုကို ဖျော်ဖြေနေကြလိမ့်မယ်။ 

လူတွေဟာ တစ်ယောက်တည်းပျင်းရိနေမှာကို ကြောက်ကြတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေမှာကို ကြောက်ကြတယ်။ ကိုယ့်အနားမှာ တစ်ယောက်မှ မရှိဘူးဆိုရင် ဖုန်းလေးဖွင့်ပြီး တစ်ခုခု ဖွင့်ထားမှ နေသာထိုင်သာရှိတတ်ကြတယ်။ 

တစ်ချို့တွေက ဗီဒီယိုတစ်ခုခု ဖွင့်ထားတယ်။ တစ်ချို့တွေက သီချင်းတွေ ဖွင့်ထားတယ်။ လူတော်တော်များများဟာ တိတ်ဆိတ်ငြိမ်သတ်ခြင်းတွေ အထီးကျန်အဖော်မဲ့ခြင်းတွေကို နှစ်သက်လေ့မရှိဘူး။

ဒါပေမဲ့ တိတ်ဆိတ် ငြိမ်သက်ပြီး အနှောင့်အယှက်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကပဲ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တဲ့ အရာတွေကို ပိုပြီး အာရုံစိုက်နိုင်စေလိမ့်မယ်။ 

အဲ့ဒါကြောင့် ပျင်းစရာကောင်းတဲ့ အချိန် ပျင်းစရာ ကောင်းတဲ့ အခြေအနေတွေကို ခုံမင် နှစ်သက်နေဖို့ လိုတယ်။ 

ဂရုမစိုက်ခြင်းအနုပညာဆိုတဲ့ မြန်မာဘာသာ ပြန် စာအုပ်ကို မူရင်း ရေးသားသူ Mark Manson က ပြောခဲ့ဖူးတယ်။

"ငါအသက်ကြီးလာလေ ပိုပြီးသိလာတာက ကိစ္စတိုင်းမှာ အောင်မြင်ဖို့ဆိုတာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရတာ မဟုတ်ဘူး။"

"လူတိုင်းသိတဲ့ ပျင်းဖို့‌ ကောင်းတဲ့ အရာတွေကို ထပ်ခါတလဲလဲ လုပ်ရတာပဲ။ အဲ့ဒီအရာတွေကို လူတိုင်းသိပေမယ့် လူတော်တော်များအတွက် အာရုံစိုက်ဖို့ ခက်ခဲတဲ့ အရာတွေဖြစ် နေလိမ့်မယ်။ အဲ့ဒါကြောင့် ပျင်းဖို့ ကောင်းတဲ့အရာတွေကို ခုံမင်နှစ်သက်ပါ။"

ကျွန်တော့်ကို လည်း သူငယ်ချင်းတွေက ပြောလေ့ရှိတယ်။ မင်းကြည့်ရတာ ပျင်းဖို့ ကောင်းလိုက်တာတဲ့။ အပြင်လည်း သိပ်မထွက်ဘူး။ ဂိမ်းလည်းမစော့ဘူး။

ကျွန်တော်ဟာ ခဏခဏ အပြင်ထွက်ရတာ မကြိုက်တဲ့ လူတစ်ယောက်။ ကျွန်တော့်ရဲ့ အသက်က နှစ်ဆယ့်ငါးနှစ် ပြည့်တော့မယ်။ ကျွန်တော်အခု အချိန်ထိ bar တွေ club တွေ တစ်ခါမှ မ‌သွားဖူးဘူး။ သွားချင်တဲ့ စိတ်ဆန္ဒလည်း မရှိဘူး။ 

ကျွန်တော့် ဘဝကြီးက ပျင်းဖို့ ကောင်းတယ်လို့ တွေးချင်တွေးနိုင်တယ်။ 

ကျွန်တော် စာဖတ်တယ်။ 
Content တွေရေးတယ်။ podcast တွေနားထောင်တယ်။ YouTube က နေ အမြဲတမ်း skill အသစ်တွေ လေ့လာတယ်။ ကျွန်တော့်ရဲ့ Faceless YouTube Channel အတွက် အသံသွင်းတးယ်။ တည်းဖြတ်တယ်။ 

