Author's Profile Photo

ကိုခန့်

20/12/2023

ကဲ့ရဲ့ပြစ်တင်စကားတွေကြောင့် စိတ်ညစ်နေရပြီဆိုရင်.....

2 mins read
Life Style
Personal Development
ကဲ့ရဲ့ပြစ်တင်စကားတွေကြောင့် စိတ်ညစ်နေရပြီဆိုရင်.....'s photo

ကျွန်တော် စာဖတ်သူတွေအားလုံးကို မေးခွန်းလေးတစ်ခုလောက်မေးပါရစေ။
"အခြားသူတွေ ကိုယ့်ကို မကောင်းမြင်နေလို့၊ အပြစ်တင်ဝေဖန်နေလို့ စိတ်ညစ်ရဖူးပါသလား"
လူတိုင်းအနည်းနဲ့အများတော့ ကြုံဖူးကြမယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီလိုကြုံလာခဲ့ရင်....
"မကောင်းပြောနေသူတွေကို ဒီလိုပြောရကောင်းလားဆိုပြီး ရန်သွားရှာတာ၊
သူတို့မို့ ငါကို အဲဒီလိုပြောရက်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတာ၊
သူတို့ပြောသလို ငါကိုယ်တိုင်က တကယ်အသုံးမကျတာပါကွာဆိုပြီး Depression တွေဝင်၊ဘာမှမလုပ်တော့တာတွေ"ရော တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံခဲ့ဖူးကြမယ်ထင်ပါတယ်။
ကျွန်တော်လည်း အခြားသူတွေက ကိုယ်နဲ့ပတ်သက်ပြီး အပြစ်တင်ပြောဆိုတာမျိုးတွေ၊မကောင်းမြင်တာမျိုးတွေဖြစ်လာပြီဆိုရင် အပေါ်မှာပြောခဲ့သလို "ငါ့ကိိုဘာလို့နားလည်မပေးနိုင်ရတာလဲ " ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။ဒေါသတွေလည်း ထွက်ခဲ့ဖူးပါတယ်။
အဲဒီလိုဖြစ်လာရင် ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့လောက်အောင် စိတ်ဓါတ်တွေကျပြီး အခန်းထဲအောင်းခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါပဲ။
ဒါပေမယ့်အဲလိုလုပ်တာတွေက တကယ့်ဖြေရှင်းနည်းအမှန်မဟုတ်ပါဘူး။အခန့်မသင့်ရင် မလိုလားအပ်တဲ့ ပြဿနာတွေတောင် တွေ့ကြုံနိုင်ပါသေးတယ်။
ဒါကြောင့် အခြားသူတွေရဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုတွေ ကြုံလာရပြီဆိုရင် အဆင်ပြေစေဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျွန်တော်စတင်အသုံးပြုခဲ့တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။အဲဒီနည်းလမ်းလေးတွေ အသုံးပြုပြီးကတည်းက အခြားသူရဲ့ ပြောစကားတွေကြောင့် စိတ်ညစ်ရတာတွေ သိသိသာသာလျော့နည်းလာတာတွေ့ရတယ်။ စိတ်လည်းအတော် အေးချမ်းလာတယ်။

အဲဒီနည်းလမ်းလေးတွေကတော့....

၁။ကိုယ်ကိုယ်တိုင်က သူတို့ပြောသလို မှားယွင်းတဲ့ လုပ်ရပ်တွေ အမှန်တကယ်လုပ်နေမိပြီလားဆိုတာ ဆန်းစစ်ပေးတာပါ။
အမှားဆိုတာ လူတိုင်းနဲ့တော့မကင်းပါဘူး။အချို့သူတွေက အဲဒီအမှားတွေကို ပြင်စေချင်လို့ ပြောနေတာတွေလည်းရှိပါတယ်။ကိုယ့်ကိုယ်တိုင်က မှားနေမယ်ဆိုရင် ဘယ်သူကမှ ချီးမွမ်းနေမှာမဟုတ်ပါဘူး။ဒါကြောင့် အဲဒီလို အခြားသူတွေ ပြစ်တင်ဝေဖန်တာ ကြုံရရင် ပထမဆုံး "ကိုယ်ကိုယ်တိုင်ကရော အမှားတွေလုပ်နေမိပြီလား" ဆိုတာ သေချာဆန်းစစ်ပါ။ မှားနေခဲ့ရင် အမှန်ပြင်ပါ။
ကိုယ်ကမှ မှန်နေမယ်ဆိုရင်တော့ သူတို့တွေပြောနေတာကို ဂရုစိုက်မနေပါနဲ့။ ကိုယ့်လမ်းကိုယ်ဆက်သွားပါ။ဒါပေမယ့် ကိုယ့်လုပ်ရပ်တွေက ကိုယ့်အတွက်ရော၊ မိသားစုအတွက်ရော၊ပတ်ဝန်းကျင်အတွက်ရောပါ ထိခိုက်နစ်နာမှုမရှိစေဘူး၊မကောင်းတာမဖြစ်စေဘူးဆိုတာတော့ သေချာပါစေ။

