SarPhat Author
ကားမူးခြင်းဝေဒနာပျောက်ကင်းအောင် ဘယ်လိုလုပ်ခဲ့လဲ။
ကျွန်မသည် လူမှန်းသိတတ်စအရွယ်တည်းကစ၍ အသက်၁၉နှစ်အထိတိုင် အချိန်ကာလကြားတွင် တစ်နေရာရာသို့သွားရန် ကားစီးရတိုင်း ကားမူးခြင်းဝေဒနာကို ရင်ဆိုင်ခဲ့ရသူတစ်ယောက်ဖြစ်ပါသည်။
ဦးစွာ ကားမူးခြင်းဝေဒနာက ဘယ်လိုကြောင့်ဖြစ်ရသလဲဆိုသည်ကို အကျဥ်းချုပ် ပြောပြပါမည်။
“ကားမူးခြင်းဆိုသည်မှာ လှိုင်းမူးခြင်း၊ ရထားမူးခြင်း၊ လေယာဥ်မူးခြင်းကဲ့သို့ Motion Sickness များထဲမှ ခံစားရခက်သော ဝေဒနာတစ်ခုပင် ဖြစ်ပါသည်။”
ဦးနှောက်က မတူညီတဲ့ခံစားမှုတွေကို လက်မခံနိုင်တော့တဲ့အခါမှာ motion sickness ကို စတင်ခံစားလာရပါတယ်။ ကားစီးနေတဲ့အချိန်မှာ သင်က ကြမ်းပြင်တစ်ခုကိုကြည့်နေမယ် ဒါမှမဟုတ် စာအုပ်တစ်အုပ်အုပ်ကို ဖတ်နေမယ်ဆိုရင် 'သင်ဟာ တည်ငြိမ်နေပါတယ်'ဆိုပြီး မျက်လုံးကတစ်ဆင့် ဦးနှောက်ကို သတင်းပို့ပါတယ်။ ဒါပေမဲ့ သင့်ရဲ့နားနဲ့ တခြားကိုယ်တွင်းကြွက်သားတွေကတော့ သင်ဟာ ရွေ့လျားမှုရှိနေတယ်ဆိုပြီး ဦးနှောက်ကို သတင်းပို့မယ်။ ဟိုနေရာ၊ ဒီနေရာကနေ ပို့လိုက်တဲ့ အာရုံခံစားမှု၊ အချက်ပြမှုတွေကို ဦးနှောက်က တစ်ပြိုင်တည်း မတုံ့ပြန်နိုင်တော့တဲ့အခါမှာ မူးဝေ၊ မူးနောက်ခြင်းတွေကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒီလိုအချိန်မှာ သင်ဟာ ကားမူးခြင်းဝေဒနာကို စတင်ခံစားနေရပြီဖြစ်ပါတယ်။
• ဘယ်သူတွေက ကားမူးခြင်းဝေဒနာကို ခံစားရနိုင်လဲ။
မည်သူမဆို ကားမူးခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်တွေမှာ ပိုခံစားရနိုင်ပါတယ်။
• ကားမူးခြင်းဝေဒနာခံစားနေရချိန် လက္ခဏာများ။
ကားမူးခြင်းဝေဒနာခံစားနေရပြီဆိုရင် ပထမဦးဆုံး အီလည်လည်၊ မူးနောက်နောက်ဖြစ်ခြင်းကို ခံစားရပါမယ်။ ပြီးရင်တော့ ချွေးစေးတွေထွက်လာမယ်။ ပူအိုက်လာမယ်။ ခံတွင်းစိုစွတ်မှု ပိုမိုဖြစ်လာမယ်။ လူကလဲ ဖျော့တော့တော့လေးပဲ ရှိတော့မယ်။ ဝေဒနာအရမ်းဆိုးရင် ပျို့မယ်၊ အန်ချင်မယ်။ သည်းမခံနိုင်တဲ့ထိ အဆိုးဆုံးအခြေအနေမှာဆိုရင်တော့ အော့အန်တာထိ ဖြစ်နိုင်ပါတယ်။ ဝေဒနာ မသက်သာသေးတဲ့အချိန်တွေမှာဆို အစာစားချင်စိတ်လဲ လျော့နည်းသွားပါတယ်။
• ကားမူးခြင်းဝေဒနာပျောက်အောင် ဘယ်လိုလုပ်ရမလဲ။