 ပြီးတော့ ကျွန်တော်က အားကစားကို ဝါသနာပါတဲ့ လူငယ်တစ်ယောက်။ 
Gym မသွားဖြစ်ပေမယ့် အိမ်မှာပဲ ဘိလပ်မြေ အလေးတုံးတွေနဲ့ အားကစားလုပ်တယ်။ တစ်ခါတလေ လယ်ကွင်းတွေဘက်စက်ဘီးစီးတယ်။ 

ကျွန်တော် ဂိမ်းလည်း မစော့ဘူး။ လူငယ်တွေ ကြားထဲမှာ နာမည်ကြီးတဲ့ Pubg တို့ Mobile Legend တို့လို ဂိမ်းတွေ ကျွန်တော် မစော့ဖူးဘူး။ စော့လည်း မစော့တတ်ဘူး။ ကျွန်တော့်ရဲ့ ဖုန်းကလည်း ၂၀၁၆ထဲက ကိုင်လာတာဆိုတော့ တော်တော် စုတ်နေပြီ။ ဂိမ်းတော်တော်များများ လည်း စော့လို့မရဘူး။ ဖုန်းကို စာဖတ်ဖို့ စာရေးဖို့လောက်ပဲ အသုံးများတယ်။

ကျွန်တော်ဘဝကို ရိုးရှင်းစွာပဲ ဖြတ်သန်းတယ်။ 

စာဖတ်သူတွေ အနေနဲ့ ကျွန်တော့်ရဲ့ ဘဝကြီးက တော်တော်ပျင်းဖို့ ကောင်းတယ်လို့ တွေးနေနိုင်တယ်။

မင်း ဒီလောက်ထိ ပျင်းစရာ ကောင်းတာတွေ လုပ်နေတာ မင်း အောင်မြင်သွားပြီးလားဆိုတော့ ကျွန်တော် အခု အချိန်ထိ ဘာကောင်မှ မဟုတ်သေးပါဘူး။

ဒါပေမဲ့ အဲ့ဒီ ပျင်းစရာ ကောင်းတဲ့ အလေ့အကျင့်တွေကပဲတစ်နေ့မှာ ကျွန်တော်လိုချင်တဲ့ အောင်မြင်မူဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်လိမ့်မယ်။

ဒါဆိုရင် လူတိုင်းလုပ်သင့်တဲ့ ပျင်းဖို့ ကောင်းတဲ့အရာတွေက ဘာတွေဖြစ်မလဲ?

လေ့ကျင့်ခန်း 

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဖိအားတွေကို လျော့ကျစေနိုင်ပြီး လူတစ်ယောက်ကို ပျော်ရွင်စေနိုင်တဲ့ endorphins တွေကို ထွက်ပေါ်စေနိုင်ပါတယ်။

တကယ်တော့ ဂျင်မ်သွားပြီး အလေးတွေ မနေမှ လေ့ကျင့်ခန်းလုပ်တာမဟုတ်ပါဘူး။ လမ်းလျှောက်တာ အကြောလျှော့တာ ယောဂ ကျင့်တာ တရားထိုင် တာတို့ကလည်း လေ့ကျင့်ခန်းတွေပါပဲ။‌ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပျင်းဖို့ ကောင်းသလောက် လူတစ်ယောက်ကို အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ 

စာဖတ်ခြင်း

စာဖတ်တာကလည်း ပျင်းဖို့ ကောင်းတဲ့ အလုပ်တစ်ခုပါ။ အာရုံစိုက်မူလိုအပ်တယ်။

စာအုပ်စာပေတွေကို အပျင်းပြေဖတ် တဲ့ စာနဲ့ ဘယ်သူမှ မဖတ်ချင်တဲ့ပျင်းဖို့ ကောင်းတဲ့ စာ ဆိုပြီး နှစ်မျိုးခွဲလိုက်လို့ရတယ်။ 

အပျင်းပြေဖတ်တဲ့စာတွေထဲမှာ ညစ်ညမ်းစာပေတွေ ဗဟုသုတ ရစရာ သိပ်မပါတဲ့ အချစ်ဝတ္ထုတွေ မိန်းကလေးအများစု ဖတ်လေ့ရှိတဲ့ boy love manga တွေပါဝင်ပါတယ်။

