Author's Profile Photo

Myaing Hay Won

18/01/2024

ရင်ထဲကနွေ -အခန်း(၁)-

3 mins read
Life Style
Personal Development
Art
ရင်ထဲကနွေ -အခန်း(၁)-'s photo

ဘွဲ့ယူခြင်းဆိုသည်မှာ ယေဘုယျအားဖြင့် လူတို့တစ်သက်တာတွင် အကြိမ်ရေများစွာ ကြုံတွေ့ရသောကိစ္စ မဟုတ်သဖြင့် မမေ့နိုင်သော အဖြစ်အပျက်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လေသည်။ BEဘွဲ့ ယူသည့်နေ့ကို ကျွန်မဘဝတွင် ဘယ်တော့မှ မမေ့ပါ။ မမေ့အောင် ရိုက်သွင်းလိုက်သော အကြောင်းတရားများက ရှိသည်လေ။

ဝမ်းသာရမည့်နေ့တွင် ဝမ်းနည်းခဲ့ရသည်။ အခြားသူများ ပျော်ရွှင်နေချိန်တွင် ကျွန်မ ဘာကြောင့်များ မပျော်ရွှင်နိုင်ခဲ့ပါသနည်း။ အခြားသူများ မျက်နှာတွင် အပြုံးပန်းများ ဝေဆာဖူးပွင့်နေချိန် ကျွန်မမျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်ရန် အားတင်းကြိုးစားနေရသည်။

အချစ်သည် စီရင်ချက်ချမှတ်နိုင်သော တရားသူကြီးမင်းပမာ လူကိုပြုံးစေ၊ ငိုစေဟူ၍ အမိန့်ပေးနိုင်စွမ်းရှိသည်။ အချစ်ဆိုသောအရာသည် လူကို ထိပ်ဆုံးထိ ဆွဲတင်နိုင်သောအစွမ်းရှိသလို အောက်ဆုံးထိဆွဲချနိုင်သော အစွမ်းလည်းရှိပါလား။ မည်သို့ပင်ဆိုစေကာမူ ထိုနေ့မှစကာ ကျွန်မနှလုံးသားသည် တိမ်ဖုံးသော လမင်းပမာ ရှိခဲ့ရတော့သည်။ တိမ်တွေကင်းစင်ပြီး လသာမည့် တစ်နေ့ကိုတော့ ကျွန်မမျှော်လင့်လျက်ရှိပါသည်။

B-Tech ဘွဲ့ယူစဉ်က သူငယ်ချင်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိသလောက် ယခုBEဘွဲ့တွင် ကျွန်မ၏ သူငယ်ချင်းတော်တော်များများက အဝေးရောက်ဘွဲ့ ယူကြသဖြင့် ကျွန်မတစ်ဦးတည်း အထီးတည်း နိုင်လှသည်။ ကျွန်မတွင် သူငယ်ချင်းများများစားစား မရှိပါ။ ကျောင်းထဲမှ ရေကန်ကြီးဘေးတွင် ရပ်ပြီး တစ်စုံတစ်ယောက်အား တွေ့ရနိုးနိုးဖြင့် ကျွန်မမျက်လုံးများကို အလုပ်ပေးနေမိသည်။ တွေ့ပြီ။ ကျွန်မ၏ တစ်ဦးတည်းသော ယောက်ျားလေးသူငယ်ချင်း။ လူအများ၏အမြင်တွင်တော့ ထိုသို့ရှိလိမ့်မည်။ သူဆိုတာ နွေ၏ သူငယ်ချင်း။ နွေဆိုတာ သူ၏ သူငယ်ချင်း။ တကယ်တော့ သူဆိုသည်မှာ ကျွန်မမြတ်နိုးရသူ။ အရာအားလုံးဟာ ကျွန်မဘက်ကချည်း ဖြစ်နေခဲ့သည်လား။

တစ်ဖက်သတ်အချစ်ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးခြင်းဟု ကျွန်မကြားဖူးသည်။ ဒါဆို အဲ့သည်တွင်းထဲ ကျေကျေနပ်နပ်ကြီး ကျွန်မခုန်ဆင်းခဲ့တာ ၅နှစ်တောင်ရှိပါကောလား။
သူ ကျွန်မကို တွေ့သွားသည်။ ကျွန်မ ပြုံးပြတော့ သူက လိုက်ပြုံးသည်။ သူ့အပြုံးသည် နွေးထွေးသော်လည်း ရှိုးတိုးရှန့်တန့် နိုင်သည်ဟု ထင်မိသည်။

