SarPhat Author
Content Writer အကြောင်းမပြောခင် Content အကြောင်းကို အရင်ဆုံးရှင်းလိုက်ရအောင်။ Content ဆိုတာ ကြည့်/ဖတ်/နားထောင်နိုင်တဲ့ အကြောင်းအရာတွေဖြစ်ပြီး အမျိုးအစားများစွာရှိပါတယ်။
Video Content ၊ Photo Content လို Visual Content တွေလည်းရှိသလို၊ Music Content လို Audio Content လည်းရှိပါတယ်။ ပြီးတော့ Digitally အရ ထုတ်လုပ်တဲ့ Content အမျိုးအစားတွေရှိသလို၊ Traditional Content တွေလည်းရှိပါတယ်။
လူအများစုကတော့ Content လို့ပြောတာနဲ့ စာရေးတယ်လို့ပဲ ထင်ကြပါတယ်။ ဒီလို Content အမျိုးအစားများစွာတွေထဲကမှ စာအဖြစ် ထုတ်လုပ်တဲ့ Content တွေကို ရေးသားတည်းဖြတ်သူကို Content Writer လို့ခေါ်ပါတယ်။ Content Writing Job ဟာ လက်ရှိအချိန်မှာဆိုရင်လည်း ခေတ်စားနေတဲ့ အလုပ်အကိုင်တစ်ခုပါပဲ။
ဒီနေ့တော့ “Content Writer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ?” ဆိုတာကို မျှဝေပေးသွားပါမယ်။
ဆိုတော့ Content Writer ဖြစ်ဖို့ ဘွဲ့တွေလိုလား?
ပြောရရင် ဒီအလုပ်အကိုင်ရာထူးအတွက် B.A (Content) ၊ B.Sc (Content) ဆိုတာမျိုးတွေမရှိသလို သီးသန့် ကျောင်းတွေလည်း မရှိပါဘူး။
တစ်ခုရှိတာကတော့ ကိုယ်က လက်ရှိမှာ Journalism တို့ English စာအထူးပြု၊ Communication စတဲ့ အထူးပြုဘာသာရပ်တွေ သင်ယူထားသူဖြစ်တယ်ဆိုရင် Content Writer အလုပ်အကိုင်အတွက် အခွင့်အလမ်းကောင်းကောင်းရှိတယ်လို့ ပြောရမှာပါ။
ဆိုလိုချင်တာက ဒီလို ဘွဲ့တွေရှိထားရင် နည်းနည်း အထောက်အကူပြုနိုင်တယ်လို့ ပြောချင်တာပါ။
Content Writer ဖြစ်ဖို့ ဘာတွေသိထားရမလဲ?
အရင်ဆုံးအနေနဲ့ “ကိုယ်က ဘယ်လို Content မျိုးတွေကို ဖန်တီးရေးသားရတာ အားသာလဲ?” ဆိုတာ အရင် သုံးသပ်ရပါမယ်။ ဒီလို သုံးသပ်ဖို့ကလည်း Content အမျိုးအစားတွေကို သိဖို့လိုပါမယ်။
Blog Post လို ဆောင်းပါးရှည်ရှည်တွေ ရေးရတာသဘောကျလား? Brand တွေအတွက် Copy တွေ ရေးသားရတာကြိုက်လား? Journalism ပုံစံနဲ့ Story/Issue တွေ ရေးသားရတာကြိုက်လား? စသဖြင့်ပေါ့။ ပြီးတော့ Content Type တွေကို လေ့လာထားဖို့လိုပြီး စာတွေများများ ဖတ်ဖို့လည်းလိုပါမယ်။
Content Writer ဖြစ်ဖို့ ဘာအရည်အချင်းတွေလိုအပ်မလဲ?