ဒါဆိုရင် ပျင်းစရာ ကောင်းတဲ့ စာတွေဟာ ဘယ်လိုစာမျိုးတွေလဲ။ ပညာရပ်တစ်ခုခုကို ဆွေးနွေးတင်ဆက်ထားတဲ့စာအုပ်တွေ၊ စီးပွာရေးနဲ့ ပတ်သတ်တဲ့စာအုပ်တွေ ဟာ လူအများစု မဖတ်ချင်တဲ့ ပျင်းစရာကောင်းတဲ့ စာအုပ်အမျိုးအစားတွေထဲမှာ ပါဝင်တယ်။ 

လူတော်တော်များရဲ့ အရှေ့ကို ရောက်ချင်ရင် လူအများစု ဖတ်လေ့ဖတ်ထ မရှိတဲ့ ပျင်းစရာ စာအုပ်တွေကို များများ ရွေးဖတ်ဖို့လိုတယ်။ 

စာရေးခြင်း

စာရေးရတာကို လူတော်တော်များများမကြိုက်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စာရေးရတာ ပျင်းဖို့ ကောင်းလို့ပဲ။ 
စာရေးခြင်းဟာ ခေါင်းထဲကို အတွေးအခေါ် ကောင်းတွေ ရောက်ရှိလာစေနိုင်တယ်။ နောက်ပြီးတော့ စာရေးခြင်းဟာ ရှုပ်ထွေးနေတဲ့ စိတ်ကို ကောင်းကောင်း ကုစားနိုင်တယ်။

အဆက်အစပ်မရှိတဲ့ ကိုယ့်ရဲ့ အတွေးတွေကိုလည်း ကောင်းကောင်းပုံဖော်နိုင်စေတယ်။ 

စာရေးခြင်းဟာ လက်ရှိမှာ ပျင်းဖို့ ကောင်းနေနိုင်တယ်။ ဒါပေမဲ့ အလေ့အကျင့်တစ်ခု အနေနဲ့ စွဲစွဲမြဲမြဲလုပ်နိုင်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်အတွက် အကျိုးကျေးဇူးတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်။

" မင်း ကုဒ်တွေ မရေးနိုင်ရင် စာအုပ်တွေ ဘလော့ဂ်တွေရေး၊ ဗီဒီယိုတွေ ပေါ့ကဒ်စ် တွေဖန်တီး"

Naval Ravikant 

ပျင်းဖို့ကောင်းတဲ့ အရုပ်တွေများများကြည့်ပါ အသံတွေများများ နားထောင်ပါ

ရုပ်ရှင်တွေ အပြာကားတွေ ကြည့်ရတာ ပျော်ဖို့ ကောင်းတယ်။ ဒါပေမဲ့ ရေရှည်မှာ ကိုယ့်ကို ဘာကောင်းကျိုးမှ မပေးနိုင်ဘူး။ 
YouTube မှာ Skill တစ်ခုကို လေ့လာရတာ ပျင်းဖို့ ကောင်းတယ်။
 တစ်ချို့ Channel တွေမှာ ဆိုရင် ပညာရပ်တစ်ခုခုကို သင်ပေးတဲ့ ‌လေးနာရီစာလောက် ဗီဒီယိုတွေရှိတယ်။ ဥပမာ Free Code Camp ဆိုတဲ့ Channel မှာ programming ကို လေ့လာချင်တဲ့ လူငယ်တွေအတွက် ခြောက်နာရီစာ ဗီဒီယိုတွေတောင် ရှိတယ်။ ဒါပေမဲ့ လူငယ်တော်တော်များများအတွက် ပျင်းဖို့ ကောင်းနေလိမ့်မယ်။

YouTube ပေါ်မှာပဲ သုံးနာရီစာလောက် ရှိတဲ့ podcast တွေရှိတယ်။ ဥပမာ Joe Rogan ရဲ့ Podcast တွေ။ 

အဲ့ဒီလို နာရီနဲ့ ချီတဲ့ Video တွေ Podcast တွေဟာ ပျင်းဖို့ ကောင်းသလောက် လူ‌တစ်ယောက်ကို တော်တော်လေး အကျိုးရှိစေတယ်။

