စာကြမ်းပိုး
၁၆.၂.၂၀၂၄
ညီမလေး နဲ့ ပတ်သက်လို့ မမေ့နိုင်တဲ့ အမှတ်တရ တခုဆိုရင် အိမ်ရှေ့က အဘိုးစိုက်ခဲ့တဲ့ အိုးပုတ်သဇင်ပင် နဲ့ပတ်သက်တဲ့ အကြောင်းတွေပဲ။
ကျွန်မအသက်ငါးနှစ်ပြည့်မှာ ညီအစ်မနှစ်ယောက် အင်္ကျီဆင်တူ၀တ် ၊ အလှတွေပြင်ပြီး အိမ်ရှေ့က "အိုးပုတ်သဇင်" လို့နာမည်ပေးထားတဲ့ ဖြူဖြူလုံးလုံး ပုံ့ပုံ့ ပန်းအနွယ်လေးတွေ တယောက်တစည်း ကိုင်လို့ မူကြိုကို အတူလက်တွဲပြီး သွားခဲ့ကြဖူးတယ်။ ငယ်ဘ၀ အမှတ်တရ ကိုစဉ်းစားမိရင် အဲ့ဒီနေ့က ခေါင်းထဲအမြဲပေါ်လာတယ။မဒမ်ကျူရီ တောပိုင်းမှာ သီချင်းတွေနဲ့ ကခဲ့ဖူးတုန်းက ရခဲ့တဲ့ ပျော်စရာတွေလိုပဲနေမှာ လို့ တွေးဖြစ်တယ်။မှတ်မှတ်ရရ အဲ့ဒီနေ့က ရွှေဆွဲကြိုး တစ်ကုံးဖျောက်ပစ်ခဲ့သေးတယ်။
ကျွန်မ တို့ ညီအစ်မနှစ်ယောက်က တစ်နှစ်နဲ့ တစ်လပဲကွာတယ်။ ကျွန်မက မိသားစုထဲမှာ mutation လို့ပြောရမလား။ အားလုံးထက်အသားပိုဖြူတယ်။ အရပ်တွေမိုးထိုးပြီး အားကစားတွေ သိပ်တော်တဲ့ အငယ်နှစ်ယောက်ကြားမှာ တော်တော်လေးကို သေးကွေးပြီး စာပဲဖတ်နေတတ်တဲ့ ၊ ကစားတာ ညံ့လွန်းလို့ ဘယ်သူမှတွဲခေါ်မဆော့ချင်တဲ့ သူဟာ ကျွန်မပဲ။ ဒီလိုနဲ့ ကျွန်မ အသက်ငါးနှစ် ၊ ညီမလေးအသက် လေးနှစ်ကျော်မှာ သူငယ်တန်းကိုအတူတူတက်ခဲ့ကြတာပေါ့။ အမွှာညီအစ်မတွေ ၊ သူငယ်ချင်းတွေလိုပါပဲ။ လူတိုင်းအနိုင်ကျင့်လွယ်တဲ့ကျွန်မကို သူကလွဲရင် ဘယ်သူမှအနိုင်မကျင့်အောင် ညီမလေးက စောင့်ရှောက်ခဲ့တာပေါ့။
တစ်တန်းတည်း ၊ တစ်ကျောင်းတည်း ရန်ကတော့ ဘာဖြစ်သလဲ မမေးနဲ့။ ထမင်းနှစ်ချိုင့် ဟင်းတချိုင့်မှာ ဟင်းလုစားရတာနဲ့။ ဘယ်အချိန်က ကျွန်မရဲ့ ကောင်းစားချိန်လဲဆိုရင် စာမေးပွဲရှိတဲ့အချိန်တို့ ၊ ပဲခူးဘုရားပွဲ အချိန်တို့ဆို ကျွန်မက ဆရာကြီးပဲ။ စာမေးပွဲ အချိန်ဆို သူ့ကို ပြောပြရတယ်။ စာမေးပွဲနားနားနီးရင် သူက အ လျှော့ပေးပေါင်းတာပေါ့။
ပဲခူးဘုရားပွဲတွေဘာတွေဆိုလည်း သူက သွားချင် ၊ ကျွန်မက မသွားပဲ အိမ်မှာ စာပဲဖတ်ချင် ဆိုတော့ အိမ်က အဖေက "နင့်အစ်မကို ရအောင်ခေါ်ရင် ပေးသွားမယ် " ဆိုပြီးပြောနေကျဆိုတော့ အဲ့ဒီအချိန်တွေဆို ကျွန်မက ဗိုလ်ပဲ။