အပြုံးချင်းဖလှယ်ပြီးနောက် ခြေလှမ်းများက တစ်ယောက်ရှိသော နေရာဆီသို့ ပြိုင်တူ လှမ်းလျက်မိသား။ ဓာတ်ပုံရိုက်ရန် သူ့ဘေးတွင် ရပ်မိသည့် အခိုက်တွင်ကား ရင်ထဲတွင် နေကြာများ ပွင့်နေခဲ့သည်။ ကျောင်းရှေ့တွင်စိုက်ထားသော နေကြာပန်းခင်းထက် ဧရိယာ ပိုကျယ်ပေလိမ့်မည်။ နှစ်ယောက်စလုံး ပို့စ်ပေးနေသည့် အချိန်တွင် ခပ်စူးစူးအသံတစ်ခု မလှမ်းမကမ်းမှ ထွက်လာသည်။ သူ့ကို မိန်းကလေးသူငယ်ချင်းများက လှမ်းခေါ်နေခြင်းဖြစ်သည်။ ကျွန်မသူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်မမျက်လုံးများမှ တဆင့် မသွားပါနဲ့ဟု ပြောနေသော်လည်း သူလှည့်ထွက်သွားခဲ့သည်။

ကျွန်မက အသိနောက်ကျခဲ့တာလား၊ ကျွန်မကပဲ မှားယွင်းစွာ သိထားခဲ့လေသလား။ သူ ကျွန်မကို မိန်းကလေးတစ်ယောက်အနေနှင့် စိတ်မကူးခဲ့လျှင်တောင် ကျွန်မအပေါ် သူ့ခင်မင်မှုက ဒီ့ထက်ပိုလိမ့်မည်ဟု ခံစားမိခဲ့သည်။ ကျွန်မတို့နှစ်ယောက်၏ ၁၇နှစ်တာ ခင်မင်မှုက သူ့အတွက် ဘာမှ မဟုတ်ခဲ့ဘူးလား။ သူ ကျွန်မအပေါ် သူငယ်ချင်းသံယောဇဉ်တောင် မရှိတော့ဘူးလား။ ထိုအတွေးကို တွေးမိတော့ ကျွန်မဝမ်းနည်းသွားပါသည်။ သူ့အပေါ်ရစ်နှောင်ထားသော ကျွန်မ၏ မျှော်လင့်ချက်ကြိုးမျှင်တစ်ချောင်း ပြေလျော့သွားဟန်ရှိပါသည်။

ဘွဲ့နှင်းသဘင်ခန်းမထဲသို့ စောစောဝင်ပြီး ခုံတွင်ထိုင်နေမိသည်။ ခုနကဖြစ်ရပ်ကို ပြန်မြင်ယောင်လာသည်။ သည်လိုဆိုတော့ လွန်ခဲ့သည့်၂နှစ်က B-Tech ဘွဲ့ယူရန် အစမ်းလေ့ကျင့်သည့်နေ့ကို လွမ်းမိသွားသည်။ B-Tech ဘွဲ့ယူရမည့်နှစ်တွင် သူနှင့်ကျွန်မ ခုံနံပါတ်ရှေ့နှင့်နောက် ကပ်လျက်ဖြစ်သောကြောင့် အောင်စာရင်းထွက်သည့်နေ့တွင် ကျွန်မပျော်နေတာ မှတ်မိသေးသည်။ အဲ့သည်တုန်းက ညဆယ့်နှစ်နာရီဆို အောင်စာရင်းများကို ဌာနအသီးသီးက ပေ့ဂ်ျများမှတဆင့် တင်ပေးကြသည်ကို ကျောင်းသား၊ကျောင်းသူများက စောင့်ကြည့်ကြသည်။ အောင်စာရင်းမထွက်မီ တစ်ညအလို ရက်မျိုးဆိုလျှင် ကျွန်မတို့အိပ်မပျော်ပါ။ သူငယ်ချင်းတွေ ချက်ဘောက်စ်(chat box)မှာ စကားလက်ဆုံကျကြစမြဲ။ တချို့ကလည်း ဖေ့စ်ဘွတ်ပေါ်တွင် အောင်စာရင်းနှင့်ပတ်သတ်သည့် ခံစားချက်များ၊ မှတ်ချက်များကို ပွက်လောညံအောင် ရေးကြစမြဲ။ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတိုင်း ဒီလိုညမျိုးဆို ရင်ခုန်ကြစမြဲ။