၂။ပတ်ဝန်းကျင်မှာ (တစ်နည်းအားဖြင့် အခြားသူတွေမှာ)လည်း ဝေဖန်ပိုင်ခွင့်ရှိတယ်ဆိုတာ နားလည်ပေးပါ။
ကိုယ့်မှာလည်း ကိုယ့်အမြင်တွေ၊ကိုယ့်ခံယူချက်တွေ၊ရပ်တည်ချက်တွေရှိသလို၊အခြားသူတွေမှာလည်း သူတို့အမြင် ၊ သူတို့သဘောထားတွေ ရှိနေတယ်ဆိုတာ သတိရပေးပါ။သူတို့စိတ်၊သူတို့ကိုယ်၊ သူတို့အချိန်ကိုသုံးပြီးပြောနေတာပဲလေ။ကိုယ့်အနေနဲ့ ဘာတတ်နိုင်မှာလည်း။ကိုယ်လည်းအခြားသူတွေကို တစ်ခါတစ်လေ ကိုယ့်အမြင်နဲ့ကိုယ် ကောက်ချက်ချခဲ့ဖူးတာပဲ ။ ဒါမျိုးသူတို့မှာလည်း ထင်မြင်ပိုင်ခွင့်၊ပြောပိုင်ခွင့် ရှိပါတယ်လေ ဆိုပြီး သိပေးတာမျိုးပါ။

၃။ကိုယ့်မှာ သူတို့ကို ထိန်းချုပ်ပိုင်ခွင့်မရှိဘူးဆိုတာ သတိရပေးပါ။
တစ်ခုလောက်ထပ်မေးပါရစေ။
"ကိုယ့်ကိုယ်ကိုယ်ရော ၁၀၀% ထိန်းချုပ်နိုင်ပြီလား"ဆိုတာပါပဲ။
ကိုယ်တောင်မှ ကောင်းတာတွေပဲ အမြဲပြောနေမယ်၊စိတ်ကောင်းလေးပဲ အမြဲမွေးမယ်လို့ တွေးထားပေမယ့်တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ပြောဆိုမိတာတွေ၊ ဒေါသထွက်တာမျိုးတွေ၊ကိုယ့်ကိုယ်ကိုယ်တောင် အမြင်မကြည်တာ၊ပြစ်တင်ပြောဆိုမိတာတွေ ပြုတတ်ကြပါသေးတယ်။ကိုယ်ကိုယ်ကိုယ်တောင် control လုပ်နိုင်ဖို့ခက်ခဲတာ အခြားသူတွေကို(တစ်နည်းအားဖြင့် ကိုယ့်အပေါ်ပြစ်တင်ပြောဆိုနေသူတွေကို) controlလုပ်ဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် "ပြောပါစေ၊ငါမှ ထိန်းချုပ်လို့မရတာ"ဆိုတဲ့ အတွေးလေးနဲ့ အပြစ်ပြောနေသူတွေကို ခွင့်လွတ်နားလည်ပေးလိုက်ပါ။

ဒါကတော့ စာဖတ်သူတွေကို မျှဝေပေးချင်တဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။စာဖတ်သူတွေအနေနဲ့ အခြားသူတွေရဲ့ ပြောဆိုဝေဖန်မှုတွေကြုံလာခဲ့ရင် ဒီနည်းလမ်းလေးတွေကို သုံးပြီး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်ကပဲပုံဖော်ရမှာဖြစ်တာကြောင့် ကိုယ်ကလည်းမှန်နေတယ်၊ အခြားသူတွေအတွက်လည်း ထိခိုက်နစ်နာမှုမရှိဘူး၊ကိုယ့်အတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိစေမယ်ဆိုရင် ကိုယ်ခံယူချက်နဲ့ကိုယ် ရဲရဲရင့်ရင့်ရှေ့ဆက်လျှောက်ပါ။နောက်ပြီး အပြစ်ပြောနေတဲ့သူတွေကိုလည်း မေတ္တာနဲ့ ပြန်လည်တုံ့ပြန်လိုက်ပါလို့ အကြုံပြုပါရစေ။
စာဖတ်သူများအားလုံး အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ပြီး ကိုယ့်အနာဂတ်ကိုကိုယ် အကောင်းဆုံးပုံဖော်နိုင်သူတွေဖြစ်ကြပါစေ.....

******
ကိုခန့်


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)