စာကြမ်းပိုး
စိတ်အတော်ညစ်တဲ့နေ့တွေ ၊ စိတ်ရှုပ်တဲ့နေ့တွေဆိုဘာလုပ်ကြလဲ ...
ကျွန်မက စာကို အတိုင်းအတာတခုအထိဖတ်တဲ့သူ ဆိုပေမယ့် စာဖတ်ခြင်း နဲ့တော့ စိတ်ညစ်မှုကို ဖြေဖျောက်လေ့မရှိပါဘူး။ စိတ်ညစ်သည်ဖြစ်စေ ၊ စိတ်ပျော်သည်ဖြစ်စေ အားတာနဲ့ စာကတော့ရသလောက်ဖတ်နေတာပါပဲ ။ အချို့က တော့ စိတ်ညစ်ရင် သောက်ကြတယ်။ အချို့ကတော့ ဆိုင်ကယ်ပတ်စီး ၊ ကားလျှောက်မောင်း ကြတယ်၊ အချို့ရဲ့စိတ်ညစ်မှုကိုဖြေဖျောက်စေတဲ့နည်းလမ်းတွေက အမှန်တကယ် စိတ်ညစ်မှုကို ပျောက်ကွယ်သွားစေနိုင်ပေမယ့် အချို့နည်းလမ်းတွေကျတော့ ဆိုးကျိုးတွေနဲ့အတူ ပိုပြီး စိတ်ညစ်ရတတ်တာမျိုးလေးတွေရှိတတ်ပါတယ်။
ဒီနေ့တော့ ကျွန်မ စိတ်ညစ်ရင် ၊ ပင်ပန်းပြီး Stress ပိနေရင် လုပ်လေ့လုပ်ထရှိတာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
၁။ နှင်းဆီပန်းပုံတွေကြည့်တယ်...
နှင်းဆီပန်းတွေ အထူးသဖြင့် ပန်းရောင်နှင်းဆီတွေကို သဘောတကျကြည့်ရတာမျိုးက ကျွန်မအတွက် အမှန်တကယ် Relax ဖြစ်စေပါတယ်။ နှင်းဆီပန်းလေးတွေကြည့်ပြီး ကဗျာပေါ့ပေါ့ပါးပါးလေးတပုဒ်ရေးလိုက်တာပဲဖြစ်ဖြစ် ၊ နှင်းဆီပန်းနဲ့ ပတ်သက်တဲ့ စာလေးတွေဖတ်ပြီး ဘာသာကောက်ပြန်လိုက်ရတာဖြစ်ဖြစ် တကယ်ကို စိတ်ကျေနပ်မိစေလို့ပါ။ ပန်းမကြိုက်တဲ့သူတွေလည်း စိမ်းစိမ်းစိုစိုမြင်ကွင်းလေးတခုခုကိုကြည့်ရင် စိတ်အေးသွားမလားမသိဘူးနော်။
၂။ စာအိမ်ငယ်ထဲက စာလေးတွေပြန်ဖတ်တယ်...
ကျွန်မစာရေးနေတဲ့ Page တွေအများကြီးရှိတဲ့အထဲမှာမှ "ဝတ်မှုံလေး၏စာအိမ်ငယ်" page လေးက ကျွန်မ ကိုယ်ကိုယ် Remind လုပ်ဖို့ ဖွင့်ထားတဲ့ Page လေးတခုပါ။ page နာမည်နဲ့ပတ်သက်ပြီးတော့ကအစ အမှတ်တရများစွာနဲ့မို့ ဒီက စာလေးတွေကိုတော့ စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်း ပြန်ပြန်ဖတ်ပြီး moti ယူဖြစ်ပါတယ်။
၃။ သီချင်းနားထောင်ပြီးလိုက်ဆိုတယ်....
