မြသွန်း(တောင်ဒဂုံ)
?ခန္ဓာကိုယ်တစ်ခုလုံးမဲတူးချိတ်နေတဲ့ကြက်မဲတွေကို မိတ်ဆွေတို့အရင်ကမြင်ဖူးကြလားရှင်။ ရိုးရိုးအမွှေးတောင်တွေလောက်နဲ့ ခြေထောက်တွေလောက်ပဲမဲနေတဲ့ကြက်ကို ပြောတာမဟုတ်ဘူးနော်။ နှုတ်သီးကစလို့ ဖင်မြှီးကအမွှေးအတောင်တွေအထိ လျှာရော၊အမောင့်ရော၊ အပေါ်ယံတစ်ကိုယ်လုံးအပြင်ကို အထဲကအူတွေ၊ ကလီစာတွေ၊ သွေးနဲ့ နောက်ဆုံးအရိုးထိပါမကျန် မဲနက်နေတဲ့ကြက်မျိုးကိုပြောတာပါ။ ဒီလိုကြက်မဲမျိုးက ကမ္ဘာပေါ်မှာအမှန်တကယ်တည်ရှိနေတာဖြစ်ပြီးတော့ သူ့ကိုပိုင်ဆိုင်ထားနိုင်တဲ့သူက တကယ်ကိုထီပေါက်တာပါပဲရှင်။ အကြောင်းရင်းက ဘာများဖြစ်မလဲ?
?တကယ်တော့ ဒီကြက်မဲကို Ayam Cemaniကြက်လို့ခေါ်ပါတယ်။ သူတို့က အင်ဒိုနီးရှားနိုင်ငံ၊ Javaကျွန်းမှာသာကျက်စားခဲ့ကြတဲ့ အလွန်ရှားပါးတဲ့မျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။ ဒီကြက်မဲတွေက ဘာလို့အခုလို နေရာသေးသေးလေးတောင်မကျန်ပဲ တစ်ကိုယ်လုံးမဲနက်နေရသလဲဆိုတော့ သူတို့ခန္ဓာကိုယ်ထဲမှာပျံ့နှံ့နေတဲ့ fibromelanosisလို့ခေါ်တဲ့ မျိုးရိုးဗီဇတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ (၁၂)ရာစုလောက်ကတည်းက အင်ဒိုနီးရှားလူမျိုးတွေဟာ ဒီCemaniကြက်တွေကို ဘာသာရေးကဏ္ဍနဲ့ သူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေမှာ အသုံးပြုလာကြပါတယ်။
?ဘယ်လိုသုံးကြလဲဆိုတော့ ဒီCemaniကြက်တွေက ယဇ်ပူဇော်တဲ့နေရာမှာသုံးဖို့ အကောင်းဆုံးတိရိစ္ဆာန်ဖြစ်တယ်လို့ သူတို့ကယုံကြည်တာကြောင့် ယဇ်ပူဇော်တဲ့နေရာမှာသုံးခဲ့ကြတာပါ။ ဒါမယ့် ဒီနေ့ခေတ်လူတော်တော်များများက တစ်ခြားသာမန်ကြက်တွေနဲ့မတူဘဲ ထူးခြားတဲ့ပုံသဏ္ဍာန်ရှိနေတဲ့Cemaniကြက်မဲတွေကို အိမ်မွေးတိရိစ္ဆာန်အနေနဲ့မွေးမြူလာကြပါတယ်။ နောက်ပြီးဒီကြက်ကိုမွေးမြူထားတဲ့သူတွေက ကံကောင်းခြင်းတွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ စိတ်ချမ်းသာမှုတွေကိုပိုင်ဆိုင်ရနိုင်တယ်ဆိုပြီးတော့ လူတစ်ချို့ကယုံကြည်ထားကြတာပါ။