ဝေဒနာသက်သာဖို့ဆို နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကားမှန်ပြတင်းပေါက်ကနေ တစ်ဆင့် သဘာဝတရားတွေကို ခံစားချင်တယ်၊ ရေရှည်အတွက်ပါ ဝေဒနာပျောက်ကင်းချင်တယ်ဆိုရင်တော့ တစ်နည်းပဲရှိပါတယ်။
အဲ့တာကတော့ “စိတ်” ပါ။
အရေးအကြီးဆုံးက ကားမူးဝေဒနာ အမှန်တကယ်ပျောက်ကင်းချင်စိတ် ရှိရပါမယ်။ အဲဒီစိတ်ရှိမှသာလျှင် ကားမူးခြင်းဝေဒနာကို သည်းခံနိုင်မှာဖြစ်ပါတယ်။
ကျွန်မက ငယ်ငယ်တည်းကနေ ကားမူးတဲ့ဝေဒနာကို ခံစားခဲ့ရပါတယ်။ အပြင်ထွက်ရတာ ကြိုက်ပေမဲ့ အပြင်သွားဖို့ ကားစီးတိုင်း မူးပြီး မူးတိုင်းလဲ အန်လို့ အရမ်းကို ပင်ပန်းခဲ့ရပါတယ်။ အသက် ၁၈နှစ်ပြည့်ပြီးတဲ့အချိန်အထိကို ရင်ဆိုင်ခဲ့ရတာမို့ အဲ့နောက်ပိုင်းမှာ ကျွန်မ စိတ်ပိုင်းဖြတ်ပြီး ကားမမူးအောင် ကြိုးစားပါတယ်။
ကျွန်မ ပထမဆုံး– စိတ်ကိုတင်းတယ်။
ပြတင်းပေါက်မှန်ဖွင့်ပြီးပဲစီးစီး၊ အဲကွန်းဖွင့်ပြီးပဲစီးစီး “ငါ ကားမမူးစေရဘူး။ ငါ ကားမမူးဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောတယ်။ ခရီးအလယ်ရောက်တော့ အီလည်လည်ကြီး ခံစားလာရပြီ။ အဲ့အချိန်မှာ “ ငါ မအန်ဘူး၊ မအန်အောင် ကြိုးစားမယ်” ဆိုပြီး စိတ်ကို ထပ်တင်းတယ်။ အန်ခွင့်မပေးဘူး။ လုံးဝမလှဲဘူး။ ကားစီးတိုင်း အဲ့လိုမျိုးတွေ စိတ်ကို အလိုမလိုက်ဘဲနေလိုက်ပါတယ်။
ဒုတိယအနေနဲ့ – အပြင်မသွားခင်ညမှာ စောစောအိပ်နိုင်အောင်လုပ်တယ်။ အိပ်ရေးဝအောင် ကြိုးစားဖြစ်တယ်။ ဗိုက်အရမ်းဆာနေရင်လဲ မသွားခင် တစ်နာရီလောက်မှာ အစားနည်းနည်းစားတယ်။ ဘာမှမစားဘဲ သွားတဲ့အချိန်က ပိုများပါတယ်။
ကားမူးတတ်တဲ့လူတွေကျတော့ အိပ်ရေးဝဖို့ အရေးကြီးတယ်။ ကားမစီးခင်မှာလဲ ဗိုက်ပြည့်တင်းအောင်စားတာမျိုး၊ အဆီအစိမ့်တွေစားတာမျိုး၊ ဗိုက်အရမ်းဟာအောင် ထားတာမျိုးတွေကို ရှောင်ရမယ်။ YBS စီးတဲ့အခါဆိုရင်လဲ လေကောင်းကောင်းရနိုင်တဲ့နေရာကို ရွေးရပါမယ်။
တတိယအချက်ကတော့ – ခေတ္တအုပ်ထိန်းသူလုပ်တယ်။ အပေါ်က အချက်တွေအတိုင်း ကြိုးစားကြည့်ပြီး မအန်တော့တာ သေချာပြီဆိုတာနဲ့ ကိုယ့်ထက်အငယ်တစ်ယောက် သို့မဟုတ် ခရီးလမ်းမကျွမ်းကျင်တဲ့လူတစ်ယောက် (ဒါမှမဟုတ်) ကိုယ့်လိုကားမူးတတ်တဲ့လူတစ်ယောက်နဲ့ YBS သို့မဟုတ် ကားတူတူစီးကြည့်တယ်။