အဲ့သည့်နေ့က ကျွန်မ စောစောအိပ်ပျော်သွားခဲ့သည်။ မနက်အိပ်ရာမှ နိုးပြီး ဖုန်းဖွင့်ကြည့်တော့ သူ့ထံမှ စာတစ်စောင်ရောက်နေသည်။ မနက်ဆယ့်နှစ်နာရီ ဆယ့်ခုနှစ်မိနစ်ကတည်းက ပို့ထားခြင်းဖြစ်သည်။
"အောင်တယ်၊ ငါ့အောက်က" တဲ့။
ထိုစာကို  မြင်၍ ကျွန်မထခုန်မိတော့မလို ဖြစ်သွားသည်ကို အမေမြင်ဖြစ်အောင် မြင်သွားသည်။ "စာမေးပွဲအောင်လို့ပါ" ဟု ညာဖြီးလိုက်ရသေးသည်။

စာမေးပွဲတွင် ရသည့် အမှတ်အတိုင်း ခုံနံပါတ်များကို စဉ်ထားခြင်းဖြစ်သည်။ သူနှင့်ကျွန်မမှာ ရှေ့ဆင့်နောက်ဆင့်ဖြစ်၍ အမှတ်တစ်မှတ်လောက်သာ ကွာနိုင်ခြေရှိပါသည်။ ထိုအရာကို ကျွန်မ သဘောအကျကြီး ကျနေတော့သည်။ ထိုစာသင်နှစ်တစ်နှစ်လုံး ရိုးလ်ကော ခေါ်ချိန်တိုင်း သူ့နာမည်နှင့် ကျွန်မနာမည်တို့ ရှေ့ဆင့်နောက်ဆင့် အခေါ်ခံရသည်ကို ကျွန်မတော်တော်ပျော်ခဲ့ပါသည်။ ထိုအပျော်သည် တစ်နှစ်သာခံမည်ဟု ကျွန်မ ရိပ်မိဖို့ ကောင်းပါသည်။

B-Tech ဘွဲ့အစမ်းယူသည့်နေ့က ဘွဲ့နှင်းသဘင်ခန်းမထဲတွင် သူနှင့်ကျွန်မ နာရီအတော်ကြာအောင် ဘေးချင်းကပ် ထိုင်ရသည်။ ထိုင်ခုံပေါ်ထိုင်ချိန်မှစ၍ ပွဲမစခင်အထိ သူနှင့်ကျွန်မ အတူတူ ဓာတ်ပုံပေါင်း မည်မျှ ရိုက်ခဲ့မိမှန်း မသိတော့။ အဆောင်ပြန်ရောက်မှ ရိုက်ခဲ့သော ဓာတ်ပုံများကို ပြန်ကြည့်ရသည်။ ဓာတ်ပုံထဲတွင် သူနှင့်ကျွန်မ သိပ်ကို လိုက်ဖက်နေသည်ဟု ကျွန်မထင်သည်။ ညရောက်တော့ ဖေ့စ်ဘွတ်တွင် ဘွဲ့ဓာတ်ပုံများ ပလူပျံအောင်တင်ကြသည်။ လိုက်ခ်ထိုင် ပေးရသည်မှာ ပျော်ဖို့ပင် ကောင်းသေးသည်။ ထိုစဉ် သူ့ဆီမှ မက်ဆေ့ခ်ျ တစ်စောင်ဝင်လာသည်။

"နွေ ဒီနေ့ နင်သိပ်လှတယ်"

ကျွန်မသည် ထိုညက အိပ်သည်အထိ ပြုံးခြင်းကို မရပ်တန့်နိုင်တော့။ ကျွန်မ သူ့ကို ပြန်ပို့သည်က ကျွန်မ သုံးနေကျမဟုတ်သော ရှက်နေသည့် အီမိုဂျီလေး။

"မနက်ဖြန် တကယ့်နေ့မှ မျက်တွင်းကျနေမယ်၊ စောစောအိပ် good night" ဟု ကျွန်မပို့လိုက်သည်။ တစ်ခါတစ်လေ ကျွန်မကိုယ်ကျွန်မ အားမရပါ။ ကျွန်မ ဒီ့ထက်ပိုပြီး သူနှင့် စကားတွေအများကြီး ပြောချင်သည်။ သို့သော် တကယ်တမ်းလက်တွေ့တွင် ကျွန်မဘယ်ကစ၍ ဘာကိုပြောရမည်မှန်း မသိပါ။ ယခင်က သူနှင့် စကားပြောလျှင် ဖောင်ဖွဲ့နေအောင် ပြောတတ်သော ကျွန်မသည် ယခုတော့ အာစေးမိသူလိုဖြစ်ရခြင်းမှာ သူ့ကို ချစ်မိနေပြီဟု သိလိုက်ရသော အချိန်က စပါသည်။

***

အခန်း(၂) မျှော်

.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)