SarPhat Author
ဝန်ခံချက်
ကျွန်တော်ဟာ နောက်ကျတတ်တဲ့အကျင့်ရှိသူ တစ်ယောက်ပါ။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင် ဒီဆောင်းပါးကဏ္ဍမှာ အခုဆောင်းပါးကို ပို့ဖို့အတွက်လည်း နောက်ဆုံးအချိန်ကို ကျော်လွန်ပြီးမှ ပို့မိတာပါ။ ဒီအတွက်လည်း အမြဲတမ်း ကိုယ့်ကိုယ်ကို အရှက်ရမိပါတယ်။ ဒါပေမယ့် ဒီလိုနောက်ကျတတ်တာဟာ ကျွန်တော်တစ်ယောက်တည်းမှာ ဖြစ်နေတာမဟုတ်ပါဘူးဗျ။ ခင်ဗျားတို့အထဲမှာလည်း စာတမ်းထပ်တာ နောက်ကျလေ့ရှိတဲ့ ကျောင်းသား၊ ဒါမှမဟုတ် တစ်ခုခုသွားစားကြမယ့်ဟေ့ဆို နာရီဝက်လောက်နောက်ကျလေ့ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိနေမှာ အသေချာပဲမလား။
တကယ်တော့ နောက်ကျတာလောက် မုန်းစရာကောင်းတဲ့ အကျင့်မျိုး သိပ်များများစားစားရှိမယ်မထင်ပါဘူး။ ဒါပေမယ့်ဗျာ ခင်ဗျားက တစုံတယောက်ကို စောင့်နေရင်း ဒီစာကို ဖတ်မိနေတယ်ဆိုရင်လည်း တစ်ချက်လောက် ပြန်စဉ်းစားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားစောင့်နေရတဲ့လူက တမင် တကိုယ်ကောင်းဆန်ပြီး နောက်ကျအောင် လုပ်နေတာမဟုတ်ပါဘူး။ နောက်ကျတဲ့အကျင့်နဲ့ ပတ်သက်ပြီး စိတ်ပညာအရလေ့လာကြည့်လိုက်တော့ နောက်ကျတတ်တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် တစ်ခုခုရှိနိုင်တယ်ဆိုတာ စိတ်ဝင်စားဖွယ်ရာ တွေ့ရပါတယ်။ တစ်ခုခုထပ်လည်း ပိုနိုင်ပါတယ်။
အချိန်နောက်ကျတတ်တဲ့လူတွေဟာ တကယ်တော့ အပျင်းထူပြီး လူမှုရေးမသိတတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။
လူအတော်များများဟာ နောက်ကျတဲ့အကျင့်ရှိသူတွေနဲ့ ပတ်သက်ပြီး အမြဲလို မကောင်းမြင်တတ်ကြပါတယ်။
“နောက်ကျတတ်တဲ့လူတွေဟာ စည်းကမ်းမဲ့လွန်းတယ်၊ အမြဲလိုလို ပေါ့တီးပေါ့ဆနဲ့ လူမှုရေးလည်း နားမလည် ရိုင်းလွန်းတယ်လို့ လူတော်တော်များများက မြင်ကြတယ်” ဒီစကားဟာ လန်ဒန်က အပြုအမူပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ယောက်က မှတ်ချက်ပြုထားတာပါ။ ဆက်ပြီးလည်း သူက “ ကျွန်မဆေးခန်းလာပြတဲ့ လူနာမဟုတ်ရင်တော့ နောက်ကျတတ်တဲ့သူတွေဟာ တော်တော်ကို စိတ်တိုစရာကောင်းပါတယ်” လို့လည်း ထပ်မှတ်ချက်ပြုပါတယ်။
ဒါပေမယ့် အချိန်နောက်ကျတတ်တဲ့သူတွေဟာ စည်းစနစ်တကျရှိကြပြီး သူတို့ရဲ့ မိတ်ဆွေ၊ မိသားစု၊ အလုပ်က အထက်အရာရှိတွေကိုလည်း စိတ်ချမ်းသာအောင် ထားချင်ကြသူတွေပါ။ ပြီးတော့ သူတို့ရဲ့ နောက်ကျတတ်တဲ့အကျင့်ဆိုးကြောင့် သူတို့ရဲ့ မိသားစုမိတ်ဆွေတွေနဲ့ ဆက်ဆံရေး သို့မဟုတ် ငွေရေးကြေးရေးအပိုင်း၊ သူတို့ရဲ့ နာမည်ဂုဏ်သိက္ခာနဲ့ အလုပ်အကိုင်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးနိုင်တယ်ဆိုတာကိုလည်း စိတ်ထဲမှာ အလေးအနက်သိထားပါတယ်။
