Thats for U

Pageလေးမှာ တစ်ခုခုတင်ပြီဆိုတာနဲ့ 2 share ဆိုတာလေး တန်းမြင်ရတယ်။ ဘယ်သူလည်းကြည့်လိုက်တိုင်း ပါပါးနဲ့မေမေ။ ဘာလေးပဲတင်တင် အမြဲတမ်း share ပေးကြတာ။ ဖုန်းပြောတဲ့အခါလည်း….သားစာက ဘယ်လောက်ထိရောက်တာ မေမေတို့ ပါပါးတို့ သူငယ်ချင်းတွေက ဘယ်လောက်ကောင်းကြောင်း ပြောကြတာ…ပြောရတာအမော။
တစ်ခါတစ်လေတော့ မိဘမေတ္တာဆိုတာ မိဘတွေနဲ့အတူတူနေရင်တော့ မသိသာပဲ ကိုယ်ကအဝေးရောက်ပြီး သူစိမ်းတွေကြားရောက်တဲ့အခါ သိပ်သိသာပါတယ်။ တစ်ခါတစ်လေကျတော့ မိဘတွေနဲ့နေရတာ ချုပ်ချယ်ခံရတယ်ဆိုပေမဲ့လည်း သူတို့နဲ့ ညှိနှိုင်းပြီး သေချာပြောပြတဲ့အခါ နားလည်အောင်ပြောတဲ့အခါ နေရတာသိပ်အဆင်ပြေပါတယ်။
အခြားသူတွေအတွက်က friendship တို့ဘာတို့က first priority ပထမအရေးပါဆုံးဖြစ်ပေမဲ့ ကျွန်တော့်အတွက် မိသားစုက ပထမအရေးပါဆုံးပါ။ ကျွန်တော် သူစိမ်းတွေကြားရောက်တဲ့အခါ ဘယ်လောက်ကိုယ့်အပေါ်မှာ ကောင်းတယ်ပြောပြော သူတို့က ကိုယ့်အပေါ်မှာထားတဲ့ မေတ္တာက အရောင်လေးတွေ ပါနေတာပါပဲ။ Family ဆိုတာကတော့ ဝမ်းသာစရာဆိုလည်းအားရပါးရ ဝမ်းနည်းစရာဆိုလည်း အားရပါးရ ဖြူစင်တဲ့ မေတ္တာအပြည့်နဲ့ ဝမ်းသာပေးကြသူတွေပါ။
ကျွန်တော်ဆို ငယ်ငယ်တုန်းက အခြားသူတွေမောင်းတဲ့ကားကိုလိုက်စီးရတာထက် ပါပါးမောင်းတဲ့ကားလိုက်စီးရတာက ကျွန်တော့်အတွက် ပိုပြီးလုံခြုံတယ် ခံစားရတယ်။ ကျွန်တော်က ငယ်ငယ်ကဆို ဆေးရုံဆေးခန်း သွားပြီဆို မေမေပါမှ၊ ဆေးထိုးခံရပြီဆိုလည်း ၁၅နှစ်လောက်ထိ မေမေ့လက်ကို အားရပါးရညှစ်ထားတတ်တယ်။
ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုရင် Air-con ဖွင့်ပြီး စောင့်နေတဲ့ အန်တီအခန်းထဲကိုသွားပြီး ကျောင်းမှာဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေလုပ်ခဲ့တာဆိုပြီး အားရပါးရပြောပြတတ်တယ်။ အန်တီကလည်း မညည်းမညူ တက်တက်ကြွကြွ နားထောင်ပေးတတ်တယ်။ သူစိမ်းတွေကြားထဲရောက်တဲ့အခါ ကိုယ်ပြောချင်တာတွေကို ပြောချင်တိုင်းပြောလိုမရသလို လူတိုင်းက ကိုယ့်အပေါ်မှာ မစစ်မှန်ကြပါဘူး။
ကျွန်တော်က ငယ်ငယ်တည်းက အခြားမြိုတွေ အရမ်းပြောင်းချင်စိတ်ရှိခဲ့တယ်။ တကယ်တော့ လက်တွေ့မှာ ပြောင်းရတဲ့အခါ ရောက်ခါစလောက်သာပျော်တတ်ပြီး နေရာတိုင်းကို ဒီနေရာလေးက တို့မြို့ရဲ့ ဘယ်နေရာလေးနဲ့တူတယ်။ ဒီနေရာလေးက အိမ်နားကလရဘယ်နေရာလေးနဲ့တူတယ် စသည်ဖြင့် မွေးရပ်မြေလေးကို လွမ်းနေတတ်ပါတယ်။ သူစိမ်းတွေရဲ့ မွေးရပ်မြေက ကိုယ့်မွေးရပ်မြေမဖြစ်လာနိုင်ပါဘူး။
တကယ်တော့လေ မိသားစုဆိုတာ ရေစက်ပါတဲ့သူတွေထဲမှာမှ ရေစက်အပါဆုံးလူတွေ Soul familyတွေပါ။ ကျွန်တော်ကတော့ မိသားစုနဲ့နေရတဲ့ အချိန်မိသားစုဝင်တွေအားလုံးကို တန်ဖိုးထားခဲ့သလို အရွယ်ရောက်လာတာနဲ့အမျှ ကောင်းတဲ့အမှတ်တရတွေ ပိုပိုပြီးဖန်တီးဖြစ်ခဲ့ပါတယ်။
သူစိမ်းတွေနဲ့နေရတဲ့ဘဝက မလုံခြုံနိုင်ပါဘူး။ ကိုယ့်အပေါ် မဖြူစင်နိုင်ပါဘူး။ ကိုယ့်အပေါ် ၁၀၀% မကောင်းနိုင်ပါဘူး။ ကျွန်တော်ကတော့ မိသားစုရဲ့ တန်ဖိုးကို သူစိမ်းတွေနဲ့ နေရတဲ့အခါမှသာ ပိုပြီးသိလာရတာပါ။
ဒါကြောင့် အခုကိုယ်က မိသားစုနဲ့ နေနေရတယ်ဆို ပြဿနာတွေရှိရင်လည်း နားလည်အောင်ဖြေရှင်းကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေပိုပေးပါ။ မိသားစုကသာ သင့်အပေါ်မှာ အဖြူစင်ဆုံး လူသားတွေပါ။
Keep Reading