Author's Profile Photo

SarPhat Author

22/12/2023

ကိုရီးယားနိုင်ငံမှာ ‌ကျောင်းတက်ချင်တယ် ဘယ်ကစရမလဲ?

2 mins read
Life Style
Personal Development
Education
ကိုရီးယားနိုင်ငံမှာ ‌ကျောင်းတက်ချင်တယ် ဘယ်ကစရမလဲ?'s photo

ပြင်ဆင်ဖို့မစခင်မှာ အရင်ဆုံး “ဘာလို့ ကိုရီးယားမှာ ကျောင်းသွားတက်ချင်တာလဲ” ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးစေချင်ပါတယ်။ တိကျသေချာတဲ့ အဖြေမရှိပဲ ဒီတိုင်းသွားမယ်ဆိုတာရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ တစ်မြို့တစ်ရွာ ပြောင်းနေတာတောင် မလွယ်ကူတာဖြစ်လို့ သူများနိုင်ငံမှာဆို ပိုဆိုးပါတယ်။

နောက်တစ်ခုက ရည်မှန်းချက်တစ်ခုနဲ့ လာမယ်ဆိုရင်လည်း ကိုယ်တက်မဲ့ မေဂျာကို သေချာရွေးပြီး အဲမေဂျာက ကိုယ့်နိုင်ငံမှာ ပြန်ပြီး apply လုပ်လို့ရ/မရ သေချာလေ့လာစေချင်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်နေပါလိမ့်မယ်။

အရင်ဆုံး ပြင်ဆင်ရမှာတွေကတော့ တော်တော်များပါတယ်။ ကျောင်းတစ်ခုနဲ့တစ်ခုမတူတာဖြစ်လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကလည်း မတူတတ်ပါဘူး။

အဓိက အနေနဲ့ ပေးရမှာတွေက ပညာရေးအထောက်အထားတွေ၊ အိမ်ထောင်စုစာရင်းအထောက်အထားတွေ၊ Certificate တွေ - ဒီနေရာမှာ တစ်ခုရှိတာက Certificate ဆိုတာ အရေအတွက်များများ ရထားတဲ့ဟာတွေက သိပ်အသုံးမဝင်ပါဘူး၊ ကိုယ်လျှောက်မဲ့ ဘာသာရပ်ကို အထောက်အကူပြုနိုင်တဲ့ လက်မှတ်တွေကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

နောက်တစ်ခု သေချာဆုံးဖြတ်ရမှာက MA (or) BA တက်မလား ဆိုတာပါ။ ကိုရီးယားကျောင်း တော်တော်များများမှာ MA Class တွေက အတန်းချိန်နည်းပါတယ်။ ဒါပေမဲ့ MA join နိုင်ဖို့အတွက် တက်ရမဲ့ ဘာသာနဲ့ ပတ်သက်တဲ့ အထောက်အထားကို သေချာပြနိုင်ရပါမယ်။ BA ဆိုရင်တော့ အတန်းတွေများပါတယ်။ ဒါပေမဲ့ Group တွေနှင့်အတူ စာတွေလုပ်သွားရင်း လေ့လာသွားလို့ရပါတယ်။

MA တက်ရင်တော့ အားလုံးဟာ Self-study ပါပဲ။ ကျောင်းသားအသစ်မို့လို့၊ စကားမတတ်သေးလို့ဆိုပြီး လျှော်ပေးတာမျိုး မရှိပါဘူး။ ကျောင်းစဖွင့်ကတည်းက Presentation ဆိုတာ ဆက်တိုက်လုပ်ရမှာပါ။ ခွဲခြားဆက်ဆံခံရမှာတွေ၊ အထီးကျန်တာတွေ၊ စာမလိုက်နိုင်မှာတွေ အဲတာတွေကို မခံစားနိုင်ရင်တော့ နေရတာအဆင်ပြေမှာမဟုတ်ပါဘူး။

ကိုရီးယားမှာ ကျောင်းတက်ဖို့ ဘယ်ကစရမလဲ?

ကိုရီးယားမှာကျောင်းတက်ချင်တယ်၊ ကိုရီးယားပညာရေးကို စိတ်ဝင်စားတယ်ဆိုပြီး ကျောင်းနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေကို ဘာမှမသိသေးလို့ ဟိုဒီလိုက်မေး၊ အစရှာနေစရာ မလိုအောင် ကိုရီးယားအစိုးရကိုယ်တိုင်က Study in Korea ဆိုတဲ့ Website လုပ်ပေးထားတာရှိပါတယ်။