ဆင်ခြေတွေ
အချိန်နောက်ကျတာနဲ့ ပတ်သက်လို့ အချို့ဆင်ခြေတွေက လက်ခံလို့ရပါတယ်၊ နေမကောင်းလို့ မတော်တဆ အက်စီးဒင့်ဖြစ်လို့ စသဖြင့်ပေါ့။ ဒါပေမယ့် တချို့ဆင်ခြေတွေကတော့ သိပ်လက်ခံနိုင်စရာမရှိပါဘူး။ အချို့လူတွေကတော့ အခြားကြီးကြီးကျယ်ကျယ်အလုပ်တွေပဲ လုပ်နေရလို့ နောက်ကျတာလိုလို၊ ညအချိန်မတော်ထိ အလုပ်တွေကြိုးစားလို့ မနက်အိပ်ရာထနောက်ကျတာလိုလို ပုံစံတွေဖမ်းပြီး လက်ခံလို့မရတဲ့ ဆင်ခြေတွေပေးတတ်ကြပါသေးတယ်။
အမြဲတစေ နောက်ကျလေ့ရှိတာဟာ ကိုယ့်အမှားချည်းပဲတော့ မဟုတ်ပါဘူး။ ဒါဟာ ခင်ဗျားရဲ့ ပုံစံကို ဖြစ်နိုင်ပါတယ်။ နောက်ကျတတ်တဲ့သူတွေမှာ အကောင်းမြင်တတ်ခြင်း၊ က်ိုယ့်ကိုယ်ကို ထိန်းချုပ်မှု အားနည်းခြင်း၊ စိတ်ပူပန်မှုများခြင်း နဲ့ စိတ်လှုပ်ရှားမှုကို ကြိုက်နှစ်သက်ခြင်း စတဲ့ အချက်တွေကိုလည်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် အချိန်နှင့် တိကျစွာ အလုပ်လုပ်တတ်ခြင်းက ကိုယ်ရည်ကိုယ်သွေးမတူညီခြင်းအပေါ်လည်း မူတည်ပါသေးတယ်။
၂၀၀၁ ခုနစ်၊ စိတ်ပညာပါမောက္ခတစ်ယောက်က သုတေသနတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လူတွေကို အုပ်စု (၂) ခုခွဲပြီး နာရီမပေးထားပဲ တစ်မိနစ်ရဲ့ ကြာချိန်ကို ခန့်မှန်းခိုင်းတာပါ။ အုပ်စု (က) မှာတော့ ရည်မှန်းချက်ထားပြီး တိတိကျကျခိုင်ခိုင်မာမာ လုပ်တတ်တဲ့သူ လူတွေပါဝင်ပြီး အုပ်စု (ခ) မှာတော့ ဖန်တီးနိုင်စွမ်းမြင့်၊ စူးစမ်းရှာဖွေလိုစိတ် အားကောင်းတဲ့ လူတွေပါဝင်ပါတယ်။ အုပ်စု (က) က တစ်မိနစ်ကို ၅၈ စက္ကန့်အကြာလောက်မှာ ခန့်မှန်းမိပြီးတော့ အုပ်စု (ခ) ကတော့ တစ်မိနစ်ကို ၇၇ စက္ကန့်အကြာမှာ ခန့်မှန်းခဲ့တာပါ။
သင်ဟာ သင့်ရဲ့ အဆိုးဆုံးရန်သူပါ။
အချိန်နောက်ကျလေ့ရှိခြင်းဟာ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့ထဲက တစ်ခုကတော့ အရမ်းကို အသေးစိတ်ကျကျ အလုပ်လုပ်လွန်းခြင်းပါပဲ။ လန်ဒန်က ကျောင်းဆရာမတစ်ယောက်ကတော့ သူ့အတွက် အမြဲတမ်း နောက်ကျတတ်တဲ့ ကိစ္စက ကျောင်းသားတွေကို ရီပို့ရေးပေးခြင်းပါ။ “ ကျွန်မက ကျောင်းသားတွေရဲ့ ရီပို့ရေးပေးတဲ့အခါ ဘယ်တော့ ပြီးအောင်ရေးမယ်လို့ မသတ်မှတ်ထားပါဘူး။ အဲ့လို အချိန်သတ်မှတ်ပြီးလုပ်ရတာကိုလည်း စိတ်မပါဘူး။ ၃၊၄ ပတ်လောက်တော့ အချိန်ယူပြီး ရီပို့ရေးပေးတယ်။ ဒါမှလည်း ကလေးတွေကို တစ်ယောက်ချင်း သေသေချာချာ အကဲဖြတ်အမှတ်ပေးနိုင်မှာလေ။ ဒါပေမယ့် ဒီလိုလုပ်လို့လည်း ရီပို့တွေက အမြဲလိုလို နောက်ကျပြီးမှ ပြီးတာပါပဲရှင်”