Language Skill - ပထမဦးဆုံးနဲ့ အရေးပါဆုံးကတော့ ဘာသာစကားစွမ်းရည်ပါ။ မြန်မာစာကို ဝါကျမှန်မှန်၊ သဒ္ဒါကျကျ၊ သတ်ပုံတိကျစွာ ရေးသားနိုင်ရင်တော့ Content Writer တစ်ယောက်ဖြစ်ဖို့ ၅၀ ရာခိုင်နှုန်းသေချာပါပြီ။ English ဘာသာစကားကိုပါ တက်ကျွမ်းထားပြီဆိုရင်တော့ ၇၀ ရာနှုန်းလောက် ပိုသေချာသွားပါပြီ။
Editing Skill - နောက်တစ်ခုကတော့ တည်းဖြတ်နိုင်တဲ့ စွမ်းရည်ပါ။ ကိုယ်ရေးလိုက်တဲ့ Content ကို အချောသတ်ဖို့က စိတ်ရှည်ရှည်နဲ့ တည်းဖြတ်ဖို့ လိုအပ်တာကြောင့်ပါ။
Creativity - နောက်ထပ် လိုအပ်တဲ့ စွမ်းရည်တစ်ခုကတော့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် စိတ်ကူးကောင်းတယ်၊ ဖန်တီးနိုင်စွမ်းရှိတယ်လို့ ယူဆရင်တော့ Content Writer အလုပ်ကို လုပ်ကိုင်ဖို့ အဆင်ပြေပြီသာ မှတ်ယူလိုက်ပါ။
Research and Learning Skill - နောက်ဆုံးတစ်ခုကတော့ လေ့လာနိုင်စွမ်းပါပဲ။ ကိုယ်ရေးသားမဲ့ အကြောင်းအရာအတွက် သင်ယူလေ့လာနိုင်စွမ်း အားကောင်းရမှာဖြစ်တဲ့အပြင် လိုအပ်ရင် Internet ပေါ်မှာလည်း Research လုပ်ရဦးမှာဆိုတော့ ဘာမဆို ဖြတ်ဖြတ်လတ်လတ်နဲ့ သင်ယူလိုစိတ်ရှိရပါမယ်။
ဒီ Skill တွေအပြင် အရေးကြီးတဲ့ တစ်ခုကတော့ အတွေ့အကြုံပါပဲ။ ဥပမာပြောရရင် ငယ်ငယ်က ကျောင်းမှာ အစမ်းစာမေးပွဲတွေ အကြိမ်ကြိမ်စစ်ခဲ့တယ်မလား? ပြီးမှ စာမေးပွဲအစစ်ကြီးကို ဖြေရတာပါ။ အစမ်းစားမေးပွဲတွေမှာ ကျွန်တော်တို့ လုပ်ခဲ့မိတဲ့ အမှားတွေကို တကယ့်အစစ်မှာ မှန်မှန်ကန်ကန် ဖြေနိုင်ရင် အတန်းတက်မယ်။
အဲဒီလိုမျိုးပါပဲ လေ့ကျင့်မှုများများပြုရင်းနဲ့ပဲ Professional Content Writer ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာမှာပါ။
အနှစ်ချုပ်ပြောရရင်တော့ စာများများရေးရမယ်၊ ကိုယ့်ကို ကူညီနိုင်သူ Senior Content Writer တွေဆီကနေ များများ Feedback ယူရပါမယ်။ အတွေ့အကြုံဆိုတာ ကိုယ့်ဘာသာကို တည်ဆောက်ယူဖို့ ခက်ပါတယ်။
ဒီတော့ ကိုယ်သိထားတဲ့ ဗဟုသုတတွေကို သူများကို Sharing လုပ်ရတာကြိုက်တယ်၊ စာရေးရတာလည်း ဝါသနာပါတယ်ဆိုရင် Content Writer အဖြစ် စလုပ်ကိုင်ဖို့ တိုက်တွန်းလိုပါတယ်။
လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ကိုယ့်ရဲ့ Senior တွေ၊ အထက်က Creative Director တွေနဲ့ အလုပ်တွဲလုပ်ရင်း လုပ်ငန်း အတွေ့အကြုံရရှိပြီး အရည်အသွေးပြည့်တဲ့ Pro Content Writer ဖြစ်လာနိုင်မှာပါ။
ဒါကြောင့် စလုပ်ကြည့်ပါ။ ငါ့မှာ ဒီ Skill တွေမရှိသေးလို့။ သတ်ပုံတွေမရလို့ ဆိုပြီး ထိုင်နေမယ်ဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
ဒီတော့ အကြံပေးချင်တာကတော့ ကိုယ်က Content Writer ဖြစ်ချင်တယ်ဆိုရင် စာများများဖတ်ပါ၊ ရေးပါ။ Industry ထဲက Content Writer တွေရဲ့ လက်ရာကို လေ့လာပါ။ အလုပ်စဝင်ကြည့်ပါလို့ ပြောရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။ နောက်နေ့မှာ ပြန်တွေ့ကြမယ်ဗျာ..
Keep Reading