အဲ့ဒါ့ကြောင့် ပျင်းဖို့ကောင်းတဲ့ အရုပ်တွေ အသံတွေ ခေါင်းထဲကို များများထည့်ပါ။ 

ပျင်းဖို့ကောင်းတဲ့ အစားအသောက်တွေပါးစပ်ထဲ များများထည့်ပါ 

ဘီယာတွေ အရက်တွေ အချိုရည်တွေ သောက်ရတာ ပျော်ဖို့ကောင်းတယ်။ ဒါပေမဲ့ ရေရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။

ရေဟာ အရသာမရှိဘူး။ သောက်ရတာ ပျော်ဖို့မကောင်းဘူး။ ဒါပေမဲ့ အရက်တွေ ဘီယာတွေ မသောက်ပဲ ရေပဲ သောက်မယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးက တိုးတက်ကောင်းမွန်လာနိုင်တယ်။

မာလာ‌ရှမ်းကောတို့ ဟော့ပေါ့တို့ ပီဇာတို့ ဟမ်ဘာကာ တို့လို အစားအသောက်တွေက စားရတာ အရသာရှိတယ်။ အုတ်ဂျုံလို အစားအသောက်က လူမမာအစာနဲ့ တူတယ်။ စားရတာ အရသာမရှိဘူး။ ပျင်းဖို့ ကောင်းတယ်။ ဒါပေမဲ့ ပျင်းဖို့ ကောင်းပြီး အရသာ မရှိတဲ့ ရိုးရိုးရှင်းရှင်း အစားအသောက်တွေကပဲ လူတစ်ယောက်ကို ပိုပြီး ကျန်းမာရေးကောင်းစေနိုင်တယ်။

ကျန်မာရေးကောင်းရုံနဲ့ ငါတို့က အောင်မြင်သွားမှာလားဆိုတော့ ကျန်းမာနေရုံနဲ့ ချက်ချင်း လက်င်း မအောင်မြင်သွားနိုင်ပါဘူး။

ဒါပေမဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းဟာ အောင်မြင်မူရဲ့ လမ်းစပဲ။

လူတစ်ယောက်ဟာ ရုပ်ရော စိတ်ရော ကျန်းမာ နေမှ ကိုယ့်ရဲ့ အလုပ်အမှာရော လူမူဆက်ဆံပိုင်းမှာရော တိုးတက်မူတွေ ဖြစ်ပေါ်လာလိမ့်မယ်။

အလုပ်ကို လူတိုင်းထက် ကြိုးစားပါ

အလုပ်ကြိုးစားရတာ ပျင်းဖို့ကောင်းတယ်။ ဒါပေမဲ့ ဘာမှ မကြိုးစားပဲ ကံကောင်းလို့ အောင်မြင်သွားတဲ့ သူဆိုတာ မရှိဘူး။ 

ရိုးရှင်းတဲ့ ဘဝဟာ အောင်မြင်မူဆီသွားရာလမ်း

ရိုးရှင်းတဲ့ ဘဝဟာ ပျင်းဖို့ကောင်းတယ်။ ထပ်တလဲလဲ အလုပ်တွေ ကြောင့် ငြင်းငွေ့စရာကောင်းတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ ဘဝ ကပဲ ကိုယ့်ကို အောင်မြင်မူဆီရောက်အောင် ပို့ပေးနိုင်လိမ့်မယ်။

မြန်မြန်ချမ်းသာချင်ရင်တော့ ဖြတ်လမ်းနည်းတွေ‌ နောက် လျှောက်လိုက်မိနိုင်တယ်။ အဲ့ဒီအခါ လောင်းကစား ‌နွံ့ထဲကျသွားပြီး ကိုယ့်မှာ ရှိပြီးသား ဥစ္စာပစ္စည်းတွေကိုတောင် ဆုံးရူံးရနိုင်ပါတယ်။

 အဲ့ဒါ့ကြောင့် ပျင်းဖို့ ကောင်းတဲ့ အရာတွေကို  မရှောင်လွှဲပါနဲ့။

ပျင်းဖို့ ကောင်းတဲ့ အရာ တွေကို ခုံမင်ပါ။ မြတ်နိုးပါ။

Aung Paing Phyo

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း