အဲဒီအထဲကနေ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နှင့် ကျောင်းတွေကို ရှာကြည့်ပြီး ကျောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအပြင် ကျောင်းလခနဲ့ Topik Level ပေါ်မူတည်ပြီး ပထမဆုံးနှစ်ဝက်အတွက်ပဲပေးတဲ့ Admission Scholarship တွေရယ်၊ နောက် Semester မှာရတဲ့ အမှတ်ပေါ်မူတည်ပြီး ပေးတဲ့ GKS Scholarship တွေကို လေ့လာကြည့်နိုင်ပါတယ်။

အဲ့ဒီကနေတဆင့် ကျောင်း Website ကို ဝင်ကြည့်ရင်တော့ ပိုပြည့်စုံပါတယ်။ Scholarship တွေက ကျောင်းတကျောင်းနဲ့ တကျောင်း ပေါ်လစီမတူတာဖြစ်လို့ အကုန်လုံးတော့ မတူနိင်ပေမဲ့ ကျောင်းတိုင်းနီးပါးမှာတော့ ဒီလို Scholarship တွေရှိကြပါတယ်။

TOPIK

TOPIK ဆိုတာက Test of Proficiency in Korea ဆိုတဲ့ ကိုရီးယားဘာသာ အရည်ချင်းစစ်စာမေးပွဲဖြစ်ပြီး တက္ကသိုလ်တက်မဲ့ နိုင်ငံတကာကျောင်းသားတွေ မဖြစ်မနေဖြေရတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ Level 6 ထိရှိပြီး အနိမ့်ဆုံး Lv 3 ကနေ ကျောင်းဝင်ခွင့်ရတယ်ဆိုပေမဲ့ ဘွဲ့ယူဖို့အတွက် Lv 4 ထိ လိုအပ်ပါတယ်။

ကျောင်းကောင်းရင်တော့ ဝင်ခွင့်က Lv 3 လို့ပဲ ရေးထားပေမဲ့ ဝင်ခွင့်ရဖို့ကတော့ မသေချာပါဘူး။ မြန်မာပြည်မှာတော့ သံရုံးစာမေးပွဲလို့လည်းခေါ်ကြပြီး တစ်နှစ်မှ (၁) ကြိမ်ပဲ ရှိပါတယ်။ ကိုရီးယားမှာတော့ တစ်နှစ်မှာ လေးကြိမ်အထိ ဖြေလို့ရပါတယ်။

တက္ကသိုလ် ဘယ်လိုရွေးရမလဲ?

ကျောင်းလျှောက်တဲ့အခါ အကြံပေးချင်တာတစ်ခုက ဘာသာစကားကို ဝင်ခွင့်တစ်ခုတည်းအတွက်မဟုတ်ပဲ နောက်ထပ် ကျောင်းမှာဖြတ်သန်းရမဲ့ ကာလအတွက်ကိုပါ ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။

ဘာသာစကားသင်တန်းကျောင်းထက် အဆပေါင်းများစွာ စာတွေဖတ်ရရေးရမှာဖြစ်လို့ TOPIK Lv 3 လောက်နဲ့ ကျောင်းတက်တာထက် Lv 5, 6 လောက် ရမှတက်တာတောင် ရုန်းကန်နေရတာကိုလည်း ထည့်စဥ်းစားရမှာပါ။

မြန်မာကျောင်းသားတွေ အများဆုံးရှိတာက ဘူဆန်က Pukyung National University မှာပါ။ အဲကျောင်းမှာ မြန်မာအသိုင်းဝိုင်းလည်းရှိတော့ အချိန်ပိုင်းအလုပ်အတွက်လည်း အဆင်ပြေသလို၊ ကျောင်းသားအဖွဲ့စည်းတွေလည်းရှိတာကြောင့် Show Money ဘာညာအတွက်လည်း ဝိုင်းကူညီပေးကြတယ် ပြောပါတယ်။

ပြီးတော့ အဲ့ကျောင်းက ဘူဆန်က ဆရာတော်ကောင်းမှုကြောင့် တစ်နှစ်ကိုလေးယောက် ပညာသင်ဆု အပြည့်ပေးတာလည်း ရှိပါတယ်။ ဒါတင်မကသေးပဲ အဲ့ကျောင်းက အပေါ် ဘက်က ကျောင်းတွေထက် ကျောင်းလခ တော်တော်လေးသက်သာပါတယ်။

ကျောင်းရွေးတဲ့အခါကျရင် ကိုယ့်အစီအစဥ်နဲ့ တက်မဲ့သူတွေက‌ ကျောင်းတင်မက တခြားအခြေအနေတွေကိုပါ ထည့်သွင်းစဥ်းစားပြီးရွေးရင် ပိုအဆင်ပြေနိုင်ပါတယ်။

ဆိုတော့…စာလေးလည်း အတော်ရှည်သွားပြီမို့လို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားခွင့်ပြုပါ။ နောက်နေ့မှာ ပြန်တွေ့ကြတာပေါ့။ ။











Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)