တချို့လူတွေ အတွက်တော့ နောက်ကျလေ့ရှိခြင်းဟာ အာရုံကြောဆိုင်ရာ အခြေနေ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေနေတစ်ခုခုမှာ ဖိစီးယိုယွင်းမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်မှုရောဂါရှိတတ်သူတွေမှာ အချို့သော အခြေနေတွေကို ရင်မဆိုင်ရဲလို့ နောက်ကျတတ်တဲ့ အလေ့အထတွေ့ရပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းရင်လည်း သူတို့ လုပ်တဲ့အလုပ်ကိစ္စတွေကို အချိန်ယူပြီး အပြီးသတ်နိုင်အောင် လုပ်ရတဲ့အတွက် နောက်ကျတတ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျရောဂါကလည်း အလုပ်တစ်ခုကို အချိန်မီပြီးစီးအောင် တွန်းအားပေးမယ့် စိတ်အခြေနေမျိုး အားနည်းတဲ့အတွက် နောက်ကျတဲ့ အကျင့် တွေ့ရပါတယ်။
ဦးနှောက်နဲ့ ဆင်ခြင်၊ ဒါဆို အချိန်မီပြီလား။
ဒေါက်တာလင်ဒါဆာပါဒင် ဆိုတဲ့ စိတ်ပညာရှင်တစ်ဦးပြောတာကတော့ အမြဲတမ်း အချိန်နောက်ကျတတ်တာဟာ “ အစွဲအလမ်းကြီးတဲ့ အတွေးစိတ်များခြင်း ပြဿနာ” ကြောင့်ပါလို့ ပြောပါတယ်။
သူ့ရဲ့ အဆိုကို အတိုချုပ်ပြောရရင်တော့ အချိန်နောက်ကျလေ့ရှိသူတွေဟာ အချိန်မီအောင် လုပ်ရမယ့်အစား အချိန်နောက်ကျမှာကို စိုးရိမ်ပူပန်နေတာကို အာရုံစိုက်လွန်းနေတတ်ပါတယ်။ ဒီလို စိုးရိမ်ပူပန်နေတာကို ဘယ်လိုကျော်လွှားမလဲဆိုတာ အဖြေမရှာဘဲ စိုးရိမ်မှုကို ဆင်ခြေတွေအဖြစ် အသုံးချပစ်တတ်ကြပါတယ်။ “ဒါပေမယ့်” ဆိုတဲ့ စကားလုံးဟာ သူတို့ရဲ့ ဆင်ခြေတွေဖြစ်လာပါတယ်။ ဥပမာ “အခမ်းအနားပွဲတစ်ခု တက်စရာရှိတယ်၊ ဒါပေမယ့် ငါ ဘာဝတ်ရမလဲ မသိသေးဘူးကွာ” သို့မဟုတ် “ ငါတော့ ဆောင်းပါးတစ်ခုကို စရေးနေပြီ၊ ဒါပေမယ့် ငါ့အပေါင်းအသင်းတွေ မကြိုက်မှာလည်း စိုးရိမ်မိတယ်” စသဖြင့် ကိုယ့်ဘာကို တွေးတတ်မိနေပါတယ်။
“ဒါပေမယ့်” ဆိုတဲ့ စကားလုံး အနောက်က ကိစ္စဟာ တကယ်တော့ အရေးကြီးပါတယ်။ “ဒါပေမယ့်” ဆိုတဲ့ စကားလုံး အစား “ဒါပြီးတော့” ဆိုတာကို ပြောင်းသုံးသင့်ပါတယ်။ “ဒါပေမယ့်” ဆိုတဲ့ စကားလုံးဟာ မကောင်းမြင်ခြင်းနဲ့ အကြပ်အတည်းဖြစ်ခြင်း သဘောကို ဆောင်ပါတယ်။ “ဒါပြီးတော့” ဆိုတဲ့ စကားလုံးကတော့ ရှေ့ဆက်လုပ်နိုင်ခြင်း နဲ့ အဖြေရှာတွေ့ခြင်း သဘောကို အဓိပ္ပါယ်သက်ရောက်စေပါတယ်။ ဒါ့အပြင် သင့်ရဲ့ အတွေးထဲမှာလည်း အလုပ်ကိစ္စအတွက် ဖိစီးမှုနည်းလာပြီးတော့ ရင်ဆိုင်ကျော်လွှားနိုင်မယ့် အတွေးတွေ ရရှိစေနိုင်ပါတယ်။ ဒါကတော့ ဒေါက်တာဆာပါဒင်ရဲ့ အမြင်တချို့ပါ။