ကျွန်မတို့ ညီအစ်မနှစ်ယောက် ရဲ့ရန်ဖြစ်တာက အကြွေးမှတ်ပြီး ဂလဲ့စားချေတဲ့ ပုံစံမျိုးလောက်ကို ပြင်းထန်တယ်။ ဥပမာ - ဒီနေ့ကျွန်မက သူ့ကို တချက်ရိုက်လိုက်တယ်ဆိုရင် အဲ့ဒါက အကြွေးဖြစ်သွားပြီ။ သူက ကျွန်မအလစ်ချောင်းပြီး နောက်တရက်ရက်မှာ ကျွန်မကို တစ်ချက်ပြန်ရိုက်။ အဲ့ဒီလိုနဲ့ သံသရာလည်နေတော့တာ။ အခုကြီးလာတော့ ဆိုးတိုင်ပင် ၊ ကောင်းတိုင်ပင် နှစ်ယောက်ဖြစ်လာတဲ့အခါ ငယ်ငယ်တုန်းက အကြောင်းတွေက တကယ့်ကို ရယ်စရာတွေဖြစ်နေခဲ့ကြပါတယ်။
နှစ်ယောက်တူတူပေါင်းပြီး ရပ်ကွက်ထဲက ကောင်လေးတယောက်ကိုလည်း အနိုင်ကျင့်သလို လုပ်ဖူးတယ်။ နှစ်ယောက်ထဲတော့ မဟုတ်ဘူး။ ရပ်ကွက်ထဲက အစ်ကိုကြီး တယောက်လည်းပါတာပေါ့။ အဲ့ဒီတုန်းက ကျွန်မတို့ ခြံကတော်တော်လေးကျယ်သေးတယ်။မာလကာပင်တွေ သရက်ပင်တွေလည်း အများကြီးပဲ။ ခြံထဲမှာ မြေကြီးကိုကျင်းတူး ၊ ထမင်းရည်တွေ ဗွက်တွေ ထည့် ၊အ ပေါ်က မြေဖို့ ပြီးတော့ အဲ့ကောင်လေးကိုခေါ်ပြီး နင်းခိုင်းတာ။ အတင်းနင်းခိုင်းတာတော့ မဟုတ်ဘူး ။ နင်ဒါတွေနင်းရင် ရွှေတွေငွေတွေ ရမယ်ဆိုပြီး ညာပြီး နင်းခိုင်းတာ။ဘယ်လောက်ဆိုးကြလဲနော်။
အကြွေးလည်း နှစ်ယောက်တူတူသွားတောင်းဖူးတယ်။ တောင်းတယ်ဆိုပေမယ့် ကိုယ်ကအဖော်ပဲလိုက်သွားတာပါ။သူပဲတောင်းတာ ။ "ပေးမှာလား မပေးဘူးလား ဘာညာနဲ့ ။ ကိုယ်ကတော့ ရှက်လို့ မသိချင်ယောင်ဆောင်နေတာပဲ။
နှစ်ယောက်က ဘာမှမတူဘူး။သူကညိုညို။ ကိုယ်ကဖြူဖြူ။သူကထွားထွား။ ကိုယ်ကသေးသေး။ သူကရှည်ရှည်။ကိုယ်က ပုပု။သူက စာကလွဲလို့ အကုန်ကြိုက်ပေမယ့် ကျောင်းနောက်ကျမှာ ဆရာမစာမေးလို့စာမရမှာ ကြောက်ပြီး အပြောမခံချင်လို့ ကျောင်းကိုအစောကြီးသွားချင်တဲ့သူ။ကိုယ်က ရတဲ့အချိန်လေးကို စာဖတ်ပြီး ကျောင်းနောက်ကျမှာ ဂရုမစိုက်တဲ့သူ။သူကအားကစားသမား။ကိုယ်က စာသမား။
ဆိုင်ကယ်ကို သူက ကိုးတန်းကတည်းက ကျွမ်းပြန်အောင်စီးတတ်နေပြီ။ ဘယ်သွားသွား အားကိုးနေရပြီ။ ကျွန်မကတော့ အိမ်မှာ စာပဲဖတ်နေခဲ့တာပေါ့။ အခုထိလည်းဆိုင်ကယ်မစီးတတ်သေးဘူး။ အိမ်မှာ အရင်က ရေတွေရှားတုန်းက ရေရောင်းသေးတယ်။ အဲ့ဒီတုန်းက မီးအားကောင်းတဲ့ ညသန်းခေါင်မှ ရေမော်တာမောင်းပြီး ရေပိုက်လိုက်ထည့်ရတာ။ အဲ့ဒီအချိန်လည်း သူက အပြင်ကို ရေလိုက်ထည့်တာများပြီး ကျွန်မကတော့ အိမ်မှာ စာဖတ်ပြီး ရေမော်တာထိုင်စောင့်တာပေါ့။ မီးအားနည်းရင် ရေမော်တာက ရပ်ရပ်သွားတဲ့ အချိန်ထထပြေးပိတ်ရတာကိုး။