?ဒါမယ့် Cemaniကြက်တွေက ရှားလည်းရှားကြသလို ဈေးလည်းတအားကြီးပါတယ်။ အရည်သွေးကောင်းတဲ့ Cemaniတစ်ကောင်ရဲ့ဈေးက ဒေါ်လာ(၇၀၀)ကနေ (၁၄၀၀)အထိရှိနိုင်ပြီးတော့ ဒါကမျိုးကောင်းမျိုးသန့်တစ်ကောင်ရဲ့ဈေးပဲဖြစ်ပါတယ်။ ပြောချင်တာက မျိုးပေါင်းစပ်တော့မယ့် Cemaniကြက်နှစ်ကောင်ရဲ့အရောင်အဆင်းက ထင်သလောက်မဲနက်မှုမရှိဘူးဆိုရင် သူတို့ကလေးကလည်း 'ကပြား'လေးတွေလိုဖြစ်သွားမှာပါ။ တစ်ကိုယ်လုံးပြောစရာမရှိအောင်မဲနက်နေမှသာ ဝယ်ယူသူတွေက သဘောကျကြတာဖြစ်ပါတယ်။
?နောက်ပြီး Cemaniကြက်ဥနဲ့ပတ်သတ်တဲ့ ထူးခြားချက်တစ်ခုလည်းရှိပါသေးတယ်။ ပထမဦးဆုံးဥလာတဲ့ Cemani ဥကို ကလေးလိုချင်တဲ့သူတွေစားရင် ကလေးရနိုင်တယ်လို့လည်း အင်ဒိုနီးရှားလူမျိုးတွေက ယုံကြည်ကြတာပါ။ ဒီတော့ အဲ့ဒီ"ဥ"ကလည်း အရမ်းကိုဈေးကြီးမှာပဲနော်။ ဒါမယ့် ကြက်ပိုင်ရှင်တွေကတော့ ဒီအရာကိုတကယ်လိုချင်တဲ့သူတွေဆီ ပေးကမ်းတတ်တယ်လို့လည်းသိရပါတယ်။ ပြီးတော့ အစောကပြောခဲ့သလို Cemani ကြက်က တစ်ကိုယ်လုံးမဲတူးနေတယ်ဆိုပေမယ့်လည်း သူ့ရဲ့'ကြက်ဥ'ကတော့ သာမန်ကြက်ဥအရောင်လိုပါပဲ။ သူ့ရဲ့အသားကိုလည်း စားသုံးနိုင်ပြီးတော့ အရသာက သာမန်ကြက်အသားထက်ပိုကောင်းမွန်တယ်လို့လည်း သိရပါတယ်။
? ဈေးလည်းရ၊ အရသာလည်းရှိ၊ လာဘ်ကောင်လေးလည်းဖြစ်တဲ့ Cemaniကြက်တွေက အခုလိုကောင်းကွက်တွေအများကြီးရှိသလို သူ့ကိုစောင့်ရှောက်ရတဲ့စရိတ်ကလည်း မနည်းပါဘူး။ တစ်ကောင်ကို ဒေါ်လာ(၈၀၀)လောက်ရောင်းရရင် သူ့ကိုတင်ကျွေးပြုစုထားရတဲ့စရိတ်က ဒေါ်လာ(၂၀၀)လောက်ရှိတယ်လို့ ကြက်ပိုင်ရှင်တစ်ဦးကပြောထားပါတယ်။ သူ့ကိုမွေးတဲ့သူတော်တော်များများကလည်း စားဖို့ထက် အိမ်မွေးတိရိစ္ဆာန်အဖြစ် ယုယုယယမွေးကြတာများပါတယ်။ အရိပ်တကြည့်ကြည့်နဲ့ သေချာလေးဂရုစိုက်ပေးမယ်ဆိုရင်တော့ (၆)နှစ်ကနေ (၈)နှစ်လောက်အထိ အသက်ရှင်နိုင်မှာပါ။ ဒီတော့ ဘယ်လိုလဲ..မိတ်ဆွေတို့ရော ဒီေဆာင်းပါးလေးကိုဖတ်ပြီး Cemani တစ်ကောင်လောက်လိုချင်သွားကြပြီဟုတ်...
Keep Reading