ကျွန်မ ကားမမူးဖို့ ကြိုးစားနေတဲ့အချိန်မှာ တောင်ငူမှာနေတဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မအိမ်မှာ ခဏလာနေတာနဲ့ ကြုံပါတယ်။ အဲဒီအချိန်တုန်းက သူ အလုပ်ရှာဖို့ လှည်းတန်းသွားချင်တယ်ဆိုလို့ ကျွန်မက သူ့ကို လိုက်ပို့ပေးရပါတယ်။ ပြဿနာက သူကလဲ ကားမူးတတ်တယ်၊ ကျွန်မကလဲ မူးတတ်တော့ မဖြစ်ဘူးဆိုပြီး ကျွန်မက ကားမမူးချင်ယောင်ဆောင်လိုက်တယ်။ သူအဆင်ပြေဖို့ကိုပဲတွေးပြီး သူသက်သာအောင် လုပ်ပေးနေတဲ့အချိန်မှာ ကျွန်မက မူးအီနေပြီ။ အပြန်ကျ အဖေက လာကြိုပေးတော့ “ဖြူစင်ဥ၊ ကားမမူးဘူးလား”ဆိုပြီး အဖေကမေးတော့လဲ မမူးပါဘူးဆိုပြီး ပြန်ဖြေလိုက်သေးတယ်။ ကျွန်မပါ ရောမူးလို့ မဖြစ်တော့တဲ့ အခြေအနေမှာ မမူးအောင်၊ မအန်အောင် ကြိုးစားထိန်းရင်းကနေ ကားမူးတတ်တဲ့အကျင့်လဲ ပျောက်သွားပါတယ်။
ကားမူးမပျောက်ခင်ကဆို ကားပေါ်မှာ မူးပြီးအိပ်ပျော်နေမှာစိုးလို့ စိတ်ပူပြီး တစ်ယောက်တည်း ဘယ်မှမသွားခိုင်းဘဲ ကိုယ်တိုင်လိုက်ပို့တဲ့ အဖေက အခု ကျွန်မကို "ကိုယ့်ဟာကိုယ်သွားလိုက်"ဆိုပြီး ပြောလာတဲ့ထိကို ကျွန်မ ကားမမူးတော့တာပါ။
ကားပေါ်မှာ e-book လဲဖတ်နိုင်နေပြီး မုန့်လဲ စားနိုင်လာတယ်။ အိပ်ရေးမဝဘဲ ကားစီးရတဲ့မနက်တွေမှာတော့ အနည်းငယ် ခေါင်းကိုက်ပေမဲ့ ကျွန်မ တော်တော်လေးကို အဆင်ပြေလာတယ်။ ကားမမူးတော့တာလဲ တစ်နှစ်လောက်ရှိနေပါပြီ။
လမ်းသွားရင်း ကားမူးလို့ အန်နေတဲ့ အစ်မတွေ၊ အန်တီတွေ၊ ကလေးတွေကို မြင်ရင် ကိုယ်ချင်းစာမိလို့ ကျွန်မရဲ့အတွေ့အကြုံနဲ့ ပျောက်ကင်းအောင်လုပ်ခဲ့တဲ့နည်းလမ်းတွေကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
အကယ်၍များ သင်က ကားမူးတတ်တဲ့သူတစ်ယောက်နဲ့ ကားတူတူစီးရဖို့ကြုံလာရင်၊ သင်ကိုယ်တိုင်ကလဲ ကားမူးတတ်တယ်ဆိုရင်တော့ ကားမစီးခင်
၁။ အိပ်ရေးဝအောင်အိပ်ပါ။
၂။ ဗိုက်ထဲ အစာရှိရုံမျှသာ စားပါ။ အဆီ၊အစိမ့်စားခြင်း ရှောင်ပါ။
၃။ ကြွပ်ကြွပ်အိတ်ဆောင်ပါ။
၄။ ရေဘူးဆောင်ပါ။
၅။ တစ်ရှူးဆောင်ပါ။
၆။ ရှူဆေးဆောင်ပါ။
၇။ ချိုချဥ်သကြားလုံး၊ ပူရှိန်းသကြားလုံး (သို့မဟုတ်) royal D ဝယ်သွားပါ။
၈။ ကားမူးပြေဆေး ကြိုတင်သောက်ပါ၊ တိုက်ပါ။
၉။ လေဝင်လေထွက်ကောင်းမွန်သော ထိုင်ခုံနေရာကို ရွေးပါ။
၁၀။ အော့အန်ပါက နောက်ကျောကိုဖြည်းညင်းစွာ ပွတ်ပေးပါ။
၁၁။ အရေးကြီးဆုံးအချက်မှာ ကားမူးခြင်းသည် လွန်စွာပင်ပန်းရသဖြင့် ဝေဒနာခံစားနေရသူအပေါ် စိတ်ရှည်ပေးပါ။ မငြိုငြင်ပါနှင့်။
၁၂။ နောက်ဆုံးအချက်အနေဖြင့် ကျွန်မ ကြိုးစားခဲ့သည့်အချက်များအတိုင်း လိုက်လံလုပ်ဆောင်ကြည့်ပါ။
Keep Reading