အိမ်မှာ ဈေးဆိုင်အကြီးကြီးဖွင့်လိုက်သေးတယ်။ကုန်မျိုးစုံအပြင် ကုန်စိမ်းတွေပါရောင်းတာ။ အလုပ်သမားတွေ မရသေးခင်က အမေကိုယ်တိုင် မနက်သုံးနာရီလောက် ကုန်စိမ်းသွားကောက်ရင် ညီမနှစ်ယောက်မနက်အစောကြီး ကြောက်ကြောက်လန့်လန့်နဲ့ ကျန်ခဲ့ကြတာပေါ့။ တခါတလေ ဘယ်သူမှန်းမသိပစ်လိုက်သလိုလို ခေါင်မိုးကို ခဲနဲ့ထုလိုက်သံကြားရင် သိပ်ကြောက်ခဲ့တာပေါ့။ အများကြီးပါပဲ။အရက်သမားကြီးတယောက်ကို ဆော်ဒါရောင်းပေးလိုက်ပြီး အဲ့လူကြီးသေသွားတော့ "အဲ့ဒါနင့်ဆော်ဒါသောက်ပြီးသေသွားတာ" ဆိုပြီး ကျွန်မကို ခြောက်သေးတာ။ အချစ်ရေးကိစ္စအမှတ်တရတွေလည်း ရှိသေးတယ်။ သူ့ဘဲနဲ့ သွားချိန်းတွေ့တာ စာအုပ်တအုပ်ကိုင်ပြီး လိုက်သွားပေးရတာတွေရော ။သူငယ်တန်းကနေ ကိုးတန်းအထိက ၂၄ နာရီပတ်လုံးသူနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုး။
အသက်တွေသုံးဆယ်ကျော်လာကြတော့ ငယ်ငယ်က စာပဲဖတ်နေပြီး စာသင်ရတာ သိပ်ပြီး ဝါသနာပါတဲ့ ၊ ရန်ကုန်ကနေတောင်မှပဲ စနေတနင်္ဂနွေတိုင်းပြန်လာပြီး ကလေးတွေကို စာသင်ပေးခဲ့တဲ့ ကျွန်မက ဆရာမ မဖြစ်ပဲ..စာကျက်ရတာပျင်းတဲ့ ရုပ်ရည်ရော အရပ်အမောင်းရော ကောင်လေးတွေအကြားပေါ်ပြူလာဖြစ်တဲ့ ဆိုင်ကယ်တစီးနဲ့ ဆံပင်နီဆေးဆိုးကာ လျှောက်လိမ့်ချင်တဲ့ ..အိမ်ကစီးပွားရေးဆိုင်ရာတွေကို စီမံခန့်ခွဲတာကျွမ်းကျင်တဲ့ သူက အထက်တန်းပြဆရာမ သွားဖြစ်နေတယ်။ အစပိုင်းတော့ သိပ်အဆင်မပြေတဲ့ပုံပေါက်ပေမယ့် အခုတော့လည်း သူ့အလုပ်ကိုသူ passion အပြည့်နဲ့လုပ်နေတာတွေ့ရတော့လည်း သူ့အတွက် ၀မ်းသာမိပါတယ်။
သေချာစဉ်းစားကြည့်တော့လည်း ဝါသနာ ၊ ပုံပန်းသွင်ပြင် ၊ အကျင့်စရိုက် ကိုယ်နဲ့ တစ်စက်ကလေးမှ မတူတဲ့ ကိုယ့်ထက်အများကြီး ထက်မြက်သွက်လက်တဲ့ ကိုယ့်ထက်လည်း အများကြီး စမတ်ကျတဲ့ အားကိုးရတဲ့ ညီမတယောက်ရှိတာ တော်တော်တော့ကောင်းသားပဲလို့ တွေးမိဖြစ်ခဲ့တယ်။
ညီမလေးမွေးနေ့ အမှတ်တရ
နင့်ရဲ့မမ
၁၆.၂.၂၀၂၄
Keep Reading