ဒီလွန်ဇာ ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ နောက်ကျတတ််တဲ့ အကျင့်ဆိုးရဲ့ အကြောင်းရင်းကို ရှာဖွေပြီးတော့ ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူ့အကျင့်ဆိုးရဲ့ တရားခံကတော့ သတ်မှတ်ချိန်နားကပ်ပြီးမှ အလုပ်ပြီးအောင် ကမန်းကတန်းလုပ်တဲ့ ခံစားချက်ကို ကြိုက်နှစ်သက်နေလို့ပဲ ဖြစ်ပါတယ်။ “အချိန်မှန်မှန်လုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားရင်းမှပဲ ယုံကြည်ကိုးစားနိုင်တဲ့ လူတစ်ယောက်ဖြစ်ရတာဟာ တော်တော်အရေးကြီးကြောင်း ကျွန်မ နားလည်လာတယ်” လို့ ဒီလွန်ဇာက ပြောပါတယ်။ ဆက်ပြီးတော့ သူမက ဒီလို အားကိုးရတဲ့ လူတစ်ယောက်ဖြစ်အောင်လည်း အဓိကထား ကြိုးစားသွားမယ်လို့ ပြောပါတယ်။
တကယ်တော့ ဒီလိုအကျင့်ဆိုးကြီးကို ဘယ်လိုမှ သည်းမခံနိုင်တဲ့ မိတ်ဆွေမိသားစုတွေလည်း အများကြီးပါ။ ဒေါက်တာဆာပါဒင်ရဲ့ ဆေးခန်းမှာဆို နောက်ကျတတ်တဲ့ လူနာနဲ့အတူ ဒေါသတကြီးဖြစ်နေတဲ့ အဖော်တွေကိုလည်း အမြဲလိုလို တွေ့ရတတ်ပါတယ်။
ဒီလို နောက်ကျတတ်တဲ့လူတွေကို အမြဲတမ်းစောင့်ပေးရတဲ့ ခင်ဗျားတို့မှာလည်း အခွင့်အရေးအပြည့်ရှိပါတယ်။ ခင်ဗျားတို့ ဘယ်လောက်အတိုင်းအတာထိပဲ သည်းခံနိုင်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။
တစ်ဖက်က နောက်ကျလို့ ကိုယ်က ဒေါသထွက် စိတ်ဆိုးနေမယ့်အစား ခင်ဗျားဖက်ကနေ စည်းကမ်းအချို့ ပွင့်ပွင့်လင်းလင်း သတ်မှတ်ထားလိုက်ပါ။ ဥပမာ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတုန်း ခင်ဗျားမိတ်ဆွေက ၁၀ မိနစ်ထက် နောက်ကျရင် ဆက်မစောင့်ဘဲ တစ်ယောက်တည်း သွားကြည့်လိုက်တာမျိုး ဖြစ်ဖြစ်ပေါ့။
ကျွန်တော်ကတော့ မိတ်ဆွေကောင်းတစ်ယောက်ကြောင့် ဒီလို နောက်ကျတဲ့ အကျင့်ဆိုးကို ပြင်ဆင်နိုင်မယ့် အခွင့်အရေးရခဲ့ပါတယ်။ တခါသား ကျွန်တော်တို့ ပန်းခြံတစ်ခုမှာ အပြေးလေ့ကျင့်မယ် ချိန်းတော့ ကျွန်တော်က တစ်နာရီလောက် နောက်ကျနေခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ကျွန်တော်နဲ့ ဘယ်တော့မှ အပြေးလေ့ကျင့်မယ့်ကိစ္စမျိုး ထပ်လုပ်မှာ မဟုတ်တော့ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောလာပါတယ်။ ဒီလိုကြောင့်ပဲ ကျွန်တော်ဟာ ကိုယ့်အမှားကိုယ်ကို ဆင်ခြင်နိုင်ခဲ့ပြီးတော့ နောက်ကျတတ်တဲ့အကျင့်ဆိုးကနေ ရုန်းထွက်ဖို့ တွန်းအားရခဲ့ပါတယ်။
ဆိုရိုးတော့ ရှိတယ်မလား။ “ခွေးမြီးကောက် ကျည်တောက်စွပ်”
ဒါကြောင့်မို့လည်း အပေါ်မှာ ပြောခဲ့သလိုပဲ ကျွန်တော်လည်း ဒီဆောင်းပါး အမှီမပြီးနိုင်ပဲ နောက်ကျမှ ပို့ခဲ့ရတာပါ။ ဘာပဲပြောပြော နောက်တစ်ခေါက် ကျွန်တော့ကြောင့် အခြားသူတစ်ယောက်ယောက် စောင့်နေရရင် ဘာလို့ အဲ့လိုနောက်ကျခဲ့ရလဲဆိုတာ ပြန်တွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲရတော့မယ်ဆိုတာ နည်းနည်းလောက်ဖြစ်ဖြစ် ကြိုးစားကြည့်ဦးမယ်ဗျို့။
(BBC ဆောင်းပါးရှင် Laura Blake ၏ Whay Some People Are Always Late ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။)
Keep Reading