SarPhat Author
ငယ်ငယ်က ပိုက်ဆံကောက်ရဖူးသည်။ လွန်ခဲ့တဲ့ ၂၄နှစ်ခန့် ကျွန်တော် ၅နှစ် ၆နှစ် ဝန်းကျင်ကဖြစ်မည် ထင်သည်။ ကောက်ရပုံက ဆန်းသည်။ ကျွန်တော်တို့မောင်နှမ လေးယောက် တခြားရပ်ကွက်ဘ ဗီဒီယိုရုံသို့ ရုပ်ရှင်သွားကြည့်ကြရာ ရှေ့မှ သုံးယောက်တွဲ သွားနေကြသော အစ်မ၊အစ်ကိုတို့က မတွေ့ဘဲ နောက်ဆုံးမှ တစ်ယောက်တည်းကျန်ရစ်ခဲ့သော ကျွန်တော်က ပိုက်ဆံကောက်ရခြင်း ဖြစ်သည်။ ပိုက်ဆံက ၅၀၀ကျပ်တန် ဖြစ်သည်။ တစ်ရက်ကို ကျောင်းမုန့်ဖိုး ၁၀ကျပ် ပဲရတဲ့ကာလမှာ ၅၀၀ တန် ကောက်ရခြင်း ဖြစ်သည်။ ဗီဒီယိုရုံဝင်ခက အဲ့အချိန်က တစ်ဦးကို ၅ကျပ် ထင်သည်။ ဗီဒီယိုရုံဝင်ခ အတိအကျပဲ အားလုံးက ပါလာကြသည်။ မုန့်စားဖို့ပင် အပို မပါခဲ့ကြတော့ပေ။ ကောက်ရသည့် ၅၀၀ ကျပ်တန်သည် အသစ်လွင်ကြီး မဟုတ်သော်လည်း အလတ်လေး ဖြစ်သည်။ အဲ့အချိန်က ၅၀၀ တန် ကောက်ရသည်ကို မည်မျှလောက် ပျော်သွားသလဲဆိုလျှင် ဒီဇမ္ဗူမှာ ငါကံအကောင်းဆုံးလို့ပင် ထင်သွားမိလောက်သည်။ ၅၀၀ တန်ကို ကောက်ယူပြီး ဝမ်းသားအားရ ရှေ့ကိုပြေးထွက်သွားကာ
“ ပိုက်ဆံ၅၀၀ ကောက်ရတယ်ကွ၊ ပိုက်ဆံကောက်ရတယ်… ဟေး”
“ပိုက်ဆံ၅၀၀ ကောက်ရတယ်…ဟေး”
ဆိုပြီး အော်ဟစ်ခုန်ပေါက်နေတော့သည်။ မောင်နှမတွေက ဝိုင်းမေးတာကိုပင် မဖြေနိုင်ဘဲ ၅၀၀ တန်ကြီး ထောင်ပြီး
“ပိုက်ဆံ ကောက်ရတယ်… ဟေး
ပိုက်ဆံ ကောက်ရတယ်..ဟေး” ဆိုကာ အော်ပဲ အော်နေသည်။
ထိုအချိန်မှာပဲ အနီးနားမုန့်ဆိုင်က ဦးလေးကြီးတစ်ယောက် ထွက်လာပြီး
“"သား၊ ပိုက်ဆံကောက်ရတာလား။ စောနက ဦးလေး ပိုက်ဆံကျပျောက်သွားလို့ လိုက်ရှာနေတာ”
“"ဦးလေးက ဘယ်လောက်ကျပျောက်သွားလို့တုန်း”
“"၅၀၀ တန်ကြီး ပျောက်သွားတာ”
“"သားကောက်ရတဲ့ ပိုက်ဆံ၅၀၀ က ဦးလေး ကျခဲ့တဲ့ ပိုက်ဆံ”
ထိုဦးလေးကြီး ထွက်လာတဲ့ မုန့်ဆိုင်ကနေ နောက်ထပ် အန်တီကြီးတစ်ဦး ထပ်ထွက်လာပြီး
“"ဟုတ်တယ် သား၊ သူပိုက်ဆံ ၅၀၀ ပျောက်သွားလို့ လိုက်ရှာနေတာ”
“"ဦးလေးပိုက်ဆံဆိုရင် နံပါတ်မှတ်မိလား” လို့ အစ်မက ဝင်မေးသည်။
“"ဘယ်သူက ပိုက်ဆံနံပါတ်တွေ လိုက်မှတ်ထားမလဲ သမီးရယ်”
“"ပျောက်သွားတဲ့ ပိုင်ရှင်ပြန်တွေ့နေပြီပဲ ပြန်ပေးလိုက်ပေါ့ကွယ်..” ဟု အန်တီကြီးက ဝင်ပြောသည်။ ထို့နောက် တဆက်တည်း
“"မုန့်ဖိုးလေးတော့ ပေးလိုက်ပေါ့။ ကလေးက ပိုက်ဆံကောက်ရတာကို “ ဟု ပိုက်ဆံပိုင်ရှင်ဟုပြောသည့် ဦးလေးကြီးဘက်ကို လှည့် ပြောလိုက်သည်။
“"မုန့်ဖိုးပေးပါမယ် သားရယ်၊ ဦးလေးပိုက်ဆံပါ။
ရော့ မုန့်ဖိုး” ဆိုပြီး ငါးကျပ်တန် ၂ရွက်၊ တစ်ဆယ်တန် ၂ရွက် ထုတ်ပေးသည်။
ထိုဦးလေးကြီး ပေးသည့် ပိုက်ဆံ၄ရွက်ကို ယောင်နနနဲ့ လှမ်းယူပြီး လက်ထဲက ၅၀၀ ကျပ်တန်ကို ကမ်းပေးလိုက်သည်။
“"ကျေးဇူးပါ သားရေ၊ ကျေးဇူးတင်ပါတယ်။”
ဟု ထိုဦးလေးကြီးက ကျေးဇူးတင်စကားတွေပြောပြီး လှည့်ထွက်သွားသည်။
“"ငါပြောပေးလို့ ရတာ၊ ငါ့ကိုလည်း ပေးဦး” ဟု အန်တီကြီးရဲ့အသံကို လှမ်းကြားလိုက်သေးသည်။
အစ်မက
“"နင် ဘာလို့ ၅၀၀ တန်ကို ပေးလိုက်ရတာလဲ” မေးသည်။
“"ဒီမှာလေ ပိုက်ဆံ ၄ရွက်တောင် ပြန်ရတယ်လေ” ဟု ပြန်ဖြေလိုက်သည်။
အဲ့နေ့က ဗီဒီယိုရုံမဝင်ခင် အချဉ်ထုပ်တွေအများကြီး ဝယ်လို့ ရလိုက်သည်။ အပြန် မုန့်တီပါ ဝင်သောက်ခဲ့ကြသည်။
(ခီရာ)
Sat,12.23
Keep Reading