အားလုံးနီးပါး ကျွန်မအလွတ်ရတဲ့ Westlife, Michael learns to Rock ,M2M စတဲ့ အဖွဲ့တွေရဲ့သီချင်းတွေဖွင့်ပြီးလိုက်အော်ဆိုပါတယ်။ တယောက်တည်း ရှိနေပြီး ပေါလို့ရတဲ့အချိန်ဆိုရင်တော့ One direction ရဲ့ live while we are young တို့ What makes you beautiful တို့နဲ့ ခုန်ပေါက်ပါတယ်။ ငြိမ်ငြိမ်လေးပဲနေလို့ရမယ့်အချိန်ဆို ဂျပန်သီချင်းလေးတပုဒ်ရှိတယ် Furusato ဆိုတာ..အဲ့ဒါလေးနားထောင်ပြီး အိမ်ကို mood အပြည့်နဲ့သတိရပစ်တယ်။ အဝတ်လျှော်အိမ်အလုပ်လုပ် ဘာညာ အချိန်ဆို စင်ဒရဲလားသီချင်းရှိတယ်လေ lavender blue dilly dilly lavender green ဆိုတာ အဲ့ကောင်နဲ့ ကိုယ့်ကိုယ်ကိုယ် စင်ဒရဲလားလိုဘာလို လုပ်ပစ်တယ်...ကလေးသိပ်ရတဲ့အချိန်ဆို you are me sunshine တို့ butterfly fly away တို့ ဆိုတယ်...မြန်မာသီချင်းထဲကဆို ခေတ်ဟောင်းသီချင်းတွေလေ မြိုင်ဟေမာ တို့ ရတနာပုံတို့ နောက် ဝင်းဦးသီချင်းတွေကို မီမီဝင်းဖေပြန်ဆိုထားတာရှိတယ် သစ္စာတို့ ဘာတို့ အဲ့ဒါတွေ ဆိုတယ်..ပေါတောတောနိုင်တယ်လို့ထင်ရပေမယ့် ကျွန်မအတွက် တကယ် Relax ဖြစ်ပါတယ်။
၄။လမ်းလျှောက်တယ်
လက်စွပ်တာလီ တခုနဲ့ အရဟံ ဂုဏ်တော်ရွတ်ပြီး စျေးထဲဖြစ်ဖြစ် ၊ အိမ်နားပတ်ဝန်းကျင်ဖြစ်ဖြစ် တယောက်တည်း လမ်းလျှောက်ပါတယ်။ စျေးထဲရောက်ရင် အိမ်အတွက်ဝယ်စရာရှိတာဝယ်တယ်။ အိမ်က သားလေးနဲ့( သားသားကို ထိန်းပေးတဲ့ ) ညီမဝမ်းကွဲလေးအတွက် မုန့်ဝယ်တယ်။ အနားပတ်ဝန်းကျင်က စားကောင်းမယ်ထင်တဲ့ ဆိုင်လေးတွေမှာ တခုခုထိုင်စားတယ်။ အသိတွေဆီစာအုပ်ငှားတယ်။ ပတ်ဝန်းကျင် က ဆိုင်လေးတွေ လျှောက်ကြည့်ပြီး စိတ်ကို လန်းဆန်းသွားအောင်လုပ်ပါတယ်။
၅။ စာရေးတယ်
ကျွန်မအနေနဲ့ စာရေးဆရာတယောက်ဖြစ်ဖို့ မရည်ရွယ်ထားပါဘူး။ ဒါပေမယ့် စာအုပ်တွေအတန်အသင့်ဖတ်ပြီးတဲ့အချိန်မှာ ထူးဆန်းစွာသိလာရတာက စာရေးခြင်းက ကျွန်မကို ပျော်ရွှင်စေတယ်ဆိုတာကိုပါပဲ။ အဲ့ဒါကြောင့် စာအုပ်အညွှန်းလေးတွေ ၊ ဘာသာပြန်အတိုအစလေးတွေ ၊ မိမိကိုယ်ကိုယ် သတိပြုမိစေမယ့် Remind လုပ်တဲ့စာအတိုအထွာလေးတွေကိုလည်း ရေးဖြစ်ပါတယ်။
၅။ အကောင်းမြင်တယ်
တယောက်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် အဲ့ဒီတယောက်ကိုအတတ်နိုင်ဆုံးအကောင်းမြင်နိုင်အောင်ကြိုးစားကြည့်ပါတယ်။ လုံးဝ ကိုအကောင်းမြင်ပေးဖို့ မဖြစ်နိုင်ဘူးဆိုရင် စိတ်ထဲက တတ်နိုင်သမျှ ဆွဲထုတ်ပြီး အပေါ်က ဖော်ပြခဲ့တဲ့ အချက် ၄ ချက်ကို အလျဉ်းသင့်သလို ဆောင်ရွက်လိုက်ပါတယ်။
နေ့စဉ်နေ့တိုင်း မိမိရဲ့စိတ်ကို ကြည်လင်နေအောင် လုပ်ဆောင်ဖို့ဆိုတာ တကယ့်ကိုမလွယ်တဲ့ကိစ္စပါ။ ရှုပ်ထွေးလှတဲ့ လူ့ဘဝကြီးမို့ "အရှုပ်ထဲမှာ တတ်နိုင်သလောက်ရှင်းအောင်နေ" ရင်း ဒီလိုပဲ ရှင်သန်နေရဦးမှာပဲ မဟုတ်ပါလားရှင်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဝတ်မှုံလေး